ဒီတိုက်ပွဲမှာ အနိုင်ရဖို့ဆိုရင်

23-3-2020-yyl-030.jpg

COVID-19 ကူးစက်ပျံ့နှံ့မှု မြင့်မားနေတဲ့ နိုင်ငံတွေကနေ ပြန်ရောက်လာသူတွေကို အသွားအလာကန့်သတ်ပြီး စောင့်ကြပ်ကြည့်ရှုမှု (Quarantine)လုပ်ရာမှာ လိုအပ်ချက်တွေ ရှိနေတယ်ဆိုပြီး ဝေဖန်ထောက်ပြထားတဲ့ပို့စ်တွေ လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။ ရောဂါလက္ခဏာမပြပေမဲ့ ကူးစက်ရောဂါပိုး ရှိနေနိုင်သူတွေကို အချိန်အတိုင်းအတာတစ်ခုအထိ နေရာတစ်ခုမှာ ခွဲထားပြီး စောင့်ကြပ်ကြည့်ရှုမှုကို Quarantine လုပ်တယ်လို့ ခေါ်ပါတယ်။ Quarantine လုပ်ရတဲ့ အဓိကရည်ရွယ်ချက်ကတော့ ရောဂါမပြန့်ပွားရေးပါပဲ။ အဲဒါကြောင့် ရောဂါ ရှိ၊ မရှိ တိတိကျကျ သိရတဲ့အချိန်အထိ ခွဲနေခိုင်းတာပါ။ COVID-19 ရဲ့ ရောဂါပျိုးချိန်ကာလက အနည်းဆုံး (၂)ရက်ကနေ (၁၄)ရက်အထိ ကြာမြင့်လို့ WHO ကတော့ ရောဂါရှိလူနာနဲ့ နောက်ဆုံးထိတွေ့မိခဲ့တဲ့ အချိန်ကနေ ၁၄ ရက်ကြာတဲ့အထိ Quarantine လုပ်ရမယ်လို့ လမ်းညွှန်ထားပါတယ်။ (၁၄)ရက်ပြည့်ပြီးချိန်မှာ ရောဂါမတွေ့ရရင်တော့ Quarantine လုပ်စရာမလိုတော့ပါဘူး။

Quarantine လုပ်ရာမှာ ကိုယ့်အိမ်မှာကိုယ် အသွားအလာကန့်သတ်နေထိုင်တဲ့ပုံစံ (Home Quarantine)နဲ့ သတ်မှတ်ပေးထားတဲ့ နေရာမှာ အသွားအလာ ကန့်သတ်နေထိုင်တဲ့ပုံစံဆိုပြီး ရှိပါတယ်။ အစောပိုင်းမှာ ပြည်ပကနေ ပြန်ရောက်လာသူတွေကို သတ်မှတ်ထားတဲ့ နေရာတွေမှာ Quarantine လုပ်ခဲ့ပေမဲ့ ထိုင်းနိုင်ငံကနေ လူအလုံးအရင်းလိုက် ပြန်ဝင်လာချိန်မှာတော့ ဒီလူအားလုံးကို သတ်မှတ်နေရာတွေမှာ Quarantine လုပ်ဖို့ အခက်အခဲရှိလို့ သူတို့ရဲ့အိမ်တွေမှာပဲ Quarantine လုပ်မယ်လို့ ဆိုပါတယ်။

သတ်မှတ်နေရာတွေမှာ Quarantine လုပ်မယ်ဆိုရင် သူတို့အားလုံးကို လေဝင်လေထွက်ကောင်းပြီး သန့်ရှင်းတဲ့နေရာမှာ ထားဖို့ လိုပါတယ်။ လူတစ်ဦးနဲ့တစ်ဦး ထိတွေ့မှုမရှိစေဖို့အတွက် အနည်းဆုံး သုံးပေအကွာမှာ ထားဖို့လိုပါတယ်။ Quarantine နေရာမှာ ရောဂါပြန့်ပွားမှုမဖြစ်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ WHO က Social Distance လုပ်ခိုင်းတာပါ။ တချို့တွေကတော့ Quarantine လုပ်တဲ့နေရာမှာ နှာခေါင်းစည်းတွေ မပေးဘူး၊ Social Distance လုပ်တာမျိုးမရှိဘူး၊ အိမ်သာတွေ၊ ရေချိုးခန်းတွေက အဆင်မပြေဘူးလို့ ဆိုပါတယ်။ လူ ၂၀ ယောက် နေရတဲ့နေရာမှာ အိမ်သာ ၂ လုံးကို မျှသုံးနေရတယ်လို့ ဆိုပါတယ်။

တချို့တွေကလည်း မြန်မာနိုင်ငံလို ကျန်းမာရေး Resource နည်းပါးတဲ့ နိုင်ငံတစ်နိုင်ငံက Quarantine နေရာတွေကို ဒီလောက် ကောင်းကောင်းမွန်မွန် လုပ်ပေးထားတာ ကျေနပ်မိပါတယ်လို့ ဆိုကြပါတယ်။ အဆင်ပြေတယ်၊ အဆင်မပြေဘူးဆိုတာကတော့ ပုဂ္ဂလိကအမြင်တွေပါပဲ။ တချို့တွေက ခြိုးခြိုးခြံခြံ နေတတ်ပေမဲ့ တချို့တွေကျပြန်တော့လည်း ကြယ်ငါးပွင့်ဟိုတယ် ဝန်ဆောင်မှုနဲ့တောင် မတင်းတိမ်နိုင်တာမျိုးမလား။ အဆင်ပြေတယ်၊ အဆင်မပြေဘူးဆိုတာထက် WHO ရဲ့ လမ်းညွှန်ချက်တွေနဲ့ ကိုက်ညီလား၊ မကိုက်ညီဘူးလားဆိုတာက ပိုအရေးကြီးတဲ့ကိစ္စပါ။

လူမှုကွန်ရက်ပေါ်က ပို့စ်တစ်ခုမှာတော့ Quarantine လုပ်တဲ့နေရာမှာ Negative(ရောဂါပိုးမရှိ) ရလဒ်ထွက်ထားသူတွေကိုရော၊ ဆေးစစ်ချက်အဖြေ မထွက်သေးသူတွေကိုရော ရေချိုးခန်း၊ အိမ်သာ၊ ဘေစင် အတူတူသုံးခွင့်ပေးထားတယ်လို့ တွေ့ရပါတယ်။ အဲဒီအချက်ကတော့ စိုးရိမ်စရာရှိပါတယ်။ တကယ်ဆိုရင် Negative သမားတွေကို သပ်သပ်၊ ဆေးစစ်ချက်အဖြေမထွက်သေးသူတွေကို သပ်သပ် ခွဲခြားအသုံးပြုခိုင်းသင့်ပါတယ်။

နောက်တစ်ချက်ကတော့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ထိုင်းနိုင်ငံနယ်စပ်ကနေ အလုံးအရင်းလိုက် ဝင်ရောက်လာသူတွေကို သူတို့အိမ်တွေမှာ Quarantine လုပ်ခိုင်းမယ်ဆိုတဲ့ကိစ္စပါ။ အိမ်မှာ Quarantine လုပ်ခိုင်းမယ်ဆိုရင် မဖြစ်မနေ လိုက်နာရမယ့် အဲဒီစည်းမျဉ်းကို ဥပဒေအရ ခိုင်မာမှုအားကောင်းအောင် Enforce လုပ်ဖို့ လိုအပ်ပါတယ်။ သူတို့တွေက ဘယ်လို စောင့်ကြပ်မှာလဲ။ ဘယ်သူတွေက စောင့်ကြည့်မှာလဲ။ ဆယ်အိမ်စုအဆင့်၊ လမ်းတစ်လမ်းချင်းစီအဆင့်၊ ရပ်/ကျေးအဆင့်တွေမှာ ဘယ်လိုပြင်ဆင်ထားလဲ။ တကယ်လို့ Quarantine ကို မလိုက်နာခဲ့ရင် ဘယ်လိုအရေးယူမလဲဆိုတဲ့အချက်တွေက အသင့်ဖြစ်နေဖို့ လိုပါပြီ။ ကျန်းမာရေးဝန်ထမ်းတွေက Frone Line မှာ နေ့မနား၊ ညမနား တာဝန်ထမ်းဆောင်နေသလို နောက်ကွယ်ကနေ ပံ့ပိုးသူတွေကလည်း လိုအပ်တဲ့ ပြင်ဆင်မှုတွေ လုပ်ထားနိုင်မယ်ဆိုရင်တော့ ဒီတိုက်ပွဲမှာ ကျွန်တော်တို့ အနိုင်ရမှာပါ။

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top