တာဟိုးရေကန်ထဲမှာ ပြေးဆွဲတော့မယ့် ကမ္ဘာ့ပထမဆုံး လျှပ်စစ်ကူးတို့လှေ Candela P-12

28.11.2024-yyl-3.jpg

ပုံမှာ မြင်ရတာကတော့ ကမ္ဘာ့ပထမဆုံး လျှပ်စစ်ကူးတို့လှေပါ။ Candela P-12 လို့ အမည်ပေးထားတဲ့ လျှပ်စစ်ကူးတို့လှေဟာ လူအယောက် ၃၀ တင်ဆောင်နိုင်စွမ်းရှိပြီး ကာဗွန်ထုတ်လုပ်မှု မရှိလို့ သဘာဝပတ်ဝန်းကျင်အတွက် ကောင်းမွန်စေမယ့် ဖန်တီးမှုဖြစ်ပါတယ်။

နှစ်စဉ်နှစ်တိုင်း လာရောက်လည်ပတ်သူ ၁၅ သန်းဝန်းကျင်ရှိတဲ့ အမေရိကန်နိုင်ငံ တာဟိုးရေကန်ကြီးထဲမှာ Candela P-12 လျှပ်စစ်ကူးတို့လှေ ပြေးဆွဲဖို့ ဒေသခံကုမ္ပဏီ FlyTahoe က စီစဉ်နေပါပြီ။ ကွန်ပျူတာနဲ့ လမ်းပြတဲ့ ရေအောက်တောင်ပံတွေ (hydrofoil နည်းစနစ်)ကို အသုံးပြုထားတာကြောင့် ရေမျက်နှာပြင်ပေါ်မှာ မြန်နှုန်းမြင့် လျှပ်ပြေးနိုင်စွမ်းရှိပြီး လှိုင်းဒဏ်၊ လေဒဏ် သက်ရောက်မှုလည်း မရှိပါဘူး။

ရေမျက်နှာပြင်နဲ့မထိဘဲ လျှပ်ပြေးတာဖြစ်လို့ ပွတ်တိုက်မှုကို သိသိသာသာ လျော့ကျစေပြီး ရှေးရိုးစဉ်လာ သင်္ဘော၊ လှေတွေနဲ့ယှဉ်ရင် စွမ်းအင်သုံးစွဲမှု ၈၀ ရာခိုင်နှုန်းအထိ လျော့ကျစေပါတယ်။ တွင်းထွက်လောင်စာ အသုံးပြုခြင်းမဟုတ်ဘဲ ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်တဲ့ လျှပ်စစ်ဓာတ်ကို အသုံးပြုထားတာကြောင့် စီးနင်းမှုကလည်း သက်သောင့်သက်သာနဲ့ ငြိမ့်ညောင်းစေမယ်လို့ ဆိုပါတယ်။

အမေရိကန်နိုင်ငံမှာ ဒုတိယအနက်ဆုံးရေကန်ကြီးဖြစ်တဲ့ တာဟိုးရေကန်ဟာ ဘယ်အချိန်မှာမှ ရေခဲခြင်းမရှိတာကြောင့် Candela P-12 လျှပ်စစ်ကူးတို့လှေကို တစ်နှစ်ပတ်လုံး ပြေးဆွဲနိုင်မှာပါ။ တာဟိုးရေကန်ရဲ့ မြောက်ပိုင်းနဲ့ တောင်ပိုင်းကို ချိတ်ဆက်ပြေးဆွဲပေးမှာဖြစ်ပြီး မိနစ် ၃၀ လောက်ပဲ ကြာမြင့်မှာဖြစ်လို့ ပုံမှန်ပြေးဆွဲနေတဲ့ ကန်ပတ်လမ်းအတိုင်း ကားမောင်းသွားတာထက်စာရင် အချိန်တစ်ဝက် သက်သာစေမှာ ဖြစ်ပါတယ်။

Ref: First Flying Electric Ferry in US Will Shuttle Lake Tahoe Crowds With Zero Emissions
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply