ထိုင်းဘက်ကနေ အလုပ်သမားတစ်သိန်းကျော် ပြန်လာမယ် တရားဝင်ရော၊ တရားမဝင်ရော လက်ခံသွားမယ်လို့ဆို

30-4-2020-yyl-012.jpg

ရန်ကုန် ဧပြီ ၃၀

မြန်မာနိုင်ငံကို ပြန်လာဖို့ စောင့်ဆိုင်းနေကြတဲ့ အလုပ်သမားတွေကို ဧပြီ ၃၀ ရက်နောက်ပိုင်းမှာ ပြန်လည်လက်ခံ ဆောင်ရွက်ပေးသွားတော့မှာ ဖြစ်ပါတယ်။အဲဒီလိုဆောင်ရွက်ရာမှာ မြန်မာနိုင်ငံသားဖြစ်ရင် တရားဝင်သွားရောက် လုပ်ကိုင်နေကြသူတွေဖြစ်စေ၊ တရားမဝင်သွားရောက် လုပ်ကိုင်နေကြသူတွေဖြစ်စေ အားလုံးကို လက်ခံသွားမယ်လို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။ ”မူဝါဒချထားပြီးသားပါ။ အားလုံးကို ပြန်လက်ခံသွားမယ်။ ကိုယ့်မိဘအိမ်လိုပါပဲ။ မိဘဆိုတာ သားသမီးတွေကို အဆင်ပြေသည်ဖြစ်စေ၊ အဆင်မပြေသည်ဖြစ်စေ လိုအပ်ရင် ကြိုဆိုရမှာပါပဲ”လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

အခုလို ပြန်လာဖို့ ပြင်ဆင်နေကြတဲ့ အလုပ်သမားတွေဟာ ထိုင်းနဲ့ မလေးရှားနိုင်ငံက အလုပ်သမားတွေ အများဆုံးဖြစ်ပြီးတော့ ခန့်မှန်းအားဖြင့် အလုပ်သမားစုစုပေါင်း တစ်သိန်းကျော် ပြန်လည်ဝင်ရောက်လာဖို့ရှိတယ်လို့ ၎င်းက ဆိုပါတယ်။ ”ထိုင်းဘက်ကနေ ပြန်လာဖို့ ပြင်ဆင်နေကြပြီ။ အစတုန်းက ငါးသောင်းနဲ့ ခုနှစ်သောင်းကြားမှာရှိမယ်လို့ ခန့်မှန်းထားတာ။ ဒါပေမဲ့ ရရှိတဲ့သတင်းတွေအရ တစ်သိန်းကျော်နိုင်တယ်”လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

အဲဒီအလုပ်သမားတွေဟာ ဧပြီလအစောပိုင်းကတည်းက ပြန်လာဖို့ ပြင်ဆင်နေကြတာဖြစ်ပေမယ့် အစိုးရရဲ့ တရားဝင်ပန်ကြားချက်ကို ပူးပေါင်းဆောင်ရွက်တဲ့အနေနဲ့ ဧပြီ ၃၀ ရက်နောက်ပိုင်းမှသာ ပြန်လာဖို့ စောင့်ဆိုင်းနေကြတာဖြစ်ပါတယ်။ အခုလိုပြန်လာကြမယ့် အလုပ်သမားတွေကို သူတို့နေထိုင်ရာဒေသမှာသာ Quarantine ထားရှိသွားမှာ ဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ အများကြီးပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။

KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top