သုညတစ်လုံးရဲ့ ရာဇဝင်

image_large.jpg

ပစ္စည်းတွေကို ရေတွက်တဲ့အခါမှာ တစ်ခု၊ နှစ်ခု စသည်ဖြင့် တစ်ကပဲစပြီး ရေတွက်လေ့ ရှိတာမို့ လက်တွေ့ပိုင်းမှာ သုည ကို ထည့်မစဉ်းစားဖြစ်သလောက်ပါပဲ။ ဒါပေမဲ့ သင်္ချာဘာသာရပ်နယ်ပယ်မှာတော့ သုည ဟာ အရေးပါတဲ့ ကိန်းဂဏန်းတစ်လုံးပါ။

သမိုင်းမှာ သုည ဘယ်လိုဖြစ်ပေါ်လာသလဲဆိုတာ စဉ်းစားကြည့်ရင် သုညအကြောင်းတွေးမိဖို့ တော်တော်ခက်ခဲတာကို တွေ့ရမယ်။ တကယ်မရှိတဲ့ အရာတစ်ခု ၊ လက်တွေ့အပြင်မှာ မရှိတဲ့ မရှိခြင်း သဘောတရားတစ်ရက်ကို ဘယ်လို ဉာဏ်ကြီးရှင်တွေကများ စဉ်းစားမိတာ ဖြစ်နိုင်မလဲ။

အိန္ဒိယလူမျိုးတွေကတော့ သုညကို သူတို့ရဲ့ ရှေးနှစ်ပေါင်းများစွာအကြာက ပညာရှင်တွေက စတင်တီထွင်ခဲ့တာပါလို့ မှတ်ယူထားကြပါတယ်။ အဲဒီအတွက် ဂုဏ်လည်းယူကြပါတယ်။ သူတို့က စပြီး သုညဆိုတဲ့ ကိန်းဂဏန်းကို စတင်တီထွင်တယ်လို့ သက်သေပြစရာ အထောက်အထားအခိုင်အမာမရှိပေမယ့် အိန္ဒိယမှာ ထွန်းကားခဲ့တဲ့ ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာ တို့မှာ မရှိခြင်း (နတ္ထိ) သဘောတရားအယူအဆတွေပါဝင်တာမို့ အိန္ဒိယပညာရှင်တွေက သုညကို တီထွင်တယ်ဆိုတာ ဖြစ်နိုင်ချေရှိပါတယ်။ တချို့ဒဏ္ဍာရီဆန်ဆန် မှတ်တမ်းတွေကတော့ အိန္ဒိယလူမျိုးပညာရှင် အရိယာဘာတ (Aryabhata) [ပုံထဲက ပုဂ္ဂိုလ် ] က သုညကို စတင်တီထွင်ခဲ့တယ်လို့ ဆိုကြပါတယ်။ တစ်ဘက်ကလည်း မာယာလူမျိုး အပါအဝင် တခြားကမ္ဘာ့ရှေးဟောင်းလူမျိုးစုတွေမှာလည်း သုညကိုအသုံးပြုခဲ့တဲ့ အကြောင်းအထောက်အထားတွေ ရှိနေတာမို့ ဘယ်သူက အစောဆုံးတီထွင်အသုံးပြုခဲ့သလဲ ဆိုတာ ပြောဖို့ခက်နေပါသေးတယ်။

လာမယ့် ဧပြီလထဲမှာတော့ အိန္ဒိယနိုင်ငံ နယူးဒေလီ မြို့မှာ “ Camp Zero” လို့ ခေါ်တဲ့ ဆွေးနွေးပြောဆိုပွဲတစ်ခုကို ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ အဲဒီပွဲကို ပညာရှင်တွေ အများအပြားဖိတ်ခေါ်ပြီး သုညဘယ်လိုဖြစ်လာသလဲ၊ ဘယ်လို အတွေးအခေါ် နောက်ခံအခြေအနေတွေက တစ်ဆင့် သုညကို တီထွင်ဖြစ်ခဲ့ကြသလဲ ဆိုတာ အပေါ် သုံးရက်တိုင်တိုင် ဆွေးနွေးငြင်းခုံကြ၊ အထောက်အထားတွေ၊ အယူအဆတွေ ၤနှီးနှောဖလှယ်ကြမှာ ဖြစ်ပါတယ်။ အဲဒီပွဲကနေပြီး သုညနဲ့ ပတ်သက်တဲ့ သမိုင်းကြောင်းအခိုင်အမာတစ်ခုကို အပြီးသတ်သတ်မှတ်ပေးထားနိုင်ဖို့ မျှော်လင့်ထားပါတယ်။

Ref: The Washington Post: “Indians are certain they invented the zero. But can they prove it?“

ကျော်သန့် (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top