Tesla ကုမ္ပဏီဝန်ထမ်းတွေအတွက် Elon Musk ရဲ့ အကြံပြုချက် (၇) ချက်

06DB-SORKIN2-facebookJumbo.jpg

ကမ္ဘာကျော် Space X နဲ့ Tesla ကုမ္ပဏီတို့ရဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်တဲ့ အသက် (၄၆) နှစ်အရွယ် အယ်လွန် မက်စ် (Elon Musk) ဟာ ဝန်ထမ်းတွေကို လွတ်လွတ်လပ်လပ်အလုပ်လုပ်စေလိုပြီး သူကိုယ်တိုင်ကလည်း လွတ်လပ်တဲ့အမြင်ရှိသူတစ်ဦးပါ။ မကြာသေးခင်ကပဲ Tesla ကုမ္ပဏီရဲ့ဝန်ထမ်းတွေကို ပိုပြီးအလုပ်တွင်အောင်လုပ်နိုင်စေမယ့် တိုက်တွန်းအကြံပြုချက် (၇) ခုကို အီလွန် မက်စ်က အီးမေးလ်ပေးပို့ခဲ့ပါတယ်။ မှတ်သားနည်းယူဖွယ် အချက်အလက်တွေဖြစ်တာမို့ အဲဒီအကြံပြုချက် (၇) ခုကို အခု ဖော်ပြပေးလိုက်ပါရစေ။

အယ်လွန် မက်စ် (Elon Musk) ဟာ ဝန်ထမ်းတွေကို လွတ်လွတ်လပ်လပ်အလုပ်လုပ်စေလိုပြီး သူကိုယ်တိုင်ကလည်း လွတ်လပ်တဲ့အမြင်ရှိသူတစ်ဦးပါ

၁။ အစည်းအဝေးကြီးတွေလုပ်တာက အချိန်ကုန်စေတယ်

“အထူးသဖြင့် ကုမ္ပဏီကြီးတွေမှာဖြစ်တတ်တဲ့ပြဿနာက အစည်းအဝေးကြီးတွေကို လူအများကြီးနဲ့ ခဏခဏလုပ်ကြတာပါပဲ။ အစည်းအဝေးတက်မယ့်သူတိုင်းအတွက် အကျိုးမရှိဘူးဆိုရင်တော့ ဒါမျိုးအစည်းအဝေးတွေလုံးဝမလုပ်တာမျိုး၊ လိုရင်းကိုပဲပြောတာမျိုးက ပိုအဆင်ပြေလိမ့်မယ်”

၂။ အရေးမကြီးဘဲနဲ့ အစည်းအဝေး ခဏခဏမလုပ်နဲ့

” အရေးပေါ်ပြဿနာမဟုတ်ဘူး၊ သိပ်ပြီးအရေးကြီးနေတာမဟုတ်ဘူးဆိုရင် အစည်းအဝေးအတွက် ခဏခဏမခေါ်သင့်ပါဘူး။ တကယ်လို့ အရေးပေါ်ပြဿနာဖြစ်တာကြောင့်ဆိုရင် အဖြေရှာလို့ပြီးတာနဲ့ အစည်းအဝေးထပ်ခေါ်တာမျိုးထပ်မလုပ်ပါနဲ့”

ကိုယ့်အတွက်လည်းအကျိုးမရှိဘူး၊ ကိုယ်ကလည်း အစည်းအဝေးမှာလိုအပ်မနေဘူးဆိုရင် ထထွက်သွားလိုက်တာက အကောင်းဆုံးပါပဲ

၃။ အစည်းအဝေးအကြောင်းအရာက ကိုယ့်အတွက်အကျိုးမရှိနိုင်ရင် ထထွက်သွားလိုက်ပါ

“ကိုယ့်အတွက်လည်းအကျိုးမရှိဘူး၊ ကိုယ်ကလည်း အစည်းအဝေးမှာလိုအပ်မနေဘူးဆိုရင် ထထွက်သွားလိုက်တာက အကောင်းဆုံးပါပဲ။ ဒါက ရိုင်းပျတာမဟုတ်ပါဘူး။ လူတစ်ယောက်ရဲ့အချိန်ကိုဖြုန်းတီးတာကမှ ရိုင်းပျတဲ့အပြုအမူပါ ”

၄။ အလုပ်နဲ့ပတ်သက်ပြီးစကားပြောတဲ့အခါ ဗန်းစကားတွေမသုံးပါနဲ့

” ကျွန်တော်တို့ တက်စ်လာကုမ္ပဏီမှာကတော့ လုပ်ငန်းစဉ်တွေ၊ ဆော့ဖ်ဝဲတွေနဲ့ပတ်သက်လာရင် အဓိပ္ပာယ်မရှိတဲ့အတိုကောက်စာလုံးတွေ၊ ဗန်းစကားတွေ မသုံးကြဖို့ ပြောထားပါတယ်။ အလုပ်နဲ့ပတ်သက်လာရင် နားလည်မှုနဲ့ ပြောဆိုဆက်သွယ်မှုက အရေးကြီးပါတယ်”

အလုပ်ပြီးဖို့လိုရင်းဖြစ်တဲ့အတွက် တင်ပြစရာတွေအဆင့်ဆင့်နဲ့ အချိန်နှောင့်နှေးတာမျိုး မလိုလားစရာတွေပါ

၅။ အလုပ်ပြီးဖို့ကသာ လိုရင်းဖြစ်ပါတယ်

“အလုပ်ပြီးဖို့လိုရင်းဖြစ်တဲ့အတွက် တင်ပြစရာတွေအဆင့်ဆင့်နဲ့ အချိန်နှောင့်နှေးတာမျိုး မလိုလားစရာတွေပါ။ အမြန်ဆုံးနဲ့ အထိရောက်ဆုံး ဖြစ်ဖို့ပဲလိုပါတယ်။ အဆင့်ဆင့်တင်ပြမှကြိုက်တဲ့ အရာရှိဝန်ထမ်းမျိုးလည်း ကျွန်တော့်ကုမ္ပဏီမှာ မထားပါဘူး”

၆။ တစ်ယောက်ယောက်နဲ့စကားပြောဖို့လိုလာရင် အဲဒီလူနဲ့တိုက်ရိုက်ပြောလိုက်ပါ

“ကုမ္ပဏီမှာ ဘယ်လိုဌာနနဲ့ ဘယ်လိုရာထူးမျိုးပဲဖြစ်ဖြစ် ဘယ်သူမဆို တိုက်ရိုက်ဆက်သွယ်ခွင့် ရှိအောင်လုပ်ထားပေးတယ်။ ရာထူးအဆင့်နဲ့ပတ်သက်ပြီး စဉ်းစားစရာမရှိဘူး။ လွတ်လွတ်လပ်လပ်ပဲပြောဆိုဆက်သွယ်စေချင်တယ်။ ဒီလိုတည့်တည့်ပြောဖြစ်ကြမှ လိုအပ်တဲ့အချက်အလက်တွေမြန်မြန်ဆန်ဆန်ရပြီး အလုပ်ကစနစ်ကျတော့မှာပေါ့”

လွဲမှားနေတဲ့ကုမ္ပဏီစည်းကမ်းမျိုးတွေဆို မလိုက်နာဘဲနေဖို့လိုပါတယ်

၇။ အဓိပ္ပာယ်မရှိတဲ့စည်းကမ်းတွေကိုလိုက်နာဖို့အတွက်နဲ့ အချိန်မဖြုန်းနဲ့

“ကိုယ်ပိုင်ဆင်ခြင်ဉာဏ်ကိုပဲမှီခိုပါ။ လွဲမှားနေတဲ့ကုမ္ပဏီစည်းကမ်းမျိုးတွေဆို မလိုက်နာဘဲနေဖို့လိုပါတယ်။ ပြောင်းသင့််တဲ့စည်းကမ်းကတော့ ပြောင်းရမှာပါ။ အဓိပ္ပာယ် မရှိတဲ့စည်းကမ်းတချို့အတွက်နဲ့တော့ ဘယ်တော့မှအချိန်ကုန်မခံပါနဲ့”

Ref: BusinessInsider “Elon Musk emailed Tesla employees tips on how to be more productive — these are his 7 suggestions”
AI (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top