မိန်းမနှစ်ယောက်ကို တစ်ပြိုင်တည်း လက်ထပ်မယ့် ရော်နယ်ဒင်ဟို

yyl-001.jpg

အသက် ၃၈ နှစ်အရွယ် ဘရာဇီးလက်ရွေးစင်ဟောင်း ရော်နယ်ဒင်ဟိုဟာ ပရစ်ဆီလာ ကော်လ်ဟို (Priscilla Coelho) နဲ့ ဘိရစ်ဇ် ဆိုဇာ (Beatriz Souza) ဆိုတဲ့ မိန်းမနှစ်ယောက်နဲ့အတူ သူရဲ့ ယူရို ၅ သန်းတန် စံအိမ်ကြီးမှာ အတူနေထိုင်နေတယ်လို့ ဘရာဇီး သတင်းတွေက ဆိုပါတယ်။

ဘရာဇီးမီဒီယာတွေရဲ့ အဆိုအရ ရော်နယ်ဒင်ဟိုဟာ မိန်းမနှစ်ယောက်နဲ့အတူ လက်ထပ်ပွဲလုပ်ဖို့ သီးသန့်လျှို့ဝှက်စွာ စီစဉ်ထားတယ်လို့ သိရပါတယ်။

အိမ်ထောင်ရှိလျက်နဲ့ နောက်အိမ်ထောင်ပြုတာမျိုးဟာ ဘရာဇီးမှာ တရားမဝင်ပါဘူး။ ဒီလိုပြုလုပ်မယ်ဆိုရင် ထောင် ၆ နှစ်လောက် ကျခံရဖွယ်ရှိပါတယ်။ ဒါကြောင့် ရော်နယ်ဒင်ဟိုဟာ နှစ်ယောက်လုံးကို လက်ထပ်တဲ့ အခမ်းအနားကို ရိုးရိုးသာ ကျင်းပမှာဖြစ်ပြီး တရားဝင်လက်မှတ်ထိုး ယူမှာမဟုတ်ပါဘူးလို့ သတင်းတွေက ဆိုပြန်ပါတယ်။

ဒီ ဘာစီလိုနာကစားသမားဟောင်းဟာ ဘိရစ်ဇ် (Beatriz) နဲ့ ၂၀၁၆ လောက်တည်းက တွေ့ဆုံခဲ့တာဖြစ်ပေမယ့် ပရစ်ဆီလာ (Priscilla) နဲ့လည်း ဆက်ဆံရေးတွေ ပုံမှန်အတိုင်းပဲ ရှိနေခဲ့တာပါ။ ရော်နယ်ဒင်ဟိုဆီက လစဉ် ယူရို ၁၅ဝဝ ဝန်းကျင်စီ ရယူခဲ့တယ်လို့လဲ သတင်းပေါက်ကြားမှုတွေ ရှိနေပါတယ်။

ရော်နယ်ဒင်ဟိုဟာ နှစ်ယောက်လုံးအတွက် တူညီတဲ့ လက်ဆောင်တွေ ဝယ်ပေးလေ့ရှိပြီး မကြာခင်က ခရီးစဉ်တစ်ခုအတွင်း ရေမွှေးလက်ဆောင် အတူတူဝယ်ပေးခဲ့ပါတယ်။ နှစ်ယောက်လုံးကို လက်ထပ်ဖို့အတွက် ပြီးခဲ့တဲ့နှစ် ဇန်နဝါရီတည်းက ပြောထားခဲ့တာဖြစ်ပြီး စေ့စပ်လက်စွပ် နှစ်ယောက်စလုံးကို ပေးထားခဲ့ပြီးပြီလို့ ဘရာဇီးသတင်းစာ အို ဒိုင်ယာ (O Dia) သတင်းစာရဲ့ ဆောင်းပါးရှင် လီယို ဒိုင်းစ် (Leo Dias) ကဆိုပါတယ်။

ရော်နယ်ဒင်ဟိုရဲ့ ညီမဖြစ်သူ ဒက်ဆီ (Deisi) ကတော့ သူ့အစ်ကိုရဲ့ အခုလိုမိန်းမတွေ ယူတာကို ဆန့်ကျင်ခဲ့ပါတယ်။ ဒါပေမဲ့ ရော်နယ်ဒင်ဟိုက ကောလဟလတွေကို မယုံစေချင်ကြောင်းနဲ့ သူစေ့စပ်မယ်ဆိုရင် အားလုံးကို အသိပေးသွားမှာပါ လို့ တွစ်တာ (Twitter) ကနေ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။

အခုလို ငြင်းဆန်ထားပေမယ့် ရော်နယ်ဒင်ဟိုရဲ့ အိမ်နီးချင်းဖြစ်တဲ့ ဘရာဇီးအဆိုတော် အဆိုတော် ဂျော့ဂ် ဗာဆီလို (Jorge Vercillo) ဟာ လပ်ထပ်ပွဲအတွက် ဂီတပိုင်းကို တာဝန်ယူထားတယ်လို့ ပြည်တွင်းမီဒီယာတွေက အခိုင်အမာဖော်ပြထားပါတယ်။

ပရစ်ဆီလာ (Priscilla) နဲ့ ဘိရစ်ဇ် (Beatriz) နှစ်ယောက်စလုံးဟာ ဘီလို ဟော်ရီဇွန်တီ (Belo Horizonte) မြို့ကဖြစ်ပြီး အဲဒီမြို့အခြေစိုက် အက်သလက်တီကို မင်နဲရိုး အသင်းမှာ ရော်နယ်ဒင်ဟိုဟာ ၂၀၁၂ ခုနှစ်မှာ ပါဝင်ကစားရင်း ပထမဆုံး ကိုပါလစ်ဘာတာဒိုရပ်စ် ဖလားကို ရရှိခဲ့ဖူးပါတယ်။

ရော်နယ်ဒင်ဟိုဟာ မိန်းမတွေနဲ့ပတ်သတ်ပြီး သူရဲ့ ဆက်ဆံရေးတွေကို လူသိရှင်ကြား ထုတ်ဖော်လေ့မရှိခဲ့ပေမဲ့ ဒီအမျိုးသမီးနှစ်ယောက်နဲ့အတူ အခမ်းအနားတွေကို တက်ရောက်လေ့ရှိတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ မတ်လအတွင်းက ဆမ်ဘာ ဂီတအဖွဲ့နဲ့ ဂျပန်ကို ခရီးထွက်ခဲ့တုန်းကတော့ သူ့ရဲ့ follower ပေါင်း ၃၂ သန်းလောက်ရှိတဲ့ Instagram အကောင့်မှာ သူကိုယ်တိုင် အဲဒီမိန်းမနှစ်ယောက်နဲ့ ဗီဒီယိုဖိုင်တွေ တင်ထားခဲ့ဖူးပါတယ်။

 

Ref : Daily Mail “Is Ronaldinho ‘marrying’ two women at the same time?

Cj (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top