စာမေးပွဲမှာ အမှတ်တွေမဆုံးရှုံးစေဖို့နဲ့ အမှတ်များများရစေဖို့

law-student-exams.jpg

တက္ကသိုလ်ဝင်တန်းစာမေးပွဲဆိုတာ ဖြေဆိုမယ့်ကျောင်းသူကျောင်းသားတွေသာမက မိဘတွေကပါ စိတ်လှုပ်ရှားရင်ခုန်ရတဲ့ စာမေးပွဲဖြစ်ပါတယ်။ ဖြေဆိုတဲ့ကျောင်းသူကျောင်းသားတွေကလည်း မိမိရည်မှန်းချက်အတွက် ကြိုးစားဖြေဆိုကြသလို မိဘတွေကလည်း ကိုယ့်သားသမီး အမှတ်ကောင်းကောင်းနဲ့အောင်မြင်ရေး၊ တက္ကသိုလ်ကောင်းကောင်းတက်နိုင်ရေး အတွက် မျှော်မှန်းချက်များစွာထားရှိကြပါတယ်။ ကျက်ထားတဲ့စာမှန်သမျှ မမေ့မလျော့ဖြေဆိုနိုင်ဖို့နဲ့ စိတ်လှုပ်ရှားပြီး မလိုလားအပ်တဲ့ အမှားပြုလုပ်တတ်ခြင်းကို ရှောင်ကြဉ်နိုင်စေဖို့ သတိထားသင့်တဲ့အချက်အလက်တွေကို ဖော်ပြပေးလိုက်ပါရစေ။

ဖြေဆိုခွင့်ကတ်နဲ့ဖြေဆိုမယ့် စာရေးကိရိယာတွေကိုမမေ့ပါစေနဲ့
ဖြေဆိုမယ့်စာစစ်ဌာနမဝင်မီ ဖြေဆိုမယ့် ဘောပင်၊ ခဲတံ၊ ခဲဖျက်၊ ပေတံ အစရှိတဲ့ စာရေးကိရိယာပစ္စည်းတွေကို စစ်ဆေးသင့်ပါတယ်။အထဲရောက်မှ မပါလာတာကိုသိရင် စာမေးပွဲဖြေဆိုမှုအတွက် စိတ်အနှောက်အယှက်ဖြစ်ပေါ်စေနိုင်ပါတယ်။ ဖြေဆိုခွင့်ကတ်မှာပါဝင်တဲ့ မိမိခုံနံပါတ်ရှိရာဖြေဆိုခန်းကို ရှာဖွေပါ။ မတွေ့ရှိရင် တာဝန်ကျဆရာ ဆရာမတစ်ဦးဦးကို မေးမြန်းပါ။

စာမေးပွဲခန်းမထဲကို အချိန်အတိအကျဝင်ပါ
အခန်းထဲကို အချိန်မီဝင်ဖို့က အလွန်အရေးကြီးပါတယ်။ အကယ်၍ အကြောင်းတစ်ခုခုကြောင့်နောက်ကျခဲ့ရင် စိတ်ဖိစီးမှု၊ စိုးရိမ်မှုတွေဝင်ရောက်လာနိုင်ပြီး ကျက်မှတ်ပြီးသားစာတွေတောင် မေ့လျော့သွားစေနိုင်လို့ပါ။ စာတွေကို မမေ့လျော့တဲ့တိုင်အောင် ဖြေဆိုချိန်မလောက်ငှမှု ဖြစ်နိုင်တဲ့အတွက် စာမေးပွဲခန်းမထဲကို အချိန်တိတိကျကျ ရောက်နေသင့်ပါတယ်။

အချက်အလက်တွေစုံလင်အောင်ဖြည့်စွက်ပါ
ခုံနံပါတ်နဲ့ ဖြေဆိုမယ့်ဘာသာရပ်အမည်တွေကို ဂရုတစိုက်မှန်အောင်တပ်ပါ။ အကယ်၍ ရေးသားရာမှာ တစ်စုံတစ်ရာမှားယွင်းခဲ့ရင် ကိုယ့်သဘောနဲ့ပြင်တာမျိုးမလုပ်ပဲ အခန်းစောင့်ဆရာမကိုပြောပြီး ဆရာမရဲ့ပြင်ဆင်ခွင့်လက်မှတ်ကိုရယူပြီးမှ ပြင်ဆင်ပါ။

ပထမဦးစွာ မေးခွန်းကိုပြီးဆုံးသည်အထိဖတ်ပါ
စိတ်အေးအေးထားပြီး မေးခွန်းကိုအစအဆုံး သေချာနားလည်အောင်ဖတ်ပါ။ အပိုင်နိုင်ဆုံးဖြေဆိုနိုင်မယ့်အပိုဒ်တွေကို အမှတ်အသားလုပ်ထားပါ။ မေးခွန်းညွှန်ကြားချက်အတိုင်း ဘယ်အပိုင်းက ဘယ်နှပိုဒ်ဖြေပါ ဆိုတဲ့အတိုင်း ဂရုစိုက်ရွေးချယ်ပြီး ဖြေဆိုသင့်ပါတယ်။ မလိုအပ်ဘဲ ပိုဖြေထားခဲ့ရင် အမှတ်မရတဲ့အပြင် တခြားမေးခွန်းတွေအတွက်ပါ ဖြေဆိုချိန်နည်းပါးသွားပါလိမ့်မယ်။ မေးတာတခြား ဖြေတာတခြားမဖြစ်ရအောင် မေးခွန်းရဲ့ဆိုလိုရင်းကို သေချာသိအောင်လုပ်ပါ။

အမှတ်စဉ်သေချာတပ်ပါ
မိမိပိုင်နိုင်စွာဖြေဆိုနိုင်မယ့်အပိုဒ်ကို စတင်ဖြေဆိုနိုင်ပါတယ်။ ဒါပေမဲ့ အမှတ်စဉ် မှန်ကန်အောင်တပ်ပေးဖို့တော့လိုပါတယ်။ မေးခွန်းအပိုဒ်ခွဲ A,B,C,D (a) (b) (c) (d) အစရှိတဲ့ အမှတ်စဉ်တွေပါခဲ့ရင် မေးခွန်းပေါ်က အမှတ်စဉ်နဲ့ အဖြေလွှာပေါ်ကအမှတ်စဉ် တူညီဖို့ဂရုစိုက်ပါ။ လက်ရေးလက်သားရှင်းရှင်းလင်းလင်းနဲ့ ရေးသားဖြေဆိုပါ။ လက်ရေးမလှရင်နေပါစေ။ ရှင်းရှင်းလင်းလင်းနဲ့ စကားလုံးတွေကို ပီပီပြင်ပြင်ရေးသားဖြေဆိုပါ။ စာစစ်သူစိတ်အနှောက်အယှက်ဖြစ်အောင် မညီမညာ မသပ်မရပ်မဖြေဆိုဘဲ အမှတ်ပေးချင်စိတ်ပေါ်အောင် စနစ်တကျ သန့်သန့်ရှင်းရှင်းဖြေဆိုသင့်ပါတယ်။ လက်ရေးလက်သားကောင်းခြင်းနဲ့ သပ်သပ်ရပ်ရပ်ဖြေဆိုခြင်းတို့ဟာ မတော်တဆ အောင်မှတ်အနည်းငယ်လိုနေတဲ့အခါ အထောက်အကူပြုနိုင်တဲ့အချက်တွေပါ။ သပ်သပ်ရပ်ရပ်သန့်သန့်ရှင်းရှင်းနဲ့ လက်ရေးလက်သားကောင်းခြင်းဟာလည်း ဂုဏ်ထူးထွက်စေနိုင်တဲ့အရည်အချင်းတစ်ခုဖြစ်ပါတယ်။

အချိန်နဲ့ကိုက်ပြီးဖြေဆိုပါ
စာမေးပွဲဖြေဆိုရာမှာ ဘယ်လောက်အချိန်ကျန်သေးလဲ ဘယ်နှပုဒ်ဖြေဆိုဖို့ကျန်သေးလဲဆိုတာကို အချိန်နဲ့ကိုက်ထားသင့်ပါတယ်။ အချိန်လောက်ငဖို့နဲ့ စာပုဒ်ရေပြည့်အောင်ဖြေဆိုနိုင်ဖို့အတွက် ပိုင်ပိုင်နိုင်နိုင်ဖြေဆိုနိုင်ပြီး အမှတ်ရသေချာစေမယ့် အပုဒ်တွေကို ဦးစားပေးဖြေဆိုပါ။ စဉ်းစားဖြေဆိုရမယ့်အပုဒ်တွေကို အချိန်ဘယ်လောက်သုံးမယ်ဆိုတာ သေချာခွဲဝေသတ်မှတ်ဖြေဆိုသင့်ပါတယ်။

စစ်ဆေးဖို့အချိန်ချန်ပါ
အားလုံးဖြေဆိုပြီးရင် အဖြေလွှာစာအုပ်မအပ်မီ ခုံနံပါတ်၊ နံပါတ်စဉ်များ မှန် မမှန် သေချာစစ်ဆေးပါ။ ဖြေဆိုထားတဲ့အပိုဒ်ရေ မှန်ကန်မှု ရှိ မရှိ၊ အမှားပြင်ဆင်ထားတဲ့နေရာတွေနဲ့ စာလုံးပေါင်းသတ်ပုံတွေကို စစ်ဆေးပါ။ မိမိအနာဂတ်နဲ့ သက်ဆိုင်တဲ့စာမေးပွဲဖြစ်တဲ့အတွက် စစ်ဆေးတဲ့အခါမှာ ပြီးပြီးရော၊ အပေါ်ယံစစ်ဆေးတာမျိုးမဟုတ်ပဲ ဖြေဆိုချိန်ကျန်နေသေးသ၍ ထပ်တလဲလဲ သေသေချာချာစစ်ဆေးပြီးမှသာ အဖြေလွှာကို အခန်းစောင့်ဆရာမထံ အပ်နှံသင့်ပါတယ်။

၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကိုဖြေဆိုကြတော့မယ့် ကျောင်းသူ/ကျောင်းသား ညီငယ်၊ ညီမငယ်အားလုံး ကျက်မှတ်ထားသမျှ သင်ခန်းစာတွေအားလုံးကို မမေ့မလျော့ဖြေဆိုနိုင်ပြီး အောင်ပွဲဝင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

Paradise (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top