ONE: MARK OF GREATNESS ပြိုင်ပွဲမှ စိတ်ဝင်စားစရာ တွဲဆိုင်း ၄ ဆိုင်း

yyl-020-1.jpg

ကမ္ဘာ့အကြီးဆုံး ကိုယ်ခံပညာသိုင်းပေါင်းစုံအဖွဲ့အစည်း ONE Championship သည် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ ၆ ရက်တွင် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ Axiata Arena အားကစားရုံတွင် ONE: MARK OF GREATNESS ပြိုင်ပွဲအား ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ အ ဆိုပါပြိုင်ပွဲသည် ယခုနှစ်အတွင်း ONE က နောက်ဆုံးကျင်းပသော ပြိုင်ပွဲလည်းဖြစ်ပြီး မလေးရှားနိုင်ငံတွင် ဒုတိယအကြိမ်မြောက်အဖြစ် ကျင်းပသော ပြိုင်ပွဲလည်းဖြစ်သည်။ အဆိုပါပြိုင်ပွဲ၏ ထူးခြားချက်မှာ ယခုမှအသစ်ပေးအပ်မည့် ကမ္ဘာ့ချန်ပီယံလုပွဲ တွဲဆိုင်းနှစ်ဆိုင်းကို ခေါင်တွဲဆိုင်းများအဖြစ် စီစဉ်တင်ဆက်သွားမည်ဖြစ်သည်။
စုစုပေါင်းတွဲဆိုင်း ၁၃ ဆိုင်းပါဝင်သည့် ONE: MARK OF GREATNESS ပြိုင်ပွဲတွင် ကစ်ဘောက်ဆင်တွဲဆိုင်း ၃ ဆိုင်း၊ မွေထိုင်းတွဲဆိုင်း ၂ ဆိုင်းနှင့် ကိုယ်ခံပညာသိုင်းပေါင်းစုံတွဲဆိုင်း ၈ ဆိုင်းပါဝင်လျက်ရှိသည်။ အမျိုးသမီးတွဲဆိုင်း ၂ ဆိုင်းထည့်သွင်းထားသည့် ONE: MARK OF GREATNESS ပြိုင်ပွဲတွင် ပရိသတ်အကြိုက်တွေ့နိုင်သည့် တွဲဆိုင်း ၄ ဆိုင်းကို ဖော်ပြလိုက်ပါသည်။

၁။ Agilan Thani Vs Mohammad Karaki

ယခုပြိုင်ပွဲတွင် အိမ်ရှင်မလေးရှားနိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်ထိုးသတ်မည့် အားကစားသမား ၃ ဦးအနက် အထင်ရှားဆုံးက ONE ဝယ်သာ ဝိတ်တန်း ကမ္ဘာ့ချန်ပီယံစိန်ခေါ်သူအဆင့်သို့ ရောက်ခဲ့ဖူးသော Agilan “Alligator” Thani ဖြစ်သည်။ အသက် ၂၄ နှစ်အရွယ် Thani သည် ၂၀၁၅ ခုနှစ်တွင် ONE နှင့်ပူးပေါင်းကာ ပြိုင်ပွဲများယှဉ်ပြိုင်ခဲ့ပြီး ၉ ပွဲနိုင်၊ ၄ ပွဲရှုံးမှတ်တမ်းကို ပိုင်ဆိုင်ထားသည်။ Monarchy MMA အသင်းသား ၎င်းသည် ၂၀၁၇ ခုနှစ်၊ မေလအတွင်း ONE ဝယ်သာဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲအဖြစ် အမေရိကန်အားကစားသမား Ben “Funky” Askren နှင့်ယှဉ်ပြိုင်ခဲ့ရာ ပထမအချီမှာပင် မြေပြင်ချုပ်ကွက်ဖြင့် အရေးနိမ့်ခဲ့သည်။

၎င်းသည် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ ၁၃ ရက်က ဂျပန်တွင်ပြုလုပ်သော ONE: CENTURY ပြိုင်ပွဲတွင် အိမ်ရှင် ဂျပန်အားကစားသမား Yushin “Thunder” Okami ကို ရှုံးနိမ့်ထားရာ ယခု မွေးရပ်မြေတွင်ယှဉ်ပြိုင်မည့်ပွဲ၌ လက်ဘနွန်အားကစားသမား Mohammad “O Lutador” Karaki ကို အနိုင်ရရှိရန် လိုအပ်နေသည်။ Karaki သည် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလအတွင်း လက်ရှိ ONE ဝိတ်တန်းနှစ်ခု ကမ္ဘာ့ချန်ပီယံ “မြန်မာ့စပါးအုံး” အောင်လအန်ဆန် ၏ မစ်ဒယ်ဝိတ်တန်း ချန်ပီယံခါးပတ်အတွက် စိန်ခေါ်ထိုးသတ်ခဲ့ရာ ရှုံးနိမ့်ခဲ့သည်။ ထိုပွဲအပြီး ၎င်းမှာ မည်သည့်ပြိုင်ပွဲမှ ယှဉ်ပြိုင်ခြင်းမရှိတော့ဘဲ တစ်နှစ်စွန်းစွန်းအကြာတွင် Thani နှင့် ပြန်လည်ယှဉ်ပြိုင်ခြင်းဖြစ်ရာ နိုင်ပွဲလိုအပ်နေ သူအချင်းချင်း ဆုံတွေ့နေသည့်ပွဲဖြစ်နေခြင်းကြောင့် ပွဲကောင်းတစ်ပွဲဖြစ်လာမည်က သေချာနေသည်။

၂။ Tial Thang Vs Kim Woon Kyoum

ယခုပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုယှဉ်ပြိုင်မည့် တစ်ဦးတည်းသော ကစားသမားက “Dragon Leg ” တီရဲလ်ထန် ပင်ဖြစ်သည်။ ချင်းပြည်နယ် နပမ်းချန်ပီယံဆုကို ၄ ကြိမ်ရရှိဖူးသော တီရဲလ်ထန်သည် အမေရိကန်တွင် အခြေချနေထိုင်လျက်ရှိသူဖြစ်ပြီး New York State Championship နပမ်းပြိုင်ပွဲတွင် ပွဲပေါင်းများစွာ အနိုင်ရထားသူဖြစ်သည်။ အောင်လအန်ဆန်၏ လမ်းညွှန်ပြသပေးမှုများကြောင့် ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားလောကသို့ ခြေစုံပစ်ဝင်ရောက်လာသော ၎င်းသည် အောင်မြင်မှုများ ပိုမိုရယူနိုင်ရေးအတွက် အောင်လအန်ဆန်လေ့ကျင့်နေသည့် Hard Knocks 365 ကလပ်တွင် ပြောင်းလဲလေ့ကျင့်လျက်ရှိသည်။

ချင်းတိုင်းရင်းသားတစ်ဦးဖြစ်သူ တီရဲလ်ထန်သည် ၂၀၁၉ ခုနှစ်၊ မတ်လ ၈ ရက်က မွေးရပ်မြေ မြန်မာနိုင်ငံတွင်ပြုလုပ်သော ONE: REIGN OF VALOR ပြိုင်ပွဲတွင် ပထမဆုံးအကြိမ်ယှဉ်ပြိုင်ခဲ့ပြီး ကမ္ဘောဒီးယားအားကစားသမား Rin Saroth ကို အမှတ်ဖြင့် အနိုင်ရထား သည်။ ယခုပွဲမှာ ၎င်းအတွက် ONE တွင် ဒုတိယအကြိမ်ယှဉ်ပြိုင်ရသည့်ပြိုင်ပွဲဖြစ်ပြီး ဘန်တန်ဝိတ်တန်းတွဲဆိုင်းအဖြစ် တောင်ကိုရီးယား အားကစားသမား Kim “The Kid” Woon Kyoum နှင့် ဆုံတွေ့နေသည်။ အသက် ၃၀ အရွယ် Kim သည် ဂျပန်နိုင်ငံတွင် ကိုယ်ခံပညာ သိုင်းပေါင်းစုံပြိုင်ပွဲများစွာ ယှဉ်ပြိုင်ခဲ့ဖူးသူဖြစ်ရာ ၎င်းတို့နှစ်ယောက်တွဲဆိုင်းက မီးကုန်ယမ်းကုန် ယှဉ်ပြိုင်ကြမည့် တွဲဆိုင်းကောင်းဖြစ် သည်။

၃။ Sam-A Gaiyanghadao Vs Wang Junguang

ONE က အသစ်ပေးအပ်မည့် စတောဝိတ်တန်း ကစ်ဘောက်ဆင် ကမ္ဘာ့ချန်ပီယံတွဲဆိုင်းတွင် ထိုင်းအားကစားသမား Sam-A Gaiyanghadao နှင့် တရုတ်အားကစားသမား Wang “Golden Boy” Junguang တို့ ဆုံတွေ့နေသည်။ အသက် ၃၆ နှစ်အရွယ် Sam-A သည် ကစား သမားဘဝ ၂၅ နှစ်တာအတွင်း ပွဲ ၄၀၀ ကျော်ယှဉ်ပြိုင်ထားပြီး ONE ဖလိုင်းဝိတ်တန်း မွေထိုင်းကမ္ဘာ့ချန်ပီယံဟောင်း လည်း ဖြစ်သည်။ ၎င်းသည် မွေထိုင်းကမ္ဘာ့ချန်ပီယံခါးပတ်များစွာကို ရယူထားသူဖြစ်သလို အကောင်းဆုံး မွေထိုင်းကစ်ဘောက်ဆာတစ် ဦးအဖြစ် သတ်မှတ်ခံထားရသူဖြစ်သည်။ Evolve MMA အသင်းသား ၎င်းသည် မွေထိုင်းကစားသမားပီပီ ပြင်းထန်သောခြေကန်ချက်နှင့် တံတောင်ရိုက်ချက်များကို အကောင်းဆုံး အသုံးချနိုင်သူဖြစ်သည်။

Wang ကလည်း မွေထိုင်းနှင့် ကစ်ဘောက်ဆင်ကို ပိုင်ပိုင်နိုင်နိုင် အသုံးချတတ်သူဖြစ်သလို ၂၄ နှစ်သာရှိသေးသော်လည်း ၁၈ ပွဲနိုင်၊ ၃ ပွဲ ရှုံးမှတ်တမ်းကို ပိုင်ဆိုင်ထားသည်။ ONE အဖွင့်ပွဲဦးထွက်အဖြစ် ယခုနှစ် အောက်တိုဘာလက အာဂျင်တီးနားအားကစားသမား Federico “The Little Big Man” Roma ကို ပထမအချီမှာပင် ဒိုင်ပွဲရပ်အနိုင်ရထားသူဖြစ်သည်။ Sam-A ရော Wang ပါ မွေထိုင်းနှင့် ကစ်ဘောက်ဆင်ကို ပိုင်ပိုင်နိုင်နိုင် အသုံးချတတ်သူများဖြစ်သလို ကမ္ဘာ့ချန်ပီယံဖြစ်ခွင့်လည်းရှိနေသောကြောင့် ပရိသတ်အကြိုက် အ သည်းပေါက်မတတ်ယှဉ်ပြိုင်မည့်တွဲဆိုင်း ဖြစ်လာပေလိမ့်မည်။

၄။ Alaverdi Ramazanov Vs Zhang Chenglong

ကမ္ဘာ့ချန်ပီယံအသစ်တစ်ဦးထွက်ပေါ်စေရန် စီစဉ်တင်ဆက်မည့် ONE ဘန်တန်ဝိတ်တန်း ကစ်ဘောက်ဆင် ကမ္ဘာ့ချန်ပီယံတွဲဆိုင်းတွင် ရုရှားအားကစားသမား Alaverdi “Babyface Killer” Ramazanov နှင့် တရုတ်အားကစားသမား “Muay Thai Boy” Zhang Chenglong တို့ ယှဉ်ပြိုင်သွားမည်ဖြစ်သည်။ IFMA World Champion မွေထိုင်းကမ္ဘာ့ချန်ပီယံဆုကို ၃ ကြိမ်ရဖူးသော Ramazanov သည် ထိုင်းနိုင်ငံတွင်အခြေစိုက်ကာ မွေထိုင်းပွဲပေါင်းများစွာ ယှဉ်ပြိုင်ဖူးသူဖြစ်သည်။ ၎င်းသည် ONE Super Series ပွဲစဉ်များတွင် ထိပ် တန်းအားကစားသမားများနှင့် ရင်ဆိုင်ဖူးသလို ယခုနှစ်သြဂုတ်လအတွင်းက ဆားဘီးယား/အမေရိကန်အားကစားသမား Ognjen Topic နှင့်ယှဉ်ပြိုင်ရာတွင်လည်း ပထမအချီမှာပင် အနိုင်ရထားသည်။

Chenglong မှာ ကိုယ်ခံပညာအားကစားမျိုးရိုးမှ ဆင်းသက်လာသူဖြစ်ပြီး ကြိုးဝိုင်းအမည်နှင့်လိုက်ဖက်စွာ မွေထိုင်းကို ကောင်းစွာအသုံး ချယှဉ်ပြိုင်နိုင်သူဖြစ်သည်။ ၎င်းသည် ONE တွင် ၃ ပွဲယှဉ်ပြိုင်ထားရာ ပွဲတိုင်းအနိုင်ရထားပြီး အသက် ၂၂ နှစ်သာရှိသေးသော်လည်း မွေ ထိုင်းပွဲ ၆၀ ကျော်အထိ ယှဉ်ပြိုင်ထားသည်။ ဘယ်သန်တစ်ယောက်ဖြစ်သော ၎င်းသည် ရှုံးပွဲ ၉ ပွဲသာရှိထားရာ ၎င်းနှင့် Ramazanov တို့ တွဲဆိုင်းက ကျားနှင့်ဆင် လယ်ပြင်တွင်တွေ့သလို ပရိသတ်ကို ဖျော်ဖြေမှုကောင်းကောင်း ပေးစွမ်းနိုင်ပေလိမ့်မည်။

ONE: Mark Of Greatness ပြိုင်ပွဲကို မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ Axiata Arena အားကစားကွင်းတွင် ဒီဇင်ဘာလ ၆ ရက်နေ့၌ ကျင်းပပြုလုပ်မည်ဖြစ်ပြီး မြန်မာနိုင်ငံ ကိုယ်စားပြု ချင်းတိုင်းရင်းသား ကစားသမား တီရဲလ်ထန် ပါဝင်ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top