YouTube ကြည့်ရှုနှုန်းကို လျော့ချပေးမယ့် Toolsအသစ် ပေါ်ထွက်

maxresdefault-youtube.jpg

YouTube က အသုံးပြုသူတွေရဲ့ ကြည့်ရှုနှုန်းကို လျော့ချဖို့ ကူညီလိုက်တဲ့ ပထမဆုံးသော အပ်ပလီကေးရှင်းတစ်ခု ဖြစ်ပါတယ်။

ဒီအပတ်မှာ ပြုလုပ်သွားတဲ့ ဂူးဂဲလ်ရဲ့ ပွဲတစ်ခု မှာ Tools အသစ်တွေကို မိတ်ဆက်ပေးသွားခဲ့ပြီး ဒီ tools တွေက ကျွန်တော်တို့ရဲ့ YouTube ကြည့်ရှုနှုန်းကို ကန့်သတ်ပေးနိုင်ပြီး သတ်မှတ်ထားတဲ့ကာလ တစ်ခုရောက်ရင် “ခဏလောက် အနားယူပါဦး” ဆိုပြီး သတိပေးမှာ ဖြစ်ပါတယ်။ ဒီလုပ်ဆောင်မှုတွေက နောက်ဆုံးဗားရှင်း အသစ်မှာ ပါဝင်လာမှာဖြစ်ပြီး ကျွန်တော်တို့ရဲ့ ဗီဒီယိုတွေ အလွန်အမင်း ကြည့်ရှုတတ်တဲ့ အကျင့်ကို ပြင်ဖို့ ကူညီပေးတော့မှာ ဖြစ်ပါတယ်။

ခဏလောက် အနားယူနိုင်အောင် သတိပေးမယ့် အသိပေးချက် ပေါ်လာဖို့ သူ့ရဲ့ settingထဲ ဝင်ပြီး ရွေးချယ်မှုတွေ ကိုယ်တိုင် ပြုလုပ်နိုင်မယ်လို့ ပြောကြားထားပါတယ်။ ၁၅မိနစ်၊ နာရီဝက်၊ တစ်နာရီ၊ တစ်နာရီခွဲ၊ ၃နာရီ အစရှိသဖြင့် ရွေးချယ်စရာ အမျိုးမျိုးပါဝင်မှာ ဖြစ်ပြီးတော့ ရွေးချယ်ထားတဲ့ အချိန်ရောက်ရင်တော့ ဗီဒီယိုက ခေတ္တရပ်သွားမှာ ဖြစ်ပါတယ်။ ဒီလိုမျိုး အချိန်ရောက်ရင်တော့ သင်ဟာ သတိပေးချက်ကို ရပ်ပစ်မလား (သို့) အပ်ပလီကေးရှင်းကိုပဲ ပိတ်ပစ်မလား ဆိုတာက ကိုယ်တိုင် ဆုံးဖြတ်ချက်ချရမှာပါ။

နောက်ထပ် tools အသစ်ကတော့ အသိပေးချက် အသံတွေကို မကြားချင်တဲ့အချိန်မှာ ပိတ်ပေးထားမှာ ဖြစ်ပါတယ်။ ဥပမာ – ကျွန်တော်တို့ရဲ့ အိပ်ချိန်တွေမှာ အသိပေးချက် အသံတွေကို ကြားချင်ကြမှာ မဟုတ်ပါဘူး။ ဒီလို နေ့စဉ်ပြုလုပ်နေကြ အချိန်မျိုးတွေကို အချိန်ပမာဏ တစ်ခု သတ်မှတ်ပေးပြီး အသံတွေကို ပိတ်ပေးထားနိုင်တော့မှာပါ။

ဒါ့အပြင် အသိပေးချက်တွေ ဝင်လာတိုင်း မစစ်ဘဲ တစ်နေ့ကို တစ်ကြိမ်လောက်သာ စစ်ဆေးချင်သူတွေအတွက် အချိန်တစ်ခု သတ်မှတ်ပြီး စစ်ဆေးနိုင်ဖို့ သတိပေးချက်လည်း ထည့်သွင်းနိုင်ပါသေးတယ်။ အပ်ပလီကေးရှင်းရဲ့ မူလ setting မှာတော့ ဒီလုပ်ဆောင်မှုက ပိတ်ထားပြီး အသုံးပြုချင်ရင်တော့ ပြန်ဖွင့်ဖို့တော့ လိုပါလိမ့်မယ်။

အခုဆိုရင် YouTubeက သင့်ရဲ့နေ့စဉ် ပျှမ်းမျှ ကြည့်ရှုနှုန်းကိုလည်း ပြသပေးတော့မှာဖြစ်ပါတယ်။ ဒီလုပ်ဆောင်မှုကို “A time watched profile” လို့ နာမည်ပေးထားပြီး အကောင့် menu ထဲမှာ ဝင်ရောက်ကြည့်ရှုရမှာ ဖြစ်ပါတယ်။

YouTube က ဒီလို လုပ်ဆောင်မှု အသစ်တွေနဲ့ ဒီနေ့ခေတ် နည်းပညာတွေအပေါ် အလွန်အမင်း စွဲလမ်းနေကြတဲ့သူတွေကို တာဝန်သိစိတ်ရှိရှိ ကူညီပေးဖို့ ကြံရွယ်နေတာလို့ ယူဆရပါတယ်။ ဒါပေမယ့် ကိုယ်တိုင် ထိန်းချုပ်မှ ဖြစ်မှာကိုတော့ လူတိုင်းသိကြမှာပါ။

ဒီ tools အသစ်တွေက ဗားရှင်းနံပါတ် 13.17 မှာ ပါဝင်လာမှာ ဖြစ်ပြီး အသုံးပြုတာ ခေတ္တရပ်ဖို့ သတိပေးချက် လုပ်ဆောင်မှုကို လူတိုင်း သတိထားမိအောင် setting ရဲ့ အပေါ်ဆုံးနေရာမှာ ထားပေးထားမှာလို့ သိရပါတယ်။ Tools အသစ်တွေဟာ လအနည်းငယ်အတွင်း ထွက်ပေါ်လာမယ့် iOS ရော၊ Android ရောရဲ့ နောက်ဆုံးဗားရှင်းတွေမှာ ပါဝင်လာမယ်လို့ သိရပါတယ်။

Ref : TechCrunch “YouTube rolls out new tools to help you stop watching”

Scarlett (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top