သင်ဟာ ရှုံးနိမ့်မှာကို ကြောက်တတ်သူလား

21-important-lessons-from-failure.jpg

လူတိုင်းကတော့ ရှုံးရမှာကို ကြောက်တတ်သူတွေချည်းပါပဲ။ ဘယ်သူမဆိုပြိုင်ရင်လည်း နိုင်ရမှ၊ လုပ်ငန်းတစ်ခုခုလုပ်ရင်လည်း ဖြစ်ဖြစ်မြောက်မြောက်ဖြစ်ရမှကို ကျေနပ်ကြသူတွေပါ။ ဒါပေမဲ့ ရှုံးမှာ၊ အဆင်မပြေဖြစ်မှာကို ကြောက်လို့ အစကတည်းက မကြိုးစားဘဲ လက်လျှော့မယ်ဆိုရင်တော့ ဘယ်ဖြစ်ဦးမလဲ။

အောင်မြင်တဲ့သူတွေမှာလည်း လူသိနည်းခဲ့တဲ့ ရှုံးနိမ့်မှုတွေ ရှိပါတယ်။ ဘတ်စ်ကက်ဘော ချန်ပီယံ မိုက်ကယ်ဂျော်ဒန်ဆိုရင် ဘတ်စ်ကက်ဘော သမိုင်းတလျှောက်မှာ အကောင်းဆုံးစာရင်းဝင် အားကစားသမား တစ်ဦးပါ။ ဒါပေမဲ့ သူဟာ အထက်တန်းကျောင်းတုန်းက ဘတ်စ်ကက်ဘော အသင်းကနေ ထုတ်ပယ်တာခံခဲ့ရဖူးပါတယ်။ အကြောင်းအရင်းကတော့ သူ့နည်းပြအမြင်မှာ မိုက်ကယ်ဂျော်ဒန်ဟာ အရည်အချင်း မပြည့်မီတဲ့ အားကစားသမား ဖြစ်နေလို့ပါတဲ့။ မိုက်ကယ်ဂျော်ဒန်သာ စိတ်ဓာတ်ကျပြီး ဘတ်စ်ကတ်ဘော အားကစားကို စွန့်လွှတ်ခဲ့ရင် ဘယ်လို ဖြစ်သွားနိုင်မလဲ..။

ဒီလိုပြောတာဟာ ရှုံးနိမ့်ဖူးတိုင်း အောင်မြင်လာမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ အရှုံးကို ကျော်လွှားတဲ့ အခါ၊ ရှုံးနိမ့်မှာကို ကြောက်တဲ့စိတ်ကို ရင်ဆိုင်တဲ့အခါမှာ သုံးရမယ့် နည်းစနစ်တွေ ရှိပါတယ်။

ပျင်းတာလား၊ အချိန်ဆွဲတာလား၊ တကယ်ကြောက်တာရော ဟုတ်ရဲ့လား

လူဆိုတာက ကိုယ့်ကိုယ်ကို အသိဆုံးပါ။ တစ်ခါတစ်လေမှာ ကိုယ်လုပ်ချင်တဲ့အလုပ်ကို လုပ်တော့မယ် ဆိုရင်တောင်မှ အချိန်ဆွဲတဲ့စိတ်၊ ပျင်းတဲ့စိတ်နဲ့ အပျက်ဘက်က ရွေးတွေးပြီး လက်လျှော့ ပစ်လိုက်ကြပါတယ်။ ရှုံးမှာ ကြောက်လို့ မလုပ်တာလား၊ ပျင်းလို့ မလုပ်တာလားဆိုတာ ကိုယ့်ဘာသာကိုယ် ရှင်းလင်းအောင်လုပ်ပါ။

ထပ်တလဲလဲ လုပ်မနေပါနဲ့

“သနားစရာကောင်းအောင် မိုက်မဲတဲ့သူဆိုတာ အလုပ်တစ်ခုကို ပုံစံတစ်မျိုးထဲနဲ့ပဲ အကြိမ်ကြိမ်လုပ်နေပြီး မတူတဲ့ရလဒ်တွေ ထွက်လာမယ်လို့ မျှော်လင့်နေတဲ့သူပဲ“ ဆိုတဲ့ ဆိုရိုးစကားတစ်ခု ရှိပါတယ်။ ဇွဲရှိရင် အောင်မြင်တယ်ဆိုပေမယ့် နေရာတိုင်းတော့ မဟုတ်ပါဘူး။ ဆင်ခြင်ဉာဏ်မပါတဲ့ ဝီရိယဆိုတာ အချိန်ဖြုန်းတာသက်သက်ပါ။ ပြီးခဲ့တဲ့ ရှုံးနိမ့်မှုတွေမှာ ဘာတွေမှားခဲ့သလဲ၊ အခြေအနေ၊ အချိန်အခါက ဘယ်လိုရှိနေခဲ့သလဲဆိုတာကို လေ့လာပါ။ နောက်တစ်ခေါက် အဲဒါတွေ ထပ်မဖြစ်ရအောင် ပြင်ဆင်ပါ။

ပြင်ဆင်ပါ၊ ပြင်ဆင်ပါ၊ ပြင်ဆင်ပါ

ဖြစ်လာနိုင်သမျှ အခြေအနေအားလုံးကို ကြိုတွက်ဆပါ။ လစ်ဟာမှုမရှိအောင် ကြိုတွက်ထားပါ။ ပြီးတော့ ကိုယ်ကြိုးစားတဲ့ လမ်းကြောင်းတစ်ခုက လက်တွေ့ဖြစ်မလာဘူးဆိုရင် တခြား ဘယ်လိုလုပ်မလဲဆိုတဲ့ အရန်လမ်းကြောင်း (Plan-B) ကိုလည်း ပြင်ဆင်ထားပါ။ ကိုယ့်အနေနဲ့ ထောင့်စေ့နေအောင် ပြင်ဆင်ထားတာကို ကိုယ့်ဘာသာကိုယ် သိနေရင် ယုံကြည်မှုလည်း ပိုတိုးပွားလာစေပါတယ်။

အကောင်းမြင်ပါ

ဒီစကားက လူပြောသူပြောများလို့ ရိုးအီသွားလောက်ပေမယ့် တကယ်တမ်းမှာ အသုံးဝင်လှပါတယ်။ အရှုံးကို ကြောက်တဲ့စိတ်ဆိုတာမျိုးမှာ အရှုံးရဲ့ နောက်ဆက်တွဲရလဒ်တွေကို ကြောက်တဲ့ စိတ်လည်းပါပါတယ်။ “ငါ ဒီတစ်ခါရှုံးသွားရင် ပတ်ဝန်းကျင်က လူတွေကို ဘယ်လို မျက်နှာပြရမလဲ”၊ “ဒီကိစ္စမှာ အဆင်မပြေဖြစ်သွားရင် ငါ့ကို အသုံးမကျတဲ့သူဆိုပြီး ဝိုင်းကဲ့ရဲ့ကြတော့မှာပဲ“ ဆိုပြီး ကြောက်တဲ့စိတ်မျိုးပါ။

မြန်မာစကားမှာ “ချီးမွမ်း ခုနစ်ရက်၊ ကဲ့ရဲ့ ခုနစ်ရက်“ ဆိုတဲ့ စကားပုံရှိပါတယ်။ ကိုယ့်ရဲ့ ကြိုးစားအားထုတ်မှု တစ်ခုဟာ ဖြစ်ထွန်းသည်ဖြစ်စေ၊ မဖြစ်ထွန်းသည်ဖြစ်စေ အချိန်တစ်ခု ကြာရင်တော့ လူတွေက မေ့သွားကြမှာပါ။ ဒါပေမဲ့ ကာယကံရှင်ဖြစ်တဲ့ ကိုယ့်အတွက်တော့ အောင်မြင်မှုတစ်ခု၊ မှတ်တိုင်တစ်ခုကို စိုက်ထူနိုင်ခဲ့ရင် ဒါအမှတ်တရပါပဲ။ ဒါကြောင့် နောက်ဆက်တွဲတွေကို တွေးပြီး အဆိုးမြင်နေတဲ့အကျင့်ကို ဖျောက်ပါ။

လူ့ဘဝဆိုတာ တိုတောင်းလှပါတယ်။ ရှုံးနိမ့်မှာကို ကြောက်တဲ့စိတ်တွေကြောင့် ကိုယ်လုပ်ချင်တာကို မလုပ်လိုက်ရဘူးဆိုရင် အသက်ရှင်ရတာ မတန်ပါဘူး။

ကျော်သန့် (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top