၅ မိနစ်လောက်ပါပဲ အဖေ

30-5-2022-yyl-14.jpg

နေခြည်နွေးထွေးတဲ့ ဆောင်းနံနက်ခင်းတစ်ခု။ ရောဘတ်က လုပ်စရာတွေ တန်းစီနေပေမဲ့ ၅ နှစ်အရွယ် သမီးငယ် ကလော်ဒီယာက ကစားချင်တယ်ဆိုလို့ ပန်းခြံထဲကို လိုက်ပို့ရင်း သမီးလေး ကစားတာကို ထိုင်ကြည့်နေတယ်။ နာရီဝက်လောက်ကြာတော့ ရောဘတ် ထိုင်နေတဲ့နားကို အမျိုးသမီးတစ်ယောက် ရောက်လာပြီး ပြုံးပြတယ်။ လျှောစီးနေတဲ့ ကောင်လေးကို လက်ညိုးထိုးပြပြီး”ဟိုမှာ ကစားနေတာ ကျွန်မသားလေ”တဲ့။

”လူချောလေးပဲဗျ။ ပန်းရောင်ဝတ်စုံနဲ့ အရုပ်စီးနေတာ ကျွန်တော့်သမီးပေါ့”လို့ ရောဘတ်က ပြန်ပြောတယ်။ ပြီးတော့ နာရီကို ကြည့်လိုက်ပြီး ” ကလော်ဒီယာရေ။ သမီးပြောထားတဲ့အချိန် ပြည့်ပြီနော်။ အဖေတို့ သွားကြမလား” လို့ လှမ်းမေးလိုက်တယ်။ ” မသွားချင်သေးဘူး အဖေ။ ၅ မိနစ်လောက် ထပ်ကစားလို့ရဦးမလား”လို့ ကလော်ဒီယာက ပြန်ပြောတယ်။ ရောဘတ် ခေါင်းငြိမ့်ပြလိုက်တော့ ကလော်ဒီယာလည်း ပျော်ပြီး အရုပ်ကို ဆက်စီးနေတာပေါ့။

၁၅ မိနစ်ကြာသွားတဲ့နောက်မှာ ရောဘတ်က မတ်တတ်ရပ်လိုက်ပြီး ” သမီးလေး . . . လာတော့လေ။ အဖေတို့ ပြန်ကြမယ်”လို့ ခေါ်လိုက်တယ်။ ” ၅ မိနစ်ပဲ အဖေ။ ၅ မိနစ်လောက် ထပ်ကစားပါရစေ”လို့ ကလော်ဒီယာက ဆိုတယ်။ ရောဘတ်က ပြုံးလိုက်ပြီး ” ကောင်းပါပြီ။ အသည်းလေးရေ”လို့ ပြောလိုက်တော့ ကလော်ဒီယာကလည်း ပျော်ပျော်ကြီး ကစားနေပြန်တာပေါ့။ ရောဘတ်ကလည်း သူ့သမီး ကစားနေတာကို ပြုံးပြီး ကြည့်နေတယ်။ ဒီလိုနဲ့ ၁၅ မိနစ်ကြာသွားလို့ ရောဘတ်က ထပ်ခေါ်တဲ့အချိန်မှာလည်း ကလော်ဒီယာက ၅ မိနစ်လောက် ထပ်ကစားပါရစေဦးလို့ ပြောပြန်ပါရော။

သူတို့သားအဖနှစ်ယောက်ကို ကြည့်ပြီး ဘေးမှာထိုင်နေတဲ့ အမျိုးသမီးက အံ့အားသင့်နေတာပေါ့။ ” ရှင်က တော်တော်စိတ်ရှည်တာပဲနော်။ သမီးလေးက ထပ်ကစားချင်တယ်လို့ အထပ်ထပ်ပြောတိုင်း ပြုံးပြုံးကြီး ခေါင်းငြိမ့်နေတဲ့ ရှင့်ကိုဖြင့် ကျွန်မ တကယ်လေးစားပါရဲ့။ ကျွန်မသာ ရှင့်နေရာမှာဆိုရင် ဒေါသထွက်နေလောက်ပြီ” တဲ့။

” မနှစ်ကပေါ့ . . . ကလော်ဒီယာရဲ့အစ်ကို ဂျွန်က စက်ဘီးစီးပြီး အိမ်ပြန်လာတုန်း မူးနေတဲ့သူက ကားနဲ့ဝင်တိုက်လို့ သေခဲ့ရတယ်။ ဂျွန့်ကို ကျွန်တော် အချိန်မပေးနိုင်ခဲ့ဘူး။ အခုချိန်မှာ ဂျွန်နဲ့သာ ၅ မိနစ်နေခွင့်ရမယ်ဆိုရင် ဘာမဆို အကုန်ပေးနိုင်ပါရဲ့။ ကလော်ဒီယာကိုတော့ ဒီလိုအမှားမျိုး ထပ်အဖြစ်မခံနိုင်ဘူး။ သမီးလေးကသာ သူ ၅ မိနစ် ထပ်ကစားခွင့်ရတယ်ထင်နေတာ။ တကယ်တော့ ကျွန်တော်က သူ ကစားတာကို ၅ မိနစ် ထပ်ကြည့်ခွင့် ရလိုက်တာဗျ”လို့ ရောဘတ်က တဖြည်းဖြည်းချင်း ပြန်ပြောလိုက်ပါတယ်။

သင်ခန်းစာ

ရည်မှန်းချက်ကိုယ်စီကြောင့် ”အလုပ်ပြီး အလုပ်” ရုန်းကန်နေရတဲ့ ဒီခေတ်ကြီးမှာ ကိုယ်ချစ်ရတဲ့ မိသားစုကို အချိန်ပေးဖို့လည်း မမေ့သင့်ပါဘူး။ ရောဘတ်ကတော့ ဝမ်းနည်းနာကျင်စရာ ဖြစ်ရပ်ကြောင့် မိသားစုကို အချိန်ပေးဖို့၊ အတိတ်က အမှားမျိုး မလုပ်မိစေဖို့ ကောင်းကောင်းနားလည်ခဲ့သလို အတိတ်အမှားတွေကို သင်ခန်းစာယူပြီး အနာဂတ်ခရီးကို ရှေ့ဆက်နေပါပြီ။

Ref: Five More Minutes

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top