မပေါ့ဆသင့်တဲ့ လည်ပင်းနာ (Sorethroat, Strep Throat)

senior-doctor-examining-a-senior-woman-in-office-PV9E56D.jpg

အအေးမိ၊ တုပ်ကွေးနဲ့အတူ တွဲဖက်ဖြစ်နေကျ လက္ခဏာ တစ်ခုကတော့ လည်ပင်းနာခြင်း ပြဿနာပါ။ အများစုကတော့ ငုံဆေးလေးငုံ၊ ဆားရည်လေးနဲ့ အာလုတ်ကျင်းလိုက်ရင် ကောင်းသွားမှာလို့ လွယ်လွယ် တွေးတတ်ကြပေမယ့် လည်ပင်းနာခြင်း နောက်ကွယ်မှာ သင်မသိသေးတဲ့ ကြီးမားတဲ့ အန္တရာယ်တွေ ရှိလာနိုင်ပါတယ်။ ဆက်ဖတ်ကြည့်လိုက်ပါဦး….

လည်ပင်းနာခြင်း (၂) မျိုးရှိပါတယ်။ (1) ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တဲ့ လည်ပင်းနာခြင်းနဲ့ (2) ဘက်တီးရီးယားပိုးကြောင့်ဖြစ်တဲ့ လည်ပင်းနာခြင်းတွေပါ။

ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တဲ့ လည်ပင်းနာခြင်း

ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ လည်ပင်းနာခြင်းကတော့ ဘက်တီးရီးယားပိုးကြောင့်ဖြစ်တဲ့ လည်ပင်းနာခြင်းလောက် မဆိုးရွားသလို နောက်ဆက်တွဲ ပြဿနာလည်း ကြီးကြီးမားမား မရှိလှပါဘူး။ ဒါပေမဲ့ ဗိုင်းရပ်စ်တို့ရဲ့ သဘာဝအတိုင်း တစ်ပတ်လောက်ကြာမယ်၊ နှစ်ပတ်လောက်ထိ အသံဝင်နိုင်ပါတယ်။ အာခေါင်ခြောက်တာ၊ စပ်တာတွေပါ တွဲဖြစ်နိုင်မယ်။ ဗိုင်းရပ်စ်ကြောင့် ဖြစ်တာမို့ ဘက်တီးရီးယားပိုးတွေကိုသတ်တဲ့ ပိုးသတ်ဆေးသောက်လည်း ထူးခြားမလာပါဘူး။ ဗိုင်းရပ်စ်ပိုးရဲ့ အခြား လက္ခဏာတွေဖြစ်တဲ့ နှာရည်ယို၊ မျက်ရည်ပူကျ ၊ နှာချေ၊ ဖျားခြင်းများနဲ့ တွဲဖြစ်နိုင်ပါတယ်။ တစ်ပတ်လောက် ကြာပြီးရင်တော့ တဖြည်းဖြည်း ပြန်ကောင်းလာပါလိမ့်မယ်။ နောက်ဆက်တွဲ ဆိုးကျိုး ကြီးကြီးမားမားတော့ မရှိလှပါဘူး။

ဘက်တီးရီးယားပိုးကြောင့်ဖြစ်တဲ့ လည်ပင်းနာခြင်း

ဗိုင်းရပ်စ်နဲ့စာရင် လည်ပင်းနာတာ ပိုဆိုးပါတယ်။ အစားစားတဲ့အခါ၊ တံတွေးမျိုချတဲ့အခါ မျိုရခက်တာ၊ နာကျင်တာမျိုးမှ အဆိုးဆုံးအနေနဲ့က ရေတောင် မျိုချလို့ မရတော့တဲ့ထိ နာကျင် ခံစားရနိုင်ပါတယ်။ အာခေါင်ထဲ ကြည့်မယ်ဆိုရင်လည်း နီရဲခြင်းအပြင် အဖြူရောင် အဖတ်အဖတ်ကလေးတွေ၊ပြည်ဖုလေးတွေ၊ အနီစက်လေးတွေပါ တွေ့နိုင်ပါတယ်။ အချို့ လူနာတွေမှာ လည်ပင်း အကျိတ်တွေပါ ယောင်ရမ်းလာခြင်း၊ အဖျားကြီးခြင်းတွေ တွဲဖြစ်နိုင်ပါတယ်။

ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ လည်ပင်းနာခြင်းဟာလည်း ပိုးသတ်ဆေး မသောက်ရင်တောင်မှ အချိန်တန်ရင် သူ့အလိုလို ပြန်ကောင်းသွားတတ်ပေမယ့်….သတိပြုစရာ တစ်ချက်ကတော့ လေးဘက်နာ ဖြစ်ပါတယ်။ လည်ပင်းနာ ကောင်းသွားပေမဲ့ အဆိုပါ လည်ပင်းနာခြင်း ဖြစ်ပေါ်စေတဲ့ ဗိုင်းရပ်စ်ပိုးဟာ ခန္ဓာကိုယ်ထဲ ကျန်နေခဲ့ပြီး နောက်ဆက်တွဲ ဆိုးကျိုးအနေနဲ့ လေးဘက်နာရောဂါ ဖြစ်ပွားစေနိုင်တာပါ။

လေးဘက်နာရောဂါဆိုတာက အဆစ်အမြစ် ကိုက်ခဲခြင်းအပြင် နှလုံးအဆို့ရှင် ထိခိုက် ပျက်စီးစေတဲ့အထိ ဒုက္ခပေးတတ်တာမို့..မပေါ့ဆသင့်ပါဘူး….လိုအပ်တဲ့ ပိုးသတ်ဆေးကို ဆေးပတ်လည်တဲ့အထိ စနစ်တကျ သောက်သုံးပေးဖို့ လိုအပ်ပါတယ်။

လည်ပင်းနာတယ်ဆိုတာက ဖြစ်နေကျ ဝေဒနာဖြစ်ပြီး အချိန်တန် သူ့အလိုလို ကောင်းသွားမယ့် ပြဿနာရယ်လို့ ပေါ့ပေါ့တန်တန် သဘောမထားသင့်ဘဲ ဆရာဝန်ဆီမှာ စနစ်တကျပြသပြီး ညွှန်ကြားတဲ့ ကုသမှုကို ဂရုတစိုက်အလေးထား ခံယူသင့်ပါကြောင်း……

မေ – ဆေး ၂ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top