ဆေးရုံမှာ နို့ဆာပြီး ငိုယိုနေတဲ့ ကလေးငယ်ကို နို့တိုက်ခဲ့တဲ့ အာဂျင်တီးနားရဲမေ

ScreenShot2018-08-20at10.28.05PM.png

အာဂျင်တီးနားက အရာရှိ ရဲမေတစ်ဦးကတော့ နို့ဆာလို့ငိုနေတဲ့ ကလေးငယ်ရဲ့ အသံကိုကြားပြီး ချစ်မေတ္တာကို ဖော်ကျူးပြသတဲ့ လုပ်ရပ်တစ်ခုကို လုပ်ဆောင်ခဲ့ပါတယ်။ ရဲမေ ဆီလတ်စတေး အယာလာ (Celeste Ayala) က အာဟာရချို့တဲ့နေတဲ့ နို့စို့အရွယ် ကလေးကို နို့တိုက်နေတဲ့ ဒီဓာတ်ပုံက ဆိုရှယ်မီဒီယာပေါ်မှာ ခဏချင်းမှာပဲ ပျံ့နှံ့သွားခဲ့ပါတယ်။

ဗျူနိုအေးရီးစ်မြို့တော် ဆောမာရီယာလူဒိုဗီကာဆေးရုံဆီ ကလေးငယ် ၆ ယောက်ကို လူမှုဝန်ထမ်းလုပ်သားတွေ ခေါ်ဆောင်လာချိန်ဟာ အယာလာ တာဝန်ထမ်းဆောင်ချိန်နဲ့ တိုက်ဆိုင်နေခဲ့တယ်လို့ အာဂျင်တီးနားသတင်းတွေမှာ ဖော်ပြထားပါတယ်။ ခေါ်ဆောင်လာတဲ့ မောင်နှမ ခြောက်ယောက်လုံးက အာဟာရ ချို့တဲ့နေပြီး ခြောက်လသား ကလေးလေးရဲ့ နို့ဆာလို့ အော်ဟစ်ငိုယိုသံက ကလေးမွေးထားတဲ့ မိခင် အာယာလာရဲ့ စိတ်ကို ထိန်းမရအောင် လှုံ့ဆော်နေခဲ့ပါတယ်။

နောက်ဆုံးမှာ ဆေးရုံဝန်ထမ်းတွေရဲ့ ခွင့်ပြုချက်နဲ့ ကလေးငယ်ကို ပွေ့ချီလိုက်ကာ အငိုတိတ်သွားတဲ့အထိ အယာလာက နို့တိုက်ပေးခဲ့ပြီး အယာလာရဲ့ လုပ်ဖော်ကိုင်ဖက် ရဲမေက ဒါကို ဓာတ်ပုံရိုက်ပြီး သူ့ဖေ့စ်ဘွတ်ခ်အကောင့်မှာ တင်ခဲ့တာပါ။

“ဘယ်သူ ဘယ်ကမှန်း မသိတဲ့ ကလေးတစ်ယောက်အပေါ် ချစ်ခြင်းမေတ္တာနဲ့ ဂရုစိုက်ပေးနေတဲ့ မြင်ကွင်းကို အများပြည်သူတွေ သိစေချင်လို့ပါ” လို့ ရေးသားပြီး ဖေ့စ်ဘွတ်ခ်မှာ တင်လိုက်တဲ့အခါ ဒီပို့စ်ကို ပြန်ပြီးမျှဝေသူ တစ်သိန်းတစ်သောင်းကျော်နဲ့ မှတ်ချက် ထောင်ချီရခဲ့ပြီး ဒီလုပ်ရပ်အတွက် ဝိုင်းလို့ ချီးကျူးခဲ့ကြပါတယ်။

အယာလာ လုပ်အားပေးနေတဲ့ မီးသတ်ဌာနက ဝန်ထမ်းတွေကလည်း ဒီလိုမျိုးလုပ်ရပ်အတွက် ဂုဏ်ယူကြောင်းနဲ့ ပြည်သူအကျိုးအတွက် နှစ်ဆဆောင်ရွက်ပေးကြမယ်ဆိုပြီး လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ရေးတင်ခဲ့ပါတယ်။

ဘရူနိုအေးရီးစ်ပြည်နယ်ရဲ့ လုံခြုံရေးဝန်ကြီး ခရစ္စတီရန် ရီတွန်ဒို (Cristian Ritondo) ကလည်း အယာလာရဲ့ ဓာတ်ပုံကိုမြင်ပြီးတဲ့နောက် အယာလာကို ရာထူးတိုးမြှင့်ပေးခဲ့ကြောင်း သိရပါတယ်။

Ref: cbsnews “Photo of police officer breastfeeding malnourished baby goes viral”

Alice May (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top