၂၅ နှစ်ကြာ အိမ်အကူလုပ်ခဲ့တဲ့ မိခင်ဖြစ်သူရဲ့အိမ်အပြန်ခရီးကို သားဖြစ်သူက လေယာဉ်မှူးအဖြစ် လိုက်ပါပို့ဆောင်‌ပေးခဲ့

son.jpg

၂၀၂၃ ခုနှစ် အောက်တိုဘာလမှာတော့ မာဂျီယာက သူ့ရဲ့ နောက်ဆုံးအိမ်အပြန်ခရီးအတွက် အက်ဒစ်အဘာဘာမြို့ကို ပျံသန်းမယ့် လေယာဉ်ပေါ် တက်လိုက်တယ်။ သူက လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့မှာ အိမ်အကူ လာလုပ်တာ ၂၅ နှစ်ကြာမြင့်ခဲ့ပါပြီ။

ဘဲလေးကချေသည်တစ်ဦးဖြစ်တဲ့ မာဂျီယာဟာ သားနှစ်ယောက်အနာဂတ်လှဖို့အတွက် ငယ်ရွယ်စဉ်အချိန်မှာ အိမ်နဲ့ခွဲခွာပြီး တိုင်းတပါးမှာ အလုပ်လုပ်ခဲ့တာပါ။ အီသီယိုးပီးယားကနေ သူ ထွက်ခွာလာတုန်းက သူ့သားအကြီးလေး ကီရူဘယ် (၃) နှစ်အရွယ်ပဲ ရှိပါသေးတယ်။ သားနှစ်ယောက်ကို သူတို့အဘွားက ကြည့်ရှုစောင့်ရှောက်ပေးပြီး မာဂျီယာကတော့ လတိုင်း ပိုက်ဆံ ပြန်ပို့ပေးခဲ့ပါတယ်။

သူဟာ ၅ နှစ်၊ တကြိမ်တော့ မိသားစုဆီ တစ်လ အလည်ပြန်လာလေ့ရှိပြီး တိုင်းတပါးမှာ သူ အလုပ်လုပ်နေတဲ့ ရည်ရွယ်ချက်အကြောင်း သားတွေကို ပြောပြလေ့ရှိပါတယ်။ သားအကြီးလေး ကီရူဘယ်ကလည်း စာကြိုးစားပြီး သူ့အမေရဲ့ ရည်မှန်းချက် အထမြောက်ဖို့ အားထုတ်ခဲ့ပါတယ်။ သူ့အမေက သူ့ကို လေယာဉ်မှူးတစ်ယောက် ဖြစ်လာစေချင်တယ်ဆိုတာ သူ သိပါတယ်။

၂၀၂၃ ခုနှစ် ဧပြီလမှာတော့ အသက် ၂၀ အရွယ်ရှိတဲ့ ကီရူဘယ်ဟာ အီသီယိုးပီးယားလေကြောင်းအကယ်ဒမီကနေ ဘွဲ့ရခဲ့ပါတယ်။ ဘွဲ့ရပြီး သိပ်မကြာခင်မှာပဲ မွေးရပ်မြေကို သူ့အမေ အပြီးပြန်လာတော့မယ့်အကြောင်း သိသွားပြီး သူ့အမေကို အံ့အားသင့်အောင်လုပ်ပေးဖို့ တိတ်တဆိတ် စီစဉ်ခဲ့ပါတယ်။ သူ့အမေရဲ့အိမ်အပြန်ခရီးစဉ်မှာ လေယာဉ်မှူးအဖြစ် လိုက်ပါမောင်းနှင်ဖို့ပါပဲ။

ဘေရွတ်လေဆိပ်မှာ ခရီးသည်တွေ လေယာဉ်ပေါ် တက်လာခဲ့ပြီးနောက်မှာတော့ ကီရူဘယ်က လေယာဉ်မှူးဝတ်စုံ ဝတ်၊ ပန်းစည်းကိုင်ပြီး လေယာဉ်စက်ခန်းထဲကနေ ထွက်လာခဲ့ပါတယ်။ သားဖြစ်သူ မြင်လိုက်ရတဲ့အခါမှာတော့ မာဂျီယာတစ်ယောက် အံ့အားသင့်လွန်းလို့ ကြက်သေသေသွားခဲ့ပါတယ်။ ဆယ်စုနှစ်များစွာ သူ အနစ်နာခံ စိုက်ပျိုးခဲ့တဲ့ အသီးအပွင့်ကို မျက်ဝါးထင်ထင် မြင်လိုက်ရလို့ပါပဲ။

သူတို့သားအမိနှစ်ယောက် ဖက်ငိုနေကြတဲ့ ရုပ်သံမှတ်တမ်းဟာ လူမှုကွန်ရက်မှာ ပျံ့နှံ့သွားပြီး ကြည့်ရှုမှုအကြိမ်ရေ သန်းပေါင်းများစွာ ရှိခဲ့ပါတယ်။

Ref: From sacrifice to triumph: Ethiopian mom’s pilot son flies her home

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top