၂၇ နှစ်လုံးလုံး ပိုင်ရှင်မဲ့ အလောင်းတွေကို သဂြိုဟ်ပေးခဲ့သူ

20-3-2020-yyl-012.jpg

သားဖြစ်သူရဲ့ ရုပ်အလောင်းကို သဂြိုဟ်ခွင့်မရခဲ့တဲ့ ဖခင်တစ်ယောက်၊ မိသားစုရဲ့ အငြိုငြင်ခံရသလို လူ့အသိုင်းအဝိုင်းကနေ ဖယ်ကျဉ်ခံခဲ့ရပေမဲ့ သူ့ယုံကြည်ရာလမ်းကို လျှောက်လှမ်းခဲ့သူ၊ ကမ္ဘာပေါ်မှာ ကိုးကွယ်ယုံကြည်တဲ့ ဘာသာတွေ အများကြီးရှိပါတယ်။ သေချာတာကတော့ ကောင်းတာလုပ်ရင် ဘုရားတိုင်း ကြိုက်ကြမှာပါ။ မိုဟမ်မတ်ရှာရိဖ်ကတော့ ဘုရားကြိုက်တဲ့အလုပ်ကို လုပ်ပေးခဲ့သူပါ။ ကဲ . . . သူ့အကြောင်းကို ဖတ်ကြည့်ရအောင်။

မိုဟမ်မတ်ရှာရိဖ်က သူ့သားကို မြေမြှုပ်သဂြိုဟ် ခွင့်မရခဲ့ပါဘူး။ ဒါပေမဲ့ သူဟာ ပြီးခဲ့တဲ့ ၂၇ နှစ်လုံးလုံး တခြားမိသားစုတွေရဲ့ ပိုင်ရှင်မဲ့အလောင်းတွေကို သဂြိုဟ်ပေးခဲ့ပါတယ်။ သူ့သားသေသွားပြီး တစ်လ ကြာတော့မှ ရဲတွေက မိုဟမ်မတ်ရှာရိဖ်ကို သူ့သား သေပြီဆိုတဲ့အကြောင်း လာပြောခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်နေရာမှာ၊ ဘယ်လိုသေသွားလဲဆိုတာ မပြော ခဲ့ပါဘူး။ သူ့သားဟာ ဟိန္ဒူ-မွတ်စလင် အဓိကရုဏ်းတွေမှာ သေဆုံးခဲ့ရသူ ၂၀၀၀ ထဲက တစ်ယောက်ဖြစ်တယ်ဆိုတာကိုပဲ မိုဟမ်မတ်ရှာရိဖ် သိပါတယ်။ ၁၉၉၂ ခုနှစ်မှာ ပိုင်ဆိုင်မှု အငြင်းပွား နေတဲ့ ဘာသာရေးပရိဝုဏ်ထဲက ဗလီ ဖျက်စီးခံရပြီး ချိန်မှာ ဟိန္ဒူ-မွတ်စလင် အဓိကရုဏ်းဖြစ်ပွားခဲ့တာပါ။ သူ့သားကို ဘယ်နေရာမှ မြှုပ်ထားလဲဆိုတာ ရှာရိဖ် မသိပါဘူး။ ”သူ့အလောင်း ပုပ်သွားပြီလို့ ရဲတွေက ကျွန်တော့်ကိုပြောပါတယ်။ သူ့အလောင်းကိုမြင်ခွင့် မရခဲ့ပါဘူး။ သူ့အဝတ်အစားတွေပဲ ပြန်ရခဲ့တယ်”လို့ ဆယ်စုနှစ်သုံးခုအကြာမှာ ရှာရိဖ်က ပြန်ပြောပြခဲ့ပါတယ်။

ဒါပေမဲ့ လအနည်းငယ်အကြာမှာတော့ သူ့ဘဝ ကို ထာဝရပြောင်းလဲသွားစေမယ့် ဖြစ်ရပ်တစ်ခုကို မျက်ဝါးထင်ထင် တွေ့လိုက်ရပါတယ်။ ”တစ်နေ့မှာ ရဲအရာရှိတွေက အလောင်းတစ်လောင်းကို မြစ်ထဲ ပစ်ချလိုက်တာ ကျွန်တော်တွေ့တယ်။ ကျွန်တော် တုန်လှုပ်သွားတယ်။ ကျွန်တော့်သားရဲ့အလောင်းကို လည်း မြစ်ထဲပစ်ချလိုက်တာဖြစ်မယ်လို့ တွေးမိ လိုက်တယ်။ တခြားအလောင်းတွေလည်း ဒီလိုပဲ ဖြစ်မှာပေါ့။ အဲဒီနေ့ကစပြီး ပိုင်ရှင်မဲ့အလောင်းတွေ ကို စောင့်ရှောက်ပေးမယ်၊ ဖြစ်သင့်ဖြစ်ထိုက်တဲ့ပုံစံမျိုး မြေကျအောင် ဆောင်ရွက်ပေးမယ်လို့ ကျွန်တော် ဆုံးဖြတ်လိုက်တယ်”လို့ ရှာရိဖ်က ပြောပါတယ်။

အိန္ဒိယနိုင်ငံမှာ အကြောင်းအမျိုးမျိုးကြောင့် ပိုင်ရှင်မဲ့အလောင်း တော်တော်များများရှိပါတယ်။ လမ်းမတော်တဆမှုဖြစ်လို့ သေသွားတာ၊ ဘုရားဖူး သွားရင် သေသွားတာ၊ တစ်နယ်တစ်ကျေးမှာအလုပ် သွားလုပ်ရင်း သေသွားတာ၊ သားသမီးတွေရဲ့စွန့်ပစ် ခြင်းခံရတဲ့ သက်ကြီးရွယ်အိုတွေ သေသွားတာမျိုး ဆိုရင် ပိုင်ရှင်မဲ့အလောင်းတွေဖြစ်မှာပါ။ ဆေးရုံမှာ သေသွားတဲ့ ချို့တဲ့နွမ်းပါးသူတွေအတွက် ဘယ်သူ ကမှ ဈာပနလုပ်ပေးဖို့ စိတ်မဝင်စားပါဘူး။ အဲဒီတော့ ဒီအလောင်းတွေကို ဘယ်လိုလုပ်လဲ။ ၁၉၉၂ ခုနှစ် မှာတော့ အိန္ဒိယနိုင်ငံရဲ့ ခရိုင်တွေမှာ ရေခဲတိုက်မရှိ ပါဘူး။ အဲဒီတော့ ပိုင်ရှင်မဲ့အလောင်းတွေကို မြန်မြန် ဆန်ဆန် ဖျက်စီးပစ်ပါတယ်။ ပုံမှန်အားဖြင့်ဆိုရင် မြေမြှုပ်သဂြိုဟ်လေ့ရှိကြပေမဲ့ အိန္ဒိယနိုင်ငံ မြောက်ပိုင်းမှာ အချိန်ကုန်၊ ငွေကုန်၊ လူပင်ပန်း သက်သာအောင် အလောင်းတွေကို မြစ်ထဲပစ်ချလေ့ ရှိပါတယ်။

သူ့သား ရာရစ်ရဲ့အလောင်းကို ဂိုမတီမြစ်ထဲ ပစ်လိုက်တာဖြစ်မယ်လို့ ရှာရိဖ်တို့မိသားစုက ယူဆ ထားကြပါတယ်။ ၁၉၉၂ ခုနှစ် ဒီဇင်ဘာလမှာ သဘောထားတင်းမာတဲ့ ဟိန္ဒူဘာသာဝင်တွေက အယုဒ္ဓယမြို့မှာရှိတဲ့ ၁၆ ရာစု ဘာဘရီဗလီကို ဖျက်စီး ခဲ့ချိန်မှာ ဓာတုဗေဒပညာရှင်အဖြစ် အလုပ်လုပ်နေတဲ့ လူငယ်လေး ရာရစ်က ဆူတန်ပူရ်မြို့မှာ ရှိနေပါ တယ်။ ရှာရိဖ်ရဲ့နေအိမ်နဲ့ မိုင် ၄၀ ဝေးတဲ့ ဆူတန်ပူရ် မြို့ကို ဂိုမတီမြစ်က ဖြတ်သန်းစီးဆင်းနေပါတယ်။ အဓိကရုဏ်းကာလမှာ ရာရစ် ပျောက်ဆုံးသွားခဲ့တာပါ။

”ကျွန်တော့်သားပျောက်သွားချိန်ကနေ တစ်လကြာ တဲ့အထိ သူ့ကို နေရာအနှံ့လိုက်ရှာခဲ့ပါတယ်။ ကျွန်တော် လည်း အရူးတစ်ပိုင်းပါပဲ။ သူ့ကို ဘယ်မှာမှ မတွေ့ခဲ့ ဘူး။ ဆူတန်ပူရ်မြို့ကိုသွားပြီး သူ့ကို ရှာပါသေးတယ်” လို့ ရှာရိဖ်က ပြောပါတယ်။ အဲဒီနောက်မှာတော့ သူတို့စိုးရိမ်နေတဲ့အတိုင်း သူ့သားသေသွားပြီဆိုတဲ့ သတင်းဆိုးရောက်လာခဲ့ပါ တယ်။ ရှာရိဖ်တို့ လင်မယားနှစ်ယောက် ဆောက်တည် ရာမရ ဖြစ်ခဲ့ကြတယ်။ ရှာရိဖ်ရဲ့ဇနီး ဘီဘီကတော့ ဒီနေ့အချိန်အထိ စိတ်ကျဝေဒနာ ခံစားနေရဆဲပါပဲ။ သူ့သားကို ကောင်းကောင်းမွန်မွန် သဂြိုဟ်ပေးခွင့်မရ ခဲ့တဲ့အချက်က သူတို့ကို ပိုပြီးယူကျုံးမရဖြစ်စေခဲ့ပါ တယ်။

ဒီလိုဝေဒနာမျိုးကိုတော့ ဘယ်သူမှမခံစားရသင့် ဘူးလို့ ရှာရိဖ်က ပြောပါတယ်။ ”ကျွန်တော်နေတဲ့ခရိုင် မှာ မြစ်ထဲပစ်ချခံရတဲ့ ပိုင်ရှင်မဲ့အလောင်းမရှိစေရဘူး” လို့ သူက ဆိုပါတယ်။ ဇာတ်စနစ် ခွဲခြားမှုရှိတဲ့ အိန္ဒိယ နိုင်ငံရဲ့ လူ့အဖွဲ့အစည်းမှာ ဇာတ်အနိမ့်ဆုံးမျိုးနွယ်တွေ ကို သုဘရာဇာအလုပ် လုပ်ခိုင်းကြတယ်။ ပြီးတော့ သူတို့ကို မထိရဘူးလို့ သတ်မှတ်ကြပါတယ်။ ဒါပေမဲ့ အဲဒီသတ်မှတ်ချက်က စက်ဘီးပြင်ဆရာ ရှာရိဖ်ရဲ့ ဆုံးဖြတ်ချက်ကို မတားဆီးနိုင်ခဲ့ပါဘူး။ တခြားဘယ်သူ မှ မလုပ်ချင်ကြတဲ့ ပိုင်ရှင်မဲ့အလောင်း မြေမြှုပ်သဂြိုဟ် တဲ့အလုပ် လုပ်ချင်တယ်လို့ ရှာရိဖ်က ရဲစခန်းကို သွားပြောခဲ့ပါတယ်။

”ပထမဆုံးအကြိမ် ဖုန်းခေါ်တုန်းက ကျွန်တော့် ရင်တွေ ခုန်နေခဲ့တယ်။ သေမှုသေခင်း စစ်ဆေးပြီးချိန် မှာ အလောင်းကို ယူသွားတော့လို့ ရဲတွေက ပြောပါ တယ်။ အဲဒီသူရဲ့ဇက်မှာ ဓားခုတ်ခံထားရတာကို ကျွန်တော် မှတ်မိနေတုန်းပါ”လို့ ရှာရိဖ်က ဆိုပါတယ်။ ရှာရိဖ် လုပ်ရတဲ့အလုပ်တွေက တဖြည်းဖြည်း ပိုများ လာပါတယ်။ အဲဒီအတွက် သူက အလောင်းတွေကို သယ်ဖို့ ဘီးတပ်တွန်းလှည်းတစ်စင်း ဝယ်လိုက်တယ်။

သူကြိုတွေးထားတဲ့အတိုင်းပဲ သူ့မိသားစုဝင်တွေ၊ မိတ်ဆွေတွေ၊ အိမ်နီးနားချင်းတွေက သူ့လုပ်ရပ်ကို အံ့သြသွားကြတယ်။ ရှာရိဖ်က မွတ်စလင်တစ်ယောက် ဖြစ်ပေမဲ့ ဟိန္ဒူအပေါင်းအသင်းတွေကပါသူ့ကို ဝိုင်းကျဉ်ခဲ့ကြတယ်။ ”အဲဒီအချိန်တုန်းက ကျွန်တော့်လုပ်ရပ်ကို မိသားစုဝင်တစ်ယောက်မျှ မကြိုက်ခဲ့ပါဘူး။ သူတို့က ကျွန်တော့်ကို ရူးသွားပြီလို့ ပြောကြတယ်။ တချို့သူတွေက ကျွန်တော့်ကို ကြောက်လာကြတယ်။ ကျွန်တော်နဲ့ထိမိရင် ပိုးမွှား ကူးစက်ခံရမယ်လို့ သူတို့က ထင်နေကြတယ်”လို့ ရှာရိဖ်က ပြောပါတယ်။

ရှာရိဖ်က သူရွေးချယ်တဲ့လမ်းကို ခိုင်ခိုင်မာမာ ဆက်လျှောက်ခဲ့ပါတယ်။ သူနဲ့ မသိသူတွေအတွက် သူ့မိသားစုထဲက မင်္ဂလာဆောင်တွေ၊ အခမ်းအနား တွေ၊ ဝတ်ပြုဆုတောင်းမှုတွေကို သူ ကျောခိုင်းခဲ့ပါ တယ်။ ဒါက သူ့ကို ငြိမ်းချမ်းပြီး နှစ်သိမ့်ပေးရာရောက် စေပါတယ်။ ပိုင်ရှင်မဲ့အလောင်းတွေကို မြေမြှုပ် သဂြိုဟ်ပေးချိန်မှာ သူ့သားကို ပြန်အမှတ်ရစေပါ တယ်။ ”ကျွန်တော့်သား သေသွားလို့ခံစားရတဲ့ဝေဒနာ ကို ကျော်လွှားနိုင်ဖို့ အထောက်အပံ့ဖြစ်စေပါတယ်။ တစ်ချိန်လုံး သူ့အကြောင်း တွေးတယ်။ သူ့ကို လွမ်း တယ်”လို့ ရှာရိဖ်က ပြောပါတယ်။ သူ လုပ်ရတဲ့အလုပ် က သိပ်မလွယ်ကူပါဘူး။ ရဲတွေက သေဆုံးသူတွေ ကို ခွဲခြားလို့မရတာမျိုး မကြာခဏကြုံရလေ့ရှိပါတယ်။ ဘာလို့လဲဆိုတာ အချိန်တော်တော်ကြာကတည်းက သေနေတာဖြစ်လို့ အလောင်းက ရုပ်ပျက်နေလို့ပါပဲ။ အဲဒီလိုအလောင်းတွေကို မြှုပ်ပေးရပြီဆိုရင် အနံ့က မခံမရပ်နိုင်အောင်ဖြစ်မိတယ်လို့ ရှာရိဖ်ကဆိုပါတယ်။

”ခုတ်ထစ်ပိုင်းဖြတ်ခံထားရတဲ့၊ ရုပ်ပျက်ဆင်းပျက် ဖြစ်နေတဲ့ အလောင်းတွေမြင်ရင် ညဘက်အိပ်မပျော် ဘူး။ အိပ်မက်ဆိုးတွေမက်တယ်၊ အိပ်ဆေးတွေ သောက်ရတယ်။ တစ်ခါတလေ ရဲအရာရှိတွေက ကျွန်တော်နဲ့အတူ သုဿန်ကို လိုက်လာတယ်။ ဒါပေမဲ့ သူတို့က ခပ်ဝေးဝေးမှာပဲ မတ်တတ်ရပ်နေကြ တာပါ”လို့ ရှာရိဖ်က ပြောပါတယ်။ ရှာရိဖ်ဟာ အလောင်းတွေကို ရေချိုးသန့်စင်ပေးပြီး အချိန်ယူ ပြင်ဆင်ပေးပြီးမှ မြှုပ်နှံလေ့ရှိပါတယ်။ သေဆုံးသူက မွတ်စလင်ဆိုရင် အလောင်းကို အဝတ်နဲ့ပတ်ပေးပြီး နောက်ဆုံးဝတ်ပြုဆုတောင်းမှု လုပ်ပေးပါတယ်။ သေဆုံးသူက ဟိန္ဒူဆိုရင်တော့ မီးသဂြိုဟ်စက်ကို ပို့ဆောင်လေ့ရှိပါတယ်။

ရှာရိဖ်မြှုပ်ပေးခဲ့တဲ့အလောင်း ဘယ်လောက်ရှိလဲဆိုတာ ဘယ်သူမှ အတိအကျ မပြောနိုင်ကြပါဘူး။ ရှာရိဖ်ထံ လွှဲပေးတဲ့အလောင်း အရေအတွက်ကို စာရင်းအတိအကျ လုပ်မထားဘူး လို့ အယုဒ္ဓယခရိုင်အကြီးအကဲ ကူမာဂျာက ပြောပါ တယ်။ ”အကြမ်းဖျဉ်းပြောရရင်တော့ ကျွန်တော်တို့ သူ့ကိုပေးလိုက်တဲ့အလောင်း ၂၅၀၀ လောက်ရှိပါပြီ” လို့ ကူမာဂျာက ဆိုပါတယ်။ ရှာရိဖ်က နောက်ဆုံး အကြိမ် ဝတ်ပြုဆုတောင်းမှုလုပ်ပေးခဲ့သူ ၅၅ဝဝကျော် ရှိတယ်လို့ သူ့မိသားစုက ပြောပါတယ်။ ရှာရိဖ်ဟာ သူနဲ့မသိသူတွေရဲ့အလောင်းတွေကို သူ့ဆွေမျိုး ရင်းချာအတိုင်း ဂရုတစိုက်ပြင်ဆင်ပေးပြီးမှ မြှုပ်တတ်သူပါ။

ပိုင်ရှင်မဲ့အလောင်းတွေကို ရှာရိဖ်မြှုပ်နှံပေးနေ တာ နှစ်နဲ့ချီနေပါပြီ။ ဒါပေမဲ့ သူက ငွေကြေးအထောက် အပံ့ လုံးဝမယူခဲ့ပါဘူး။ ဒီနေ့အချိန်အထိ သူက စက်ဘီးပြင်ဆိုင်မှာ အလုပ်လုပ်နေပြီး တစ်နေ့ဝင်ငွေ အမေရိကန်ဒေါ်လာ သုံးဒေါ်လာလောက် ရနေဆဲပါ။ လမ်းဘေးစက်ဘီးပြင်ဆိုင်လေးက ရတဲ့ဝင်ငွေနဲ့သူတို့ လင်မယားနှစ်ယောက် စားဝတ်နေရေး ဖြေရှင်းခဲ့ကြပါ တယ်။ ဒါပေမဲ့ အခြေအနေတွေ ပြောင်းလဲလာခဲ့ပါတယ်။ ခိုင်မာပြတ်သားတဲ့ သန္နိဋ္ဌာန်ချမှတ်လုပ်ဆောင်မှု အတွက် ရှာရိဖ်ကို အသိအမှတ်ပြုခဲ့ပြီး အိန္ဒိယအစိုးရ က သူ့ကို အရပ်ဘက်ဆိုင်ရာ အမြင့်ဆုံးဂုဏ်ပြုဆု ချီးမြှင့်ခဲ့ပါတယ်။ အခုအချိန်မှာတော့ ဒေသခံဈေးဆိုင် ပိုင်ရှင်တွေက ရှာရိဖ်ကို ငွေကြေးထောက်ပံ့ပေးနေကြ ပါပြီ။ အသက် ၈၀ ရှိနေတဲ့ ရာရိဖ်က သူ့တာဝန်ကို ခွဲဝေထမ်းဆောင်ဖို့ အကူနှစ်ယောက်ခန့်ထားပါတယ်။

”ဟိန္ဒူတွေရော၊ မွတ်စလင်တွေရော ကျွန်တော့် ကို ကူညီပေးပါတယ်။ လူတွေက ကျွန်တော့်ကို စားစရာနဲ့ စောင်တွေပေးတယ်။ ကျွန်တော် မျက်လုံး ခွဲထားရတာ သိပ်မကြာသေးဘူး။သူစိမ်းတစ်ယောက် က ကျွန်တော့်ကို ဖုန်းဆက်ပြီး ရူပီး ၂၀၀၀၀ (အမေရိကန်ဒေါ်လာ ၂၉၀)ပေးခဲ့ပါတယ်။ ရှာရိဖ်က အသက် ၈၀ အရွယ်ရှိနေပေမဲ့ ဒီအလုပ်ကနေအနားယူ ဖို့ မစဉ်းစားချင်သေးဘူး”လို့ ဆိုပါတယ်။ သက်ရှိ ထင်ရှားရှိနေတဲ့ သူ့သားနှစ်ယောက်နဲ့ သူ့မြေးတွေက သူ့ခြေရာနင်းမယ့်သူတွေ မဟုတ်ပါဘူး။ အဲဒီတော့ သူသာ ဒီအလုပ် ဆက်မလုပ်တော့ဘူးဆိုရင် ဘာတွေ ဖြစ်လာမလဲဆိုတာကို ရှာရိဖ် သိပါတယ်။ ”ကျွန်တော်သာ ဒီအလုပ်ဆက်မလုပ်တော့ဘူး ဆိုရင် ရဲတွေက ပိုင်ရှင်မဲ့အလောင်းတွေကို မြစ်ထဲ ပစ်ချလိမ့်မယ်။ အဲဒီတော့ ကျွန်တော့် နောက်ဆုံး ထွက်သက်အထိ ဒီအလုပ်ဆက်လုပ်သွားမှာပါ”လို့ ရှာရိဖ်က ပြောပါတယ်။

ရှာရိဖ်ကတော့ဒီလိုမျိုးအဖြစ်ခံ မှာမဟုတ်ပါဘူး။ ဒါကြောင့်လည်း လူတချို့က သူ့ကို ”လူသေတွေရဲ့ ကယ်တင်ရှင်”လို့ တင်စားခေါ်ဝေါ်ကြ တာပေါ့။ ရှာရိဖ်အတွက်တော့ ပိုင်ရှင်မဲ့ရုပ်အလောင်း တွေကို မြှုပ်နှံပေးတဲ့ အချိန်တိုင်းဟာ လွန်ခဲ့တဲ့ ၂၇ နှစ်က သေဆုံးပြီး လူမသိ၊ သူမသိ စွန့်ပစ်ခံခဲ့ရတဲ့ သူ့သားကို ပြန်သတိရနေတဲ့ အချိန်တွေပါပဲ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top