ပိုက်ဆံနဲ့ အရာအားလုံးကို ဝယ်လို့ မရဘူးဆိုတာတော့ မှန်ပါတယ်။ ဒါပေမဲ့ တချို့အရာတွေက လွဲရင် တော်တော်များများကတော့ ပိုက်ဆံမရှိရင် အဆင်မပြေပြန်ပါဘူး။ ယုတ်စွအဆုံး ပိုက်ဆံနဲ့ ပေးဝယ်လို့မရတဲ့ အရာကိုတောင် ပိုက်ဆံနဲ့ပဲ ထိန်းထားရပြန်ပါတယ်။ ဥပမာ – ကျန်းမာရေးကောင်းတဲ့ အခြေအနေကို ပိုက်ဆံနဲ့ပေးဝယ်လို့မရပေမယ့် မကျန်းမာတဲ့အခါ ဆေးကုပြီး အသက်ဆက်ဖို့ သွယ်ဝိုက်တဲ့နည်းနဲ့ ပိုက်ဆံကို အသုံးပြုရတာမျိုးပါ။
ဒီဘက်ခေတ်မှာ ပိုက်ဆံရဲ့ အခန်းကဏ္ဍဟာ အရမ်းအရေးပါလာသလို စီးပွားရေးအခြေအနေအရ တစ်မိသားစုလုံး အလုပ်ထွက်လုပ်နေရတဲ့ အခြေအနေတွေကို ကြုံတွေခံစားနေရပါပြီ။ အကျိုးဆက်ကတော့ မိသားစုတွေ နွေးနွေးထွေးထွေး အချိန်ကုန်ဆုံးတာမျိုး မရှိသလောက် နည်းလာပြီး အေးစက်တဲ့ ဆက်ဆံရေးတွေ ဖြစ်လာပါတယ်။
လူတွေရဲ့ ပထမဆုံးဆန္ဒက ဘဝကို စိတ်ချမ်းသာသာနဲ့ အေးအေးဆေးဆေး နေချင်တာဖြစ်ပြီး ဒီလိုနေနိုင်ဖို့ ပိုက်ဆံရှိမှဖြစ်မယ်ဆိုတဲ့ အတွေးက ဒုတိယဆန္ဒအနေနဲ့ ရှိလာတာပါ။ ပထမဆန္ဒ ပြည့်စုံဖို့အတွက် ဒုတိယဆန္ဒက အထောက်အပံ့ပေးဖို့သာ ဖြစ်ပါတယ်။
ပိုက်ဆံရှိလာတဲ့အခါ ဘဝကို စိတ်ကြိုက်ဖန်တီးနိုင်မယ်။ စိတ်ကြိုက်ဖန်တီးလို့ရတဲ့ ဘဝမှာနေရတဲ့အခါ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်မယ်လို့ အခြေခံအားဖြင့် တွေးတောလေ့ရှိကြပါတယ်။ ဒါပေမယ့် ဒုတိယဆန္ဒအတိုင်း ကြိုးစားလို့ အတိုင်းအတာတစ်ခုထိ ပိုက်ဆံတွေရှိလာတဲ့အခါ ကိုယ်တကယ်ဖြစ်ချင်တဲ့ ပထမဆန္ဒ (ဘဝကို အေးအေးဆေးဆေး နေချင်တယ်) ဆိုတဲ့အချက်ကို မေ့လျော့သွားတတ်ကြပြီး အတောမသတ်နိုင်တဲ့ လောဘတွေနဲ့ ပိုက်ဆံ (ဒုတိယဆန္ဒ) ကိုပဲ ထပ်ပြီးရှာဖွေရင်း ပူလောင်တဲ့ဘဝထဲက ရုန်းမထွက်နိုင် ဖြစ်ကြပါတယ်။
ကျန်းမာရေးအတွက် အားကစားလုပ်ချိန်မပေးနိုင်၊ ဘဝမှာ ပျော်ရွှင်ချိန် အပန်းဖြေချိန် အနားယူချိန်ဆိုတာမရှိ၊ မိသားစုအတွက် အချိန်ဆိုတာမရှိ၊ ဘာသာရေးအတွက် အချိန်မရှိ၊ အများအတွက် ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးအတွက် ဘာကောင်းကျိုးတစ်ခုမှ မလုပ်နိုင်ခဲ့ဘဲ အလုပ်တွေချည်းပဲ လုပ်ပြီး သေသွားမယ်ဆိုရင် ဘဝကို ဘာအတွက် အသက်ရှင်နေတာလဲ၊ ဘာအတွက် အလုပ်လုပ်နေတာလဲလို့ မေးခွန်းထုတ်ရပါတော့မယ်။
အလုပ်လုပ်ဖို့အတွက် မွေးဖွားအသက်ရှင်လာကြတာ မဟုတ်ပါဘူး။ အသက်ရှင်ရပ်တည်နိုင်ဖို့အတွက်သာ အလုပ်လုပ်နေကြတာပါ။ ကိုယ်မရှိလည်း အလုပ်ရှင်က ကိုယ့်နေရာမှာ တစ်ခြား ဝန်ထမ်းတစ်ယောက်နဲ့ ခပ်မြန်မြန်ပဲ အစားထိုးသွားမှာပါပဲ။
“ကျွန်တော်ဟာ စီးပွားရေးလောကမှာ အောင်မြင်မှုတွေကို ရရှိခဲ့ပြီး တခြားသူတွေအတွက် စံနမူနာပြပေါ့။ ဒါပေမဲ့ ကျွန်တော့်မှာ အလုပ်ကလွဲရင် ပျော်ရွှင်မှုဆိုတာ မရှိသလောက်ပါပဲ။ အခုလို လူနာကုတင်ပေါ်မှာ လဲလျောင်းနေရတော့ ဘဝတစ်လျှောက်လုံးကို ပြန်စဉ်းစားနေမိတယ်။ ကျနော်ဂုဏ်ယူခဲ့ရတဲ့ ဥစ္စာဓနတွေနဲ့ အသိအမှတ်ပြုမှုတွေ အားလုံးဟာ သေခြင်းတရားနဲ့ ရင်ဆိုင် ကြုံတွေ့ရခါနီး အချိန်မှာတော့ တဖြည်းဖြည်းနဲ့ မှေးမှိန်ပြီး အဓိပ္ပာယ်မဲ့လာပါလားဆိုတာကို သဘောပေါက်လာမိတယ်” လို့ Apple ရဲ့ ဖခင်ကြီး စတိဗ်ဂျော့ကတောင် ဆိုခဲ့ဖူးပါတယ်။
ဘဝရပ်တည်ရေးအတွက် နယ်ကနေ ရန်ကုန်မှာ လာနေတဲ့သူတွေ ရှိသလို ဇာတိနဲ့ ဝေးလံတဲ့နေရာတွေမှာ တာဝန်ကျနေတဲ့ သူတွေ၊ နိုင်ငံရပ်ခြားရောက်နေတဲ့သူတွေဆို ဒီလိုကိစ္စတွေကို မလွှဲသာမရှောင်သာ ပိုပြီးခံစားကြရပါတယ်။
နောင်တဆိုတာ နောင်မှရတတ်တဲ့အရာမို့ “နောင်တ” ရယ်လို့ နာမည်တွင်နေတာပါ။ ပူလောင်မှုတွေနဲ့ ဘဝတစ်ခုကို ဖြတ်သန်းရင်း အချိန်တွေကုန်လို့ သားသမီးကို မဆုံးမမိ၊ မိဘကို ကျေးဇူးမဆပ်မိ အဖြစ်မျိုးတွေ မကြုံစေချင်ပါဘူး။
လူတစ်ယောက်ဟာ အောင်မြင်တယ်၊ တော်တယ်၊ ချမ်းသာတယ် စတဲ့ ဂုဏ်ပုဒ်တွေကို ပိုင်ဆိုင်ပြီး ပူလောင်နေမယ်ဆိုရင် သူ့ရဲ့ အောင်မြင်မှုတွေ ချမ်းသာမှုတွေက သူ့အပေါ်ဘာမှ အကျိုးမရှိစေတော့ပါဘူး။ သေသွားရင် အားလုံးကို ထားခဲ့ရမှာပဲဖြစ်ပြီး ဒါက ဆင်းရဲချမ်းသာ လူမျိုးဘာသာမရွေး ဘယ်သူမှ ငြင်းမရတဲ့ အချက်ပါ။
အသက်ရှင်ချိန်ဟာ တိုတိုလေး ဆိုတာကို သတိရဖို့ လိုပါတယ်။ “အလုပ်ဟူသမျှ ဂုဏ်ရှိစွ” ဆိုပြီး အလုပ်ကြိုးစားတာ၊ အလုပ်အပေါ်တန်ဖိုးထားပြီး အလုပ်လောဘရှိတာ ကောင်းပေမယ့် နေထွက်ချိန်ကနေ နေဝင်ချိန်ထိ အလုပ်နဲ့ပဲ အချိန်ကုန်နေမယ်ဆို ဘဝဟာ အဓိပ္ပာယ်မရှိတော့ပါဘူး။ ပိုက်ဆံတွေ ကုန်းရုန်းရှာပြီး ပူလောင်တဲ့ သောကတွေနဲ့ ကိုယ့်အပေါ် အလေးထားတဲ့သူတွေ၊ ကိုယ်ချစ်ရတဲ့သူတွေကို အသက်ရှင်တုန်းလေး ဂရုတစိုက်ရှိရမယ့်အစား ဥပက္ခာပြုမထားမိဖို့ သတိပြုသင့်ပါတယ်။
ဘဝရဲ့ အရသာဆိုတာဘာလဲ၊ ဘယ်အရာတွေက ပိုအရေးကြီးလဲ၊ ဘာလုပ်သင့်လဲ၊ ဘယ်လိုနေထိုင်သင့်လဲ ဆိုတဲ့ စစ်မှန်တဲ့ ဘဝအဓိပ္ပာယ်တွေကို ရှာဖွေနိုင်ကြပါစေဗျာ…
Cj (ရိုးရာလေး)