ပလပ်စတစ်ပုလင်းထဲက ရေတွေဟာ ကျန်းမာရေးအတွက် စိတ်ချရသလား

water.jpg

ပလပ်စတစ်ပုလင်းထဲကရေ သက်တမ်းကုန်ဆုံးပြီလား။ ဒီလို သတ်မှတ်ကာလထက် လွန်နေတဲ့ ရေကိုသောက်တာဟာ စိတ်ချရသလား ဆိုတာ…

ဒါကတော့ ရေကိုဘယ်လို သိုလှောင်သိမ်းဆည်းသလဲ ဆိုတာအပေါ်မူတည်ပါတယ်။ ဖန်ခွက်ထဲကရေကို အပြင်မှာ ရက်ပိုင်းလောက်ထားမယ်ဆိုရင်တောင် အရသာပြောင်းသွားနိုင်တာ ဘာကြောင့်လဲဆိုရင် ရေဟာ တခြားဒြပ်စင်တွေနဲ့ ထိတွေ့ပြီးနောက် ဖြစ်ပေါ်လာတဲ့ pH level အပြောင်းအလဲက အက်ဆစ်ဖြစ်လာစေတာကြောင့် ဖြစ်ပါတယ်။ ဒါက လုံခြုံစိတ်ချရတဲ့ အနေအထား မဟုတ်နိုင်တော့ပါဘူး။

ယေဘုယျအားဖြင့်တော့ ကလိုရင်းနဲ့ ပိုးသတ်ထားတဲ့ ရေဟာ တစ်ရက် သို့မဟုတ် နှစ်ရက်လောက် ဘက်တီးရီးယားရန်က ကာကွယ်ပေးနိုင်ပေမဲ့ ရေညှိနဲ့ ပိုးလောင်းတွေ မျိုးပွားခြင်းကို ဖြစ်ပေါ်စေတဲ့ နေရာ ဖြစ်သွားတတ်ပါတယ်။ အိမ်တွေမှာ ရှိတဲ့ ဖုန်တွေဟာလဲ ရေကို အဆိပ်အတောက် ဖြစ်စေပြီးသန့်ရှင်းမှုကို လျော့ကျစေပါတယ်။

ပုလင်းထဲကရေဟာ အင်္ဂါနေ့လောက်က ထည့်ထားမယ်ဆို ကြာသပတေးနေ့လောက်အထိ သောက်ဖို့ သင့်တော်ပါသေးတယ်။ ဒါပေမဲ့ ဒီထက်ကျော်သွားရင်တော့ မသောက်သင့်တော့ဘဲ အပင်တွေကိုသာ လောင်းလိုက်ဖို့ အကြံပြုချင်ပါတယ်။

ပုလင်းထဲကရေကို ၆ လကနေ ၉ လအထိ သောက်သုံးနိုင်တယ်လို့ ရေသန့်အများစုက ကုန်ဆုံးရက် သတ်မှတ်ချက်တွေ ကပ်ထားတတ်ကြပါတယ်။ ဒါပေမဲ့ ဘယ်သူကမှ ဒီလိုသောက်သုံးနိုင်တယ်ဆိုတာရဲ့ အခြေခံအကြောင်းတရား အစစ်အမှန်ကို အကျိုးကြောင်း ဆင်ခြင်ကြတာမျိုး မရှိကြပါဘူး။ ထုပ်ပိုးစားသောက်ကုန်နဲ့ အဖျော်ယမကာပေါ်က သက်တမ်းကုန်ဆုံးရက်တွေဟာ သူတို့ကုန်ပစ္စည်းတွေရဲ့ အာဟာရတန်ဖိုးနဲ့ ပါဝင်ပစ္စည်းများအတွက် လုံခြုံစိတ်ချနိုင်ဖို့ ဥပဒေအရ သတ်မှတ်ထားတဲ့ တံဆိပ်ကပ်ခြင်းဆိုင်ရာ စည်းကမ်းတွေကို လိုက်လျောဖို့အတွက်သာ အဓိကဖြစ်ပါတယ်။

အဲဒီလို တံဆိပ်ကပ်နေပေမဲ့ သက်တမ်းကုန်ဆုံး ရက်စွဲကျော်လွန် သောက်သုံးရေတွေက ကျန်းမာရေးကို အလွန်ထိခိုက်တဲ့ အကျိုးသက်ရောက်မှုရှိနေသလား ဆိုတာကတော့ တိကျတဲ့ သက်သေအထောက်အထား မရှိသေးပါဘူး။ အမေရိကန် အစားအသောက်နဲ့ ဆေးဝါးအုပ်ချုပ်ရေးအဖွဲ့ကတာဝန်ရှိသူတစ်ဦးကတော့ ပုလင်းထဲက ရေကို အန္တရာယ်ကင်းစွာ သိုလှောင်မှုရဲ့ အချိန်အတိအကျကို မသိနိုင်ဘူးလို့ ပြောပါတယ်။

ဒါကြောင့် သိုလှောင်မှုကို တိကျတဲ့ စည်းကမ်းတွေထုတ်ပြီး ပလပ်စတစ်ပုလင်းထဲက ရေကို နေရောင်ခြည်အောက်မှာ သိုလှောင်ခြင်း မပြုလုပ်ဖို့ တားမြစ်ထားပါတယ်။ အပူတိုက်ရိုက် ကျရောက်မှုအောက်မှာ တချို့ပလပ်စတစ်ဓာတ်တွေဟာ ရေထဲကို အနည်းငယ်ပျော်ဝင်နိုင်ပါတယ်။ BPA လို့ခေါ်တဲ့ ဟော်မုန်းဓာတ်တွေ ပျော်ဝင်မှုဟာ ခန္ဓာကိုယ်ထဲက ဆဲလ်တွေရဲ့ လုပ်ငန်းလည်ပတ်မှုကို ပြောင်းလဲပစ်ပြီး ရင်သားကင်ဆာဖြစ်ဖို့ အခွင့်အလမ်းတွေကို တိုးမြင့်လာစေသလို ဦးနှောက်အမြှေး ပျက်စီးစေတတ်တဲ့အပြင် အမျိုးသားတွေကို မျိုးမပွားနိုင်ခြင်းကိုပါ ဖြစ်စေနိုင်ပါတယ်။

သင်က ပလပ်စတစ် ရေပုလင်းထဲက ရေကို နှစ်ပေါင်းများစွာ သောက်သုံးမိထားပြီဆိုရင် ပလပ်စတစ်ပမာဏ အတော်များများကိုလည်း သောက်သုံးထားမိပြီဆိုတာ သတိပြုသင့်ပါတယ်။

Ref : NewsRepublic “Does bottled water go bad”

Cj (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top