၁၉ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီညီလာခံကို ဘေဂျင်းတွင် ကျင်းပ

18china-party-1sub-superJumbo-v2.jpg

တရုတ်နိုင်ငံရဲ့ အကြီးဆုံးနိုင်ငံရေး ညီလာခံဖြစ်တဲ့ တရုတ်ကွန်မြူနစ်ပါတီညီလာခံကို တရုတ်နိုင်ငံ ဘေဂျင်းမြို့မှာ လုံခြုံရေး တင်းကျပ်စွာဖြင့် ဒီကနေ့ (အောက်တိုဘာ ၁၈ ရက်) တွင် စတင်ကျင်းပနေပါတယ်။ တစ်ပတ်ကြာ ကျင်းပမယ့် ညီလာခံမှာ တရုတ်ကွန်မြူနစ်ပါတီရဲ့ ခေါင်းဆောင်ပိုင်းနေရာ ပြန်လည်ဖွဲ့စည်းဖို့ကို အဓိကထား ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

ပါတီခေါင်းဆောင်နဲ့ တရုတ်သမ္မတ ရှီကျင်ပင်းကတော့ ညီလာခံမှာ ပါတီကိုယ်စားလှယ် အယောက် ၂၀၀၀ ခန့်ကို မိန့်ခွန်းပြောခဲ့ပါတယ်။  တံခါးပိတ် ထိပ်သီးဆွေးနွေးပွဲဖြစ်တဲ့ ဒီညီလာခံကို ၅ နှစ်တစ်ကြိမ်ကျင်းပလေ့ရှိပြီး ဒီညီလာခံမှာ နောက်တစ်ကြိမ် သက်တမ်းအတွင်း တရုတ်နိုင်ငံကို ဘယ်သူ အုပ်စိုးမလဲဆိုတာနဲ့ နိုင်ငံရဲ့ ရပ်တည်ချက်အတွက် အဓိကထားဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံ ခေါင်းဆောင်အဖြစ် ၂၀၁၂ ခုနှစ်မှာ ရွေးကောက်ခံခဲ့ရတဲ့ ရှီကျင်ပင်းကတော့ အာဏာကို ခိုင်မြဲစွာ ရပ်တည်ထားနိုင်ပြီး နောက်သက်တမ်းအတွက်လည်း ပါတီခေါင်းဆောင်အဖြစ် ရွေးချယ်ခံရဖို့ အလားအလာ များနေပါတယ်။

နောက်တစ်ပတ်အတွင်း ညီလာခံ ပြီးဆုံးမှာ ဖြစ်ပြီး ညီလာခံပြီးဆုံးတာနဲ့ တရုတ်နိုင်ငံရဲ့ အဓိက ဆုံးဖြတ်ချက်တွေကို ပဲ့ကိုင်သွားမယ့် ပေါ်လစ်ဗျူရို ကော်မတီဝင် အသစ်တွေလည်း ထွက်ပေါ်လာမှာ ဖြစ်ပါတယ်။

ရှီကျင်းပင်းကတော့ တရုတ်ကွန်မြူနစ်ပါတီ ညီလာခံမှာ သူ့သက်တမ်းအတွင်း တရုတ်နိုင်ငံရဲ့ အောင်မြင်မှုတွေကို ပြောဆိုခဲ့ပြီး ဆိုရှယ်လစ်စနစ်နဲ့ တရုတ်နိုင်ငံဟာ ခေတ်သစ်ကို ဝင်ရောက်လာခဲ့ပြီ ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် ပါတီဝင်များကိုလည်း ပြည်သူတွေနဲ့ အတူတူရပ်တည်ပြီး ပြည်သူတွေ ပိုကောင်းမွန်တဲ့ ဘဝကို ရနိုင်စေဖို့ ဆန္ဒကို အမြဲနှလုံးသွင်းထားဖို့လိုအပ်ကြောင်း ရှီကျင်ပင်းက ပြောဆိုခဲ့ပါတယ်။

ရှီကျင်ပင်းဟာ သူ့ရဲ့ လက်ထက်မှာ ပါတီတွင်း အကျင့်ပျက်ခြစားတိုက်ဖျက်မှုရဲ့ အောင်မြင်မှုကိုလည်း ပြောဆိုခဲ့ပြီး ရှီကျင်ပင်းလက်ထက်မှာ ပါတီတွင်း အကျင့်ပျက် ခြစားတဲ့အတွက် အရာရှိ အများအပြားကို အပြစ်ပေးခဲ့ပါတယ်။

ညီလာခံကျင်းပတဲ့အတွက် ဘေဂျင်းမှာတော့ လုံခြုံရေး တင်းကျပ်ထားပြီး မီးရထားဘူတာရုံတွေမှာလည်း လုံခြုံရေးစစ်ဆေးမှုတွေကြောင့် လူအများအပြားစုပုံနေပါတယ်။ ဒါ့အပြင် စားသောက်ဆိုင်တွေ၊ နိုက်ကလပ်တွေ၊ ကာရာအိုကေ ဆိုင်တွေလည်း လုံခြုံရေးတင်းကြပ်မှုကြောင့် ပိတ်ထားရပြီး ဟိုတယ် Booking Website ဖြစ်တဲ့ Airbnb ကလည်း ဘေဂျင်း အော်ဒါတွေကို ပယ်ဖျက်ထားရတယ် လို့သိရပါတယ်။

လေ့လာသူအများအပြားကတော့ ရှီကျင်းပင်းဟာ ပါတီတွင်း နိုင်ငံရေး အာဏာကို ဆက်လက်ဆုပ်ကိုင်သွားနိုင်မှာ ဖြစ်တယ်လို့ ယူဆထားကြပါတယ်။

Ref : BBC : New China’s Communist Party congress

လူမို (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top