လူတော်တော်များများက ရုပ်ခန္ဓာကျန်းမာရေးကို အလေးပေးပြီး စိတ်ကိုတော့ လျစ်လျူရှုထားတတ်ကြပါတယ်။ တကယ်တမ်း လူတစ်ယောက် ကျန်းမာပျော်ရွှင်နေဖို့ စိတ်ရော ခန္ဓာ ၂မျိုးလုံး ကျန်းမာနေမှ ဖြစ်မှာပါ။ ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ ဆိုတဲ့ စကားပုံအတိုင်းပဲ၊ ရုပ်ခန္ဓာကျန်းမာခြင်းနဲ့ စိတ်ပျော်ရွှင်ခြင်းဟာ တစ်ဦးပေါ် တစ်ဦး မှီခိုနေပြီး တစ်ခုခုမှာ လွဲချော်သွားပြီဆိုတာနဲ့ အရာရာဟာ ပြိုလဲသွားဖို့သာ ရှိပါတော့တယ်။
ကြောက်စိတ်ဟာ အဲ့လောက် ကြောက်ဖို့ ကောင်းလား။
ကြောက်စိတ်ဖြစ်ပေါ်ရခြင်း အကြောင်းရင်းတွေ အများကြီးရှိနိုင်ပါတယ်။ တချို့ကျတော့လည်း မွေးကတည်းက ပါလာတယ်၊ တချို့ကျတော့ စိတ်ထိခိုက်မှုတစ်စုံတစ်ရာကြောင့် ဥပမာ- အသက်အန္တရာယ်ဘေး ကြုံခဲ့ရတာ၊ စိတ်ခြောက်ခြားဖွယ်ရာ အဖြစ်အပျက်မျိုး ရင်ဆိုင်ခဲ့ရတာ၊ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ အနိုင်ကျင့်စော်ကားခံရတာ၊ ကလေးဘဝက စိတ်ဒဏ်ရာတွေ စတာတွေကြောင့် ကြောက်စိတ်ဖြစ်ပေါ်လာနိုင်ပါတယ်။
ပုံမှန်အားဖြင့် လူတိုင်းမှာ ကြောက်စိတ်အနည်းဆုံး တစ်ခုရှိနေတတ်ပါတယ်။ ဒါက စိတ်ပူစရာမဟုတ်ပါဘူး။ အဲ့ထက် ပိုပြီးကြောက်ရွံ့ခြင်းကနေ စိုးရိမ်ပူပန်ခြင်းနဲ့ ထိတ်လန့်တုပ်လှုပ်ခြင်းဘက်ကို ရောက်လာတဲ့အခါ ပြဿနာရှိနိုင်ပါတယ်။ လူတစ်ယောက်က အတိုင်းအဆတစ်ခုထက် ပိုပြီး ကြောက်ရွံ့ထိတ်လန့်သွားတဲ့အခါ အသိစိတ်လွတ်ထွက်သွားပါတယ်။ ကိုယ့်ရဲ့ စိတ်ကို ထိန်းချုပ်ပဲ့ကိုင်ဖို့ အထိန်းအကွပ်မဲ့သွားတာနဲ့ လူတွေက ထင်ရာလုပ်တော့တာပါပဲ။
ကြောက်စိတ်ရဲ့ နောက်မှာ ဘာတွေလိုက်ပါလာလဲ။
ယေဘုယျအားဖြင့် ကြောက်စိတ်ကြောင့် နောက်ဆက်တွဲ ဖြစ်လာနိုင်တဲ့ အခြေအနေတွေထဲမှာ ပြင်းထန်တဲ့အခြေအနေ၊ အသိစိတ်ဟာ ကိုယ်ထောင်ထားတဲ့ ထောင်ထဲမှာ ပိတ်မိတဲ့ အခြေအနေဆိုပြီးတော့လည်း ခွဲလို့ရပါတယ်။
၁။ ပြင်းထန်လွန်းတဲ့ အခြေအနေမှာ ကြောက်စိတ်လွန်သွားလို့ ကိုယ့်ကိုယ်ကိုယ် သို့မဟုတ် တခြားတစ်ယောက်ယောက်ကို ကိုယ်ထိလက်ရောက်စော်ကားမိတာ၊ အသက်အန္တရာယ်ဖြစ်စေအောင် ပြုမူတာမျိုးတွေ၊ ကိုယ်ပုံမှန်ပြုမူလေ့မရှိတဲ့ အရာတွေလုပ်မိတာ၊ ကိုယ်သည်းခံခဲ့သမျှ မျိုသိပ်ခဲ့သမျှ အရာတွေ ဖွင့်ထုတ်ပစ်လိုက်တာ၊ စိတ်လိုက်မာန်ပါ ဖြစ်ချင်ရာဖြစ်ဆိုပြီး လုပ်လိုက်တာမျိုး ဖြစ်နိုင်ပါတယ်။
၂။ အဲ့လိုမဟုတ်ဘဲ သူနဲ့ လုံးဝငြိမ်ကျသွားတဲ့အခြေအနေမျိုး ဥပမာ ကိုယ်ကြောက်နေတဲ့ အရာတစ်ခု၊ အဲ့ကနေ နောက်ဆက်တွဲ ဆင့်ကဲဆင့်ကဲ အတွေးတွေ ဝင်လာပြီး လူက ဘာဆိုဘာမှ မလုပ်နိုင်တော့တာ၊ အိပ်ရာထဲလဲပြီး မစားနိုင် မသောက်နိုင်ဖြစ်သွားတာ၊ ဘာမှ မလုပ်ချင်မကိုင်ချင်တော့ဘဲ လူက ငူငူငိုင်ငိုင်ကြီး ဖြစ်နေတာ၊ နောက်ဆက်တွဲ စိတ်ကျရောဂါ (Depression) စိုးရိမ်ပူပန်လွန်ကဲ စိတ်ဝေဒနာ (Anxiety) အထိတ်တလန့်လွန် အမူအရာ (Panic Attack) စတာတွေ ဖြစ်နိုင်ပါတယ်။
စိတ်နဲ့ ခန္ဓာ ကျန်းမာဖို့ ဘာကြောင့် လိုအပ်တာလဲ။
နားလည်အောင် အလွယ်ပြောပြရမယ်ဆိုရင် ကိုယ်ခန္ဓာသည် ကျွန်တော်တို့ရဲ့ တစ်နေ့တာလုပ်ဆောင်ချက်တွေ (ကျန်းမာစေဖို့၊ အစာစားနိုင်ဖို့၊ အလုပ်လုပ်နိုင်ဖို့ အစရှိသဖြင့်) ကို စွမ်းစွမ်းတမံ လုပ်ဆောင်ပေးနေတဲ့ စက်ယန္တရားတစ်ခုပါ။ စိတ်ဆိုတာကတော့ ဒီစက်ယန္တရားကို အလုပ်လုပ်နိုင်စေဖို့ ကူညီအားဖြည့်ပေးတဲ့ လောင်စာဆီပေါ့။ စိတ်က ကျန်းမာနေမှ ခန္ဓာကိုယ်က အလုပ်လုပ်ဖို့ ခွန်အားရှိမယ်။ ခန္ဓာကိုယ်က ကောင်းကောင်းအလုပ်လုပ်နိုင်မှ အစစအရာရာ အဆင်ပြေပြီး စိတ်ချမ်းသာခြင်းကို ဖြစ်စေတယ်။ စိတ်ချမ်းသာလေ၊ လူက ကျန်းမာလေ၊ အလုပ်ပိုလုပ်နိုင်လေ၊ ဘဝအဆင်ပြေလေပါပဲ။
ရောဂါနဲ့ ကြောက်စိတ်
အပေါ်မှာ ကြောက်စိတ်ကနေ ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ပြောပြီးသွားပြီဆိုတော့ ရောဂါနဲ့ဆက်စပ်လို့ ရှင်းပြပေးချင်ပါတယ်။ အခု လတ်တလော ဟော့ဖြစ်နေတဲ့ ကျန်းမာရေးပြဿနာကတော့ ဝူဟန်ဗိုင်းရပ်စ် (သို့မဟုတ် ကိုရိုနာအဆုတ်ရောင်ဗိုင်းရပ်စ်) ပါပဲ။ အရင်တုန်းကလည်း သူ့လိုပဲ အလားတူ ဆားစ်ရောဂါနဲ့ မားစ်ရောဂါဆိုပြီး ဖြစ်ခဲ့တယ်။ လူတွေ ထောင်ပေါင်းများစွာ ကူးစက်ခံခဲ့ရပြီး ဝေဒနာခံစားခဲ့ရတယ်၊ ရာပေါင်းများစွာ သေဆုံးပြီး မိသားစုတွေ ရင်ကွဲနာကျခဲ့ရတယ်။ ဒီဒဏ်ရာတွေဟာ အကင်းအရှင်းပျောက်ဖို့ ပြင်ဆင်နေတုန်းမှာပဲ နောက်ကပ်ရောဂါ အသစ်တစ်ခု ထပ်ပေါ်လာပြီဆိုတော့ ဘယ်သူက မကြောက်ဘဲနေပါ့မလဲ။ အဲ့လို ကြောက်ပြီဆိုတာနဲ့ ဒုက္ခကြီးကြီးရောက်ဖို့ ပိုလွယ်တော့တာပါပဲ။
လူတွေက ကြောက်ပြီဆိုရင် စိတ်ကို တည်ငြိမ်အောင် မထားနိုင်ကြတော့ဘူး၊ ဒီရောဂါ ငါ့ကိုမကူးအောင် ဘာတွေလုပ်ရမလဲ၊ ပြင်ဆင်ရမလဲ၊ ဘယ်လိုကာကွယ်ရမလဲဆိုတာ မတွေးကြံတော့ဘဲ ပူပန်သောကရောက်ရတယ်။ အဲ့တော့ ဘာကောင်းကျိုးရသွားလဲဆိုတော့ ဘာမှမရပါဘူး။ နောက်တစ်ခါ စိတ်က စိုးရိမ်ပူပန်နေတော့ အစာစားချင်စိတ်နည်းသွားမယ်၊ ညဘက်မှာ ကောင်းကောင်းအိပ်မပျော်တော့ဘဲ တွေးပူပြီး ငိုင်နေမယ်၊ ငါ့မှာသာ ဒီရောဂါလာဖြစ်ရင် ဘယ်လိုလုပ်ရမလဲဆိုတော့ အတွေးတွေ ခေါင်းထဲမှာ ပြည့်နှက်ပြီး ဘာကိုမှ မလုပ်ချင်မကိုင်ချင်တော့ဘူး။ အဲ့လိုဖြစ်လာတာနဲ့ ကျန်းမာရေးက ဆုတ်ယုတ်လာပြီး ကိုယ်ခံအားက ကျဆင်းလာမှာပါ။ ကိုယ်ခံအားကျပြီဆိုတာနဲ့ ဒီရောဂါပိုးက အရင်ဆုံး ကိုယ့်ဆီကူးဖို့ အရမ်းကို လွယ်သွားတော့မှာပါ။
ကူးပြီဆိုရင်လည်း ကိုယ်က နဂိုစိုးရိမ်ပူပန်ပြီး ကြောက်နေတတ်တော့ ဒီရောဂါအခံနဲ့ စိတ်ညစ်တာနဲ့ ရောပြီး မစားနိုင် မသောက်နိုင်ဖြစ်၊ နောက်ဆုံး ရောဂါထက် ကြောက်ရွံ့ခြင်းကြောင့်ပဲ ကိုယ့်ရဲ့ ဘဝကို အရှုံးပေးလိုက်ရမှာပါ။ အဲ့ဒါကြောင့် ဘယ်လိုအခြေအနေမှာမဆို ကြောက်စိတ်ကို မမွေးဖို့ အရမ်းလိုအပ်တယ်ဆိုတာကို ဒီဆောင်းပါးကနေ တစ်ဆင့် ဝေမျှပေးရခြင်းပဲ ဖြစ်ပါတယ်။
ဝူဟန်ပိုးဟာ လက်ရှိမှာ ကုသထိန်းချုပ်နိုင်တဲ့ ဆေးဝါးတွေ မရှိသေးတာမှန်ပေမဲ့ မကူးစက်နိုင်အောင် ကိုယ့်ဘက်က ကာကွယ်မှုတွေ၊ ပြင်ဆင်မှုတွေ လုပ်ပြီး ကိုယ့်ကျန်းမာရေးကို ဂရုစိုက်မယ်ဆိုရင် အရမ်းကြီးကြောက်နေစရာ မကောင်းတော့ပါဘူး။ လက်ရှိအခြေအနေအရလည်း စိုးရိမ်ပူပန်ရလောက်အောင် ပြင်းထန်နေတဲ့ အခြေအနေမဟုတ်တာကြောင့် ကြောက်စိတ်မွေးမယ့်အစား ကိုယ့်ကျန်းမာရေးကိုပဲ သေချာဂရုစိုက်ကြဖို့ ထပ်မံအကြံပေးလိုက်ပါတယ်နော်။
Ref : hellosayarwon
ရေးသားသူ Ye Myo Myat
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
Team (ရိုးရာလေး)