အသက် ၁၃ နှစ်အရွယ်နဲ့ ရောင်းအားအကောင်းဆုံး သံပုရာရည်ကို ထုတ်လုပ် ရောင်းချနိုင်ခဲ့တဲ့ မိန်းကလေး

38600316_1135147053303706_6444639998636457984_n.jpg

ဘီဘီစီရဲ့ အပတ်စဉ် တင်ဆက်ပေးနေကျ သူဌေးလောင်းများကဏ္ဍမှာက တစ်ကမ္ဘာလုံးက စီးပွားရေးခေါင်းဆောင်တွေရဲ့ ဘဝအကြောင်းကို တင်ဆက်ပေးနေတာပါ။ ဒီတစ်ခေါက်ကတော့ Me &The Bees သံပုရာရည်ကို ထုတ်လုပ်သူ အသက် ၁၃ နှစ် အရွယ် မီကိုင်လာအယ်မာ (Mikaila Ulmer) ရဲ့အလှည့်ပဲ ဖြစ်ပါတယ်။

မီကိုင်လာရဲ့ သံပုရာရည်က အမေရိကန်နိုင်ငံက စတိုးဆိုင်ပေါင်း ၅၀၀ ကျော်မှာ ရောင်းချနိုင်ပေမဲ့ သူ(မ) က သင်္ချာအတန်း မှာတော့ C ရထားတာ ဖြစ်ပါတယ်။ အောင်မြင်တဲ့ စီးပွားရေးတစ်ခုကို လုပ်ကိုင်နိုင်ဖို့ ဆိုတာ အချိန်ပြည့် အာရုံစိုက်ရတယ် ဆိုပေမဲ့ Me & The Bees သံပုရာရည်ကို တည်ထောင်သူ မီကိုင်လာကတော့ ကျောင်းစာအတွက်ပါ အချိန်ပေးရတာဖြစ်ပါတယ်။

၁၃ နှစ်အရွယ် ကျောင်းသူလေးက ကျောင်းပြေးတက်လိုက် စွန့်ဦးတီထွင်သူများညီလာခံကို တက်လိုက်နဲ့ အလုပ်တွေရှုပ်နေရပြီး တစ်နှစ်အတွင်း သံပုရာရည် ပုလင်းပေါင်း ၃ သိန်း ၆ သောင်းကို ရောင်းချနိုင်တဲ့ အမေရိကားရဲ့ အသက်အငယ်ဆုံး စီးပွားရေးလုပ်ငန်းရှင် တစ်ဦးလည်း ဖြစ်လို့နေပါတယ်။

အသက် ၄ နှစ်အရွယ်ကတည်းက တက္ကဆက်ပြည်နယ်အခြေစိုက် စီးပွားရေးလုပ်ငန်းလုပ်ဆောင်နေတဲ့ မီကိုင်လာက ၂၀၀၉ ခုနှစ်မှာတော့ မိဘနှစ်ပါးရဲ့ ပံ့ပိုးကူညီပေးမှုနဲ့ သံပုရာရည်ကို ပထမဦးဆုံး စတင်ရောင်းချဖြစ်ခဲ့တာဖြစ်ပါတယ်။ အဘွားဖြစ်သူ ရဲ့ ၁၉၄၀ ခုနှစ်က ဖျော်ရည်စပ်နည်းကို သုံးထားတဲ့ သံပုရာရည်တွေကို မိသားစုအိမ်ရှေ့မှာ စားပွဲခုံချပြီး စရောင်းခဲ့တာပါ။

ဖျော်ရည်စပ်နည်းထဲမှာ ပျားရည်ပါဝင်တဲ့အတွက် ပျားရည်ဖွတ်ရင်း ပျားကိုက်တာကို ခံရဖူးခဲ့တာလည်းဖြစ်ပါတယ်။ ပျားတွေရဲ့ အာရုံကိုလွှဲဖို့ ကြိုးစားတာထက် သူတို့အကြောင်း သေချာနားလည်အောင် သုတေသနလုပ်ပြီး ဝတ်မှုန်ကူးခြင်းနဲ့ ဂေဟစနစ်ရဲ့ အရေးပါတဲ့ အခန်းကဏ္ဍကို သိအောင်လုပ်ဖို့ အဖေနဲ့အမေဖြစ်သူက အကြံပေးခဲ့ပါတယ်။ ဒါတွေကိုနားလည်သွားတဲ့ မီကိုင်လာက သံပုရာရည် ရောင်းလို့ရတဲ့ ပိုက်ဆံအချို့ကို လုပ်သားပျား စောင့်ရှောက်ရေး အဖွဲ့အစည်းကို လှူဒါန်းခဲ့ပါတယ်။

ပြည်တွင်း ပီဇာကုမ္ပဏီတစ်ခုကို တင်သွင်းရာကနေ ကြီးထွားလာတဲ့ ရောင်းရအမြတ်ငွေရဲ့ ၁၀ ရာခိုင်နှုန်းကို ပျားထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့ဆီ လှူဒါန်းခဲ့တာပါ။ မိဘနှစ်ပါး ဝင်ရောက် ပူးပေါင်းလုပ်ကိုင်နေတဲ့ လုပ်ငန်းဖြစ်တဲ့အတွက် ဒီလုပ်ငန်းအတွက် အဓိက တာဝန်ရှိသူက ဘယ်သူလဲ မေးစရာရှိပါတယ်။

“သံပုရာရည်ညှစ်တာကစလို့ အစအဆုံး သမီးပဲ တာဝန်ယူပေမဲ့ သံပုရာရည်ခွက်လေးတွေအတွက် စတစ်ကာလှလှလေးတွေ ဖန်တီးပေးသူတွေကတော့ သမီးမိဘတွေပါ။ လုပ်ငန်းက တဖြည်းဖြည်း ကြီးလာတဲ့အချိန်မှာ တစ်ယောက်တည်း မကိုင်တွယ်နိုင်လို့ အဖေနဲ့အမေဆီ လုပ်ငန်းတံဆိပ် ဘယ်လိုလုပ်သင့်တယ် မေးခဲ့ပါတယ်”လို့ မီကိုင်လာက ဆိုပါတယ်။

မိဘနှစ်ပါးစလုံးက စီးပွားရေးဘွဲ့ရဖြစ်တာက သေချာပေါက် အထောက်အကူ ဖြစ်ခဲ့ပေမဲ့ အစားအသောက်နဲ့ အဖျော်ယမကာပိုင်းမှာတော့ နှစ်ဦးစလုံး အတွေ့အကြုံ မရှိပါဘူး။

“သမီးတို့က တွဲဖက်စီအီးအိုတွေပါ။ ဘာလို့လဲဆိုတော့ သမီးမိဘတွေ မချနိုင်တဲ့ ဆုံးဖြတ်ချက်တွေကို သမီးကချရပြီး သမီးအတွက် ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေကိုတော့ သမီးမိဘတွေက ပြုလုပ်ပေးတာဖြစ်ပါတယ်။ သမီးက ငယ်သေးတဲ့အတွက် အရာရာတိုင်းကို မသိသေးတာကြောင့် သေချာပေါက် မိဘတွေရဲ့ အကြံပေး ဆုံးဖြတ်ချက်တွေကို နားထောင်ပါတယ်” လို့ မီကိုင်လာက ဆိုပါတယ်။

မီကိုင်လာ ကိုးနှစ်သမီးအရွယ်မှာ စီးပွားရေး စတင်ချဲ့ထွင်နိုင်တာဖြစ်ပြီး ၂၀၁၅ ခုနှစ်အစမှာ Whole Foods ဈေးကွက်ဆီ ဖြန့်ချိနိုင်ရေး စာချုပ်ကို ရရှိခဲ့တာ ဖြစ်ပါတယ်။

Ref: BBC.com “The 13-year-old who built a best-selling lemonade brand”

Alice May (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top