ခြေသည်းမှိုစွဲခြင်း မှ ကာကွယ်ခြင်း

womens-tired-ankles-with-clasped-fingers-and-P9WFW59.jpg

ခြေသည်း မှိုစွဲခြင်းဟာ ခြေသည်းပုံပျက်စေတဲ့ အခြေအနေတစ်ခုလည်း ဖြစ်တယ်။ ကံဆိုးစွာနဲ့ပဲ ခြေသည်း မှိုစွဲခြင်းဟာ သူ့အလိုလို ပျောက်မသွားတတ်ပါဘူး။ ကုသလျှင် လွယ်ကူစွာ မပျောက်တတ်ဘဲ မကုသဘဲထားပါက ပိုမိုဆိုးရွားသော အခြေအနေတွေလည်း ဖြစ်လာစေနိုင်တာကြောင့် ကာကွယ်ခြင်းက အကောင်းဆုံး ဖြစ်ပါတယ်။

ခြေထောက်ဆေးပါ၊ ပြီးရင် ခြောက်အောင်သုတ်ပါ

နေ့စဉ်ခြေထောက်တွေကို ရေနွေးနွေးလေးနဲ့ ဆပ်ပြာနဲ့ ဆေးပေးသင့်တဲ့အပြင် ခြောက်သွေ့အောင် အဝတ်သန့်သန့်နဲ့ သုတ်ပေးဖို့လည်း လိုပါတယ်။ သုတ်တဲ့အခါ ခြေချောင်းလေးတွေ ကြားထဲက နေရာကိုလည်း မမေ့ပါနဲ့ဦး။

လူထူထူမှာ ခြေဗလာနဲ့ မလျှောက်ပါနဲ့

ခြေသည်း မှိုစွဲခြင်းဟာ ကူးနိုင်တာကြောင့် အပြင်ထွက်အခါ ဖိနပ်စီးသင့်ပြီး၊ အများသုံး ရေကူးကန်ရောက်ရင်တောင် ရေချိုးစီး ဖိနပ်မျိုး ဆောင်ထားသင့်ပါတယ်။

ချွေးကောင်းကောင်း စုပ်နိုင်သော ခြေအိတ်ဝတ်ပါ

ရှူးဖိနပ်စီးရသူတွေမှာ ချွေးကောင်းကောင်း စုပ်နိုင်သော ခြေအိတ်သာ ဝတ်သင့်ပါတယ်။ နိုင်လွန်၊ သိုးမွေး၊ polypropylene စသည့်ချည်တွေဟာ စိုထိုင်းမှုကို အမြန်စုပ်ယူနိုင်ပါတယ်။ ခြေအိတ်ကို နေ့စဉ်လဲသင့်သလို ချွေးများများ ထွက်နေပါကလည်း တတ်နိုင်သလောက် ချက်ချင်းလဲပါ။ တစ်ရက်ကို တစ်စုံထက် ပိုပြီးလည်း သုံးနိုင်တယ်။

သင့်တင့်လျောက်ပတ်သော ဖိနပ်စီးပါ

မှိုတွေဟာ ပူနွေး စိုစွတ်တဲ့ နေရာတွေမှာ နေတာကြောင့် ဖိနပ်တွေဟာ အရေးပါပါတယ်။ ကောင်းကောင်းတော်ပြီး ခြေချောင်းလေးတွေအတွက် နေရာ အလုံအလောက်ရမယ့် ဖိနပ်မျိုးရွေးပါ။ ဖိနပ်သားကိုလည်း အလေးပေးသင့်တယ်။ သားရေသားဟာ အသင့်တော်ဆုံး ဖြစ်ပြီး ရှူးဖိနပ်တွေထက်စာရင် ခြေချောင်းလေးတွေကို လွှတ်ထားတတ်တဲ့ ကြိုသိုင်းဖိနပ်တွေက ပိုကောင်းပါလိမ့်မယ်။

ပေါင်ဒါမှုန့်သုံးပါ

ခြေထောက်ဆေးပြီး သုတ်ပြီးတဲ့အခါ မှိုအန္တရာယ်ကာကွယ်ပေးတဲ့ ပေါင်ဒါမျိုး လိမ်းပေးပါ။ ဆေးပေါင်ဒါဟာ အကောင်းဆုံးဖြစ်ပြီး ထိုပေါင်ဒါမျိုးကို ဆေးဘက်ဆိုင်ရာ စတိုးဆိုင်တွေမှာ ဝယ်ယူရရှိနိုင်ပါတယ်။

ပဝါ၊ ခြေအိတ် မျှဝေမသုံးပါနဲ့

မှိုပိုး ကူးနိုင်တာကြောင့် ပဝါတွေ၊ ခြေအိတ်တွေ မျှဝေသုံးစွဲခြင်းဟာ မှိုစွဲနိုင်ချေ ပိုများစေပါတယ်။ တကယ်တော့ တစ်ကိုယ်ရည်သုံးပစ္စည်းတိုင်းကို မျှဝေ မသုံးစွဲသင့်တာပါ။

ခြေသည်း ပုံမှန်ညှပ်ပါ

ခြေသည်းတွေကို တိုတိုနဲ့ ခြောက်သွေ့နေအောင်ထားပါ။ ခြေစွယ် မငုတ်စေရန် ခြေသည်း ပုံမှန်ညှပ်ပါ။ ဒါပေမယ့် အရမ်းတိုအောင်လည်း မညှပ်ပစ်ပါနဲ့။ ခြေသည်း သို့မဟုတ် ဘေးမှအရေပြားကို မထိုးဆွပါနှင့်။

ခြေသည်းညှပ်ကို သန့်ရှင်းအောင်ထားပါ

ခြေသည်းညှပ်နှင့် အခြားကိရိယာများကို အသုံးပြုပြီး တိုင်း သန့်ရှင်းပေးပါ။ သန့်ရှင်းရာတွင် ရေထက် အရက်ပြန်က ပိုကောင်းပါတယ်။ ထို့အပြင် တစ်ပါးသူများနှင့် မျှဝေသုံးစွဲမှုလည်း မပြုပါနဲ့။

ခြေသည်းဆိုးဆေးတွေ မသုံးပါနဲ့

ခြေသည်းဆိုးဆေးတွေဟာ ခြေသည်းတွေကို လှစေတာမှန်ပေမယ့် ခြေသည်းစိုထိုင်းပြီး မှိုပေါက်မှုကိုအားပေးပါတယ်။

ခြေသည်း အလှပြင်ဆိုင် အရွေးမှန်ပါစေ

ခြေသည်းတွေကို ဆိုင်မှာ သန့်စင်ချင်တယ်ဆိုရင်တော့ လိုင်စင်ရပြီးသား ဆိုင်သန့်သန့်ကို ရွေးသင့်ပါတယ်။ မိမိကိုယ်ပိုင် ခြေသည်းညှပ်ကိရိယာများ ယူသွားနိုင်ပါတယ်။ ဆိုင်မှပစ္စည်းများ အသုံးပြုမည် ဆိုပါကလည်း သန့်စင် ပိုးသတ်ပြီးသား ဖြစ်ပါစေ။

ခြေထောက်တွေကို သတိထားစစ်ဆေးနေပါ

ခြေထောက်တွေ အထူးသဖြင့် ခြေသည်းတွေကို သတိထား စစ်ဆေးနေပါ။ ခြေသည်း အရောင်ပြောင်းတာမျိုး၊ ပုံစံပြောင်းတာမျိုး မူမမှန်တာတွေ့ရင် ဆရာဝန်ပြသင့်ပါတယ်။ ခြေသည်းမဟုတ်ဘဲ ခြေထောက်မှာ ရောဂါပိုး တစ်ခုခုဝင်တယ်ထင်ရင်လည်း ဆရာဝန်နဲ့ ဆွေးနွေးသင့်ပါတယ်။ ထိုမှတဆင့် ခြေသည်းကိုပါ ပိုးဝင်သွားနိုင်လို့ပါ။

ကာကွယ်ခြင်းဟာကုသခြင်းထက် ကောင်းပါတယ်။ ဒီနေရာမှာ ခြေသည်း မှိုမတက်အောင် ကာကွယ်ခြင်းဟာ ကုသခြင်းထက် အများကြီးပို ရိုးရှင်းပါတယ်။ ဒါကြောင့် သင့်ခြေသည်းလေးတွေကို သတိထားပြီး ဂရုတစိုက် ပုံမှန်စစ်ဆေးနေသင့်ပါတယ်။

ရေးသားသူ Dr.Aye Myat Myat Noe

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top