လက်ဝှေ့ကျော်မိုက်ရိုင်း မျှဝေပေးသည့် ကရင်ပြည်နယ်၏ အလှအပများ

monastere-kyauk-kalap-hpa-an.jpg

ရေပတ်လည်ဝိုင်းနေသော ရေကန်ကြီးအလယ်တွင် မြင့်မားလှသောကျောက်ကလပ်ပေါ်၌ တည်ထားသည့် ကျောက်ကလပ်စေတီတော်ကို ထင်ထင်ရှားရှား တွေ့မြင်ရ

ONE Championship တွင် မှတ်တမ်းကောင်းများပိုင်ဆိုင်ထားသော သပြေညို၊ ရဲသွေးနီ၊ မိုက်ရိုင်းစသည့် ကစားသမားများသည် ကရင်ပြည်နယ်တွင် မွေးဖွားခဲ့ကြသည်။ ကရင်လူမျိုးများသည် လက်ဝှေ့ပညာတွင် ဝါသနာကြီးလှသည်။ ၎င်းတို့ (၃) ဦးအပြင် များစွာသော ကိုယ်ခံပညာကစားသမားများစွာကို ကရင်ပြည်နယ်မှ မွေးထုတ်ပေးနေသည်ကို ကိုယ်ခံပညာအား ကစားပရိသတ်များ သိရှိပြီးလည်း ဖြစ်သည်။

ရိုးရာလက်ဝှေ့အကျော်အမော်တစ်ယောက်ဖြစ်သလို ONE Championship ၏ ကစားသမားတစ်ဦးဖြစ်သူ ကရင်တိုင်းရင်းသား မိုက်ရိုင်းက ကရင်ပြည်နယ်သို့ရောက်လျှင်သွားရောက်သင့်သည့်နေရာများကို ပရိသတ်များအတွက် ရွေးချယ်ပေးခဲ့သည်

ကိုယ်ခံပညာအားကစားနှင့် ကရင်ပြည်နယ်ကို တွဲလျက်မြင်နိုင်သလိုအခြားတစ်ဘက်တွင်လည်း ကရင်ပြည်နယ်သည် တန်ဖိုးဖြတ်မရသည့် သဘာဝပတ်ဝန်းကျင်အလှတရားများကို ပိုင်ဆိုင်ထားသည်။ ရိုးရာလက်ဝှေ့အကျော်အမော်တစ်ယောက်ဖြစ်သလို ONE Championship ၏ ကစားသမားတစ်ဦးဖြစ်သူ ကရင်တိုင်းရင်းသား မိုက်ရိုင်းက ကရင်ပြည်နယ်၏ လှပသည့်နေရာများနှင့် ကရင်ပြည်နယ်သို့ရောက်လျှင် မရောက်ရောက်အောင် သွားရောက်သင့်သည့်နေရာများကို ပရိသတ်များအတွက် ရွေးချယ်ပေးခဲ့သည်။

ဒဏ္ဍာရီပုံပြင်များနှင့် ဘုရင့်ညီဂူ

ကရင်ပြည်နယ်ရှိ ဘုရင့်ညီဂူကို ဘုရင်ညီနောင်ဂူဟုလည်း သိကြပြီး ဒဏ္ဍာရီဇာတ်လမ်းများစွာ ပြည့်နက်နေသလို ဆွတ်ပျံ့ကြည်နူးဖွယ်ကောင်းသည့် သဘာဝရှုမျှော်ခင်းများကို တဝကြီးခံစားကြရမည်ဖြစ်သည်။ သဘာဝအတိုင်း တစ်စက်စက်ကျနေသော ရေစက်များကြောင့် ကျောက်စက်ပန်းဆွဲများအပြည့်ဖြင့် လှပနေသည့်သဘာဝလိုဏ်ဂူတစ်ခုဖြစ်သည်။

တောင်ခြေတွင် အငွေ့တထောင်းထောင်းထနေသော ရေပူစမ်းလေးတစ်ခုလည်းရှိနေသည်။ ရေပူစမ်းက မပူ၊ မနွေးဖြစ်နေသောကြောင့် ဂူကိုလေ့လာရင်း ရေပူစမ်းတွင် ရေချိုးနိုင်ကြာင်း၊ ဒေသခံတို့၏ ယုံကြည်မှုအရ အဆိုပါရေပူစမ်းသည် လေဖြန်းရောဂါနှင့် ကိုယ်အရေပြား ရောဂါအချို့ကို ပျောက်ကင်းသည်ဟူသော အဆိုရှိကြောင်း မိုက်ရိုင်းကဆိုသည်။

သဘာဝကျောက်စက်ပန်းဆွဲများကိုကြည့်ရှုရင်း ရေပူစမ်းတွင်ရေချိုးကာ ဒေသထွက် အမှတ်တရပစ္စည်းများကို အိမ်ပြန်လက်ဆောင်အဖြစ် ဝယ်ယူနိုင်မည်ဖြစ်သည်။ ထို့အပြင် ဘုရင့်ညီဂူတွင် မိုးရာသီ၌ လှေဖြင့်လည်ပတ်ရသည်မှာလည်း ထူးခြားဆန်းသစ်သော အတွေ့အကြုံဖြစ်ကြောင်း မိုက်ရိုင်းက အကြံပြုထားသည်။

ကော့ကွန်းဂူနှင့် ကျောက်ကလပ်စေတီ

ကော့ကွန်းဂူသည် ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်များစွာရှိသောဂူတစ်ဂူဖြစ်ပြီး ပုဂံခေတ်နှောင်းပိုင်းလက်ရာများဟု သတ်မှတ်ခံထားရသည်

ကော့ဂွန်းဂူသည်လည်း ကရင်ပြည်နယ်၏ လှပသောဂူများထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။
ထူးခြားချက်အဖြစ် ထုံးကျောက်တောင်နံရံများပေါ်တွင် ဘုရားရုပ်တုများ ထွင်းထုထားသည်။ ယခင်ခေတ်လက်ရာများဖြစ်ပြီး တောင်နံရံတွင် ခက်ခက်ခဲခဲထွင်းထုထားခြင်းကို အံ့သြဖွယ်မြင်တွေ့ရမည်ဖြစ်သည်။ ကော့ဂွန်းဂူသည် အေဒီ (၇) ရာစုခန့်ကတည်းက တည်ရှိနေခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများကယုံကြည်ကြသည်။ ကော့ကွန်းဂူသည် ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်များစွာရှိသောဂူတစ်ဂူဖြစ်ပြီး ပုဂံခေတ်နှောင်းပိုင်းလက်ရာများဟု သတ်မှတ်ခံထားရသည်။ ကော့ကွန်းဂူတွင် အုတ်ခွက်ဗုဒ္ဓဆင်းတုတော်ရုပ်များ၊ ထုံးကျောက်၊ သဲကျောက်တို့တွင်ထွင်းထုထားသော ရှေးဟောင်းယဉ်ကျေးမှုလက်ရာများကို မြင်တွေ့ခွင့်ရမည်ဖြစ်သည်။

ရေပတ်လည်ဝိုင်းနေသော ရေကန်ကြီးအလယ်တွင် မြင့်မားလှသောကျောက်ကလပ်ပေါ်၌ တည်ထားသည့် ကျောက်ကလပ်စေတီတော်ကို ထင်ထင်ရှားရှား တွေ့မြင်ရ

နောက်ထပ်တန်ခိုးကြီးဘုရားတစ်ဆူမှာ ကျောက်ကလပ်စေတီဖြစ်သည်။ ရေပတ်လည်ဝိုင်းနေသော ရေကန်ကြီးအလယ်တွင် မြင့်မားလှသောကျောက်ကလပ်ပေါ်၌ တည်ထားသည့် ကျောက်ကလပ်စေတီတော်ကို ထင်ထင်ရှားရှား တွေ့မြင်ရမည်ဖြစ်သည်။ တန်ဖိုးမဖြတ်နိုင်သောအလှအပများနှင့် သာမညဆရာတော်ဘုရားကြီး၏ ရုပ်ထုတည်ရှိရာ ကျောက်ကလပ်စေတီသည် ကရင်ပြည်နယ်၏ အမှတ်အသားတစ်ခုလည်းဖြစ်သည်။ ထို့ကြောင့် ကရင်ပြည်နယ်၊ ဘားအံမြို့သို့ရောက်ရှိပါက ကော့ကွန်းဂူနှင့်ကျောက်ကလပ်စေတီကို သွားရောက်လည်ပတ်ကြရန် မိုက်ရိုင်းက အကြံပြုခဲ့သည်။

တောင်ဝိုင်းတောင်

တောင်ဝိုင်းသည် ဆယ်ကျော်သက်လူငယ်များ အသွားအလာအများဆုံးနေရာ ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော ဓာတ်ပုံရိုက်ကူးရန် အကောင်းဆုံးနေရာတစ်ခုဖြစ်သောကြောင့်ဖြစ်သည်။ တောင်ဝိုင်းတောင်၏ အတက်လမ်းသည် မတ်စောက်ပြီးကျဉ်းမြောင်းသောကြောင့် သက်ကြီးရွယ်အိုများတက်ရောက်ရန် အဆင်မပြေနိုင်ပေ။

လမ်းတစ်လျှောက်မြင်ကွင်းများသည် စိမ်းလန်းစိုပြေနေပြီး တောင်တက်လမ်းသည် လွန်စွာမတ်စောက်လှပြီး လမ်း၏တစ်ဘက်ကို ကြည့်လိုက်လျှင် မက်စောက်လှသည့် ချောက်ကမ်းပါးတည်ရှိနေသောကြောင့် စွန့်စွန့်စားစား ခရီးကြမ်းကို ကြိုက်နှစ်သက်သူများအတွက် လွန်စွာအဆင်ပြေလှသည်။ တောင်ဝိုင်းတောင်ပေါ်ရောက်သွားချိန်တွင် ကောင်းကင်ပေါ်ရောက်သွားသကဲ့သို့၊ တိမ်ပင်လယ်ထဲရောက်သွားသကဲ့သို့ အမှန်တကယ် ခံစားသွားစေရမည်ဟု မိုက်ရိုင်းက ဆိုသည်။

ဆဒ္ဒန်ဂူ

ကရင်ပြည်နယ်၏ အထင်ကရနေရာတစ်ခုဖြစ်ပြီး ဘုရားအလောင်း ဆဒ္ဒန်ဆင်မင်း နေထိုင်ကျက်စားခဲ့သည့်ဂူဟု ရာဇဝင်များလည်းရှိသည်။ အလွန်ကြီးမားသောဂူကြီးဖြစ်ပြီး အမြင့်၊ အကျယ်အဝန်း၊ အတွင်းဂူလမ်းကြောင်းများသည် အခြားဂူများထက်ပိုမိုကြီးမားသည်။ ဂူအတွင်း ကျောက်ခက်ပန်းဆွဲများပုံစံမျိုးစုံဖြင့် တည်ရှိနေသည်။ ဆဒ္ဒန်ဂူ၏ ထူးခြားချက်မှာ ကျောက်ဆောင်ကြီးအောက်ကို လှေစီးပြီးဝင်ရခြင်းဖြစ်သည်။ လှေစီးရင်း စိတ်လှုပ်ရှားဖွယ်အလှအပများကို တစ်ဝကြီးခံစားနိုင်သည်။ ၎င်း၏ပရိသတ်များ ဧည်သည့်အဖြစ် ဘားအံမြို့သို့ လာရောက်လည်ပတ်တိုင်း ဆဒ္ဒန်ဂူကို မဖြစ်မနေ လိုက်ပို့ကြောင်း မိုက်ရိုင်းကဆိုသည်။

သဘောကောင်းရိုးသားသည့်တိုင်းရင်းသားများနေထိုင်ရာ ပြည်နယ်တစ်ခုဖြစ်သည်

ကရင်ပြည်နယ်သည် လည်ပတ်စရာ ရှုခင်းလှလှများ၊ လတ်ဆတ်သည့် ဒေသထွက် အစားအသောက်ကောင်းများ၊ သဘောကောင်းရိုးသားသည့်တိုင်းရင်းသားများနေထိုင်ရာ ပြည်နယ်တစ်ခုဖြစ်သည်။ လတ်ဆတ်သည့်လေ၊ သဘာဝအတိုင်း ဖြစ်တည်နေသည့်ဂူများနှင့် ကြည်လင်သည့်ရေပြင်ပြာများဝိုင်းရံထားသည့် ကရင်ပြည်နယ်သို့ လည်ပတ်ဖြစ်အောင် လာရောက်လည်ပတ်သင့်ကြောင်း မိုက်ရိုင်းက ထပ်လောင်းပြောကြားခဲ့ပါသည်။

Ref: ONE Championship
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top