အွန်လိုင်းပေါ်မှ ထင်ထင်ရှားရှား ပြည်သူ့ဝန်ထမ်းကောင်းများ

61938086_2101687196625802_7375281123015786496_n.jpg

“သူက ဝန်ထမ်းပဲကွာ ဝန်ထမ်းလိုပဲလုပ်မှာပေါ့”၊ “မလုပ်မရှုပ် မပြုတ်”ဆိုသော စကားများသည် တစ်ခေတ်တစ်ခါက ဝန်ထမ်းလောကတွင် တွင်တွင်ကျယ်ကျယ် အသုံးများ၊ အကြားများခဲ့ရသော စကားစုများဖြစ်သည်။ မမှန်ဘူးလားဆိုတော့ မှန်ခဲ့ပါသည်။ ကျယ်ဝန်းသော ဝန်ထမ်းလောကတွင် အဆိုးနှင့် အကောင်းများ များပြားစွာရှိပါသည်။ အဆိုးများ၍ အကောင်းအချို့သည် ပေါ်လွင်ထင်ရှားခဲ့ခြင်း မရှိနိုင်ခဲ့ပေ။

အထူးသဖြင့် အောက်ခြေဝန်ထမ်းလောကတွင် မိမိကျရာနေရာ၊ မိမိတာဝန်ယူရာ လုပ်ငန်းအပေါ် ဂုဏ်ယူတတ်စွာ ဆောင်ရွက်နိုင်မှု၊ အများပြည်သူအကျိုးအတွက် ဆောင်ရွက်ပေးနိုင်မှု၊ အများပြည်သူ အကျိုးအတွက် ဆောင်ရွက်ပေး ရမှုအပေါ် စေတနာဖြူစင်စွာ စိတ်ရောကိုယ်ပါ တင်းပြည့်ကျပ်ပြည့် ဆောင်ရွက်ပေးနိုင်သူတို့မှာ ရှာရခက်ခဲသော ရတနာတစ်ခုသဖွယ် ဖြစ်ခဲ့ရသည်။ ရှိတော့ရှိသည် ရှားပါသည်ဆိုသည့်နှယ်….။

ယနေ့ကာလသည် “ကမ္ဘာကြီးက ရွာကြီး ပမာ”၊ ရွာကြီးက အိမ်လေးတစ်အိမ်မျှသာ စက္ကန့်ပိုင်းအတွင်း မြင်နိုင်ကြားနိုင်၊ သိလာနိုင်ပြီဖြစ်သည်။ ကောင်းသော လုပ်ဆောင်မှု၊ မကောင်းသော လုပ်ဆောင်မှုများကို လက်ကိုင်ဖုန်းလေးတစ်ချက် နှိပ်ရုံ၊ ပွတ်ရုံမျှဖြင့် ထင်ထင်ရှားရှား ပေါ်ထွက်လာပြီဖြစ်သည်။ ပုဂ္ဂိုလ်ရေးအရ မဟုတ်ပါ။ ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုခြင်းသာလျှင်ဖြစ်သည်။ ထိုထိုသော အွန်လိုင်းစာမျက်နှာများထဲက ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်အချို့မှာ ထင်ထင်ရှားရှားဖြစ်ခဲ့သော ပြည်သူတို့ အမှတ်ပေးများခဲ့သော ပြည်သူ့ ဝန်ထမ်းကောင်းအချို့အား ပုံနှိပ်စာမျက်နှာထက်သို့တင်၍ ဂုဏ်ပြုဖော်ပြလိုက်ပါသည်။

စမ်းချောင်းမြို့နယ်

စမ်းချောင်းမြို့နယ်သည် အလွန်ကျယ်ဝန်းသော မြို့နယ်တစ်ခုဖြစ်သည်။ ရေစီးရေလာအတွက် အဓိကကျောရိုးမှာ အောင်ချမ်းသာမြောင်းကြီး ဖြစ်သည်။ မိုးတွင်းအခါ အောင်ချမ်းသာမြောင်းကြီးဆီသို့ ကမာရွတ်၊ ဗဟန်း၊ ဒဂုံမြို့နယ်တို့ဆီမှ ရေများက ဒလဟောစီးဝင်လေ့ရှိတတ်သည်။ မိုးသည်းသည့်အခါ ကျောင်းကြီးဘေးနားရှိ အောင်ချမ်းသာရပ်ကွက်မှာ နှစ်စဉ်ရေကြီးရေလျှံ၊ ရေဝင်မှုများနှင့် ကြုံတွေ့ခဲ့ရသည်။ ထို့အတွက် မြေညီအောက်ထပ်အခန်းများရှေ့ တွင် ရေကတုတ်(ရေတား)များ ပြုလုပ်ထားကြရသည်။

ထို့အတူ ဗားကရာလမ်းနှင့် ဗဟိုလမ်း (ရှမ်းလမ်း) ထောင့်ဆုံတွင် မိုးလေးနည်းနည်းသည်းလိုက်သည်နှင့် ရေပင်လယ် ကြီးဖြစ်ပြီး ယာဉ်အသွား အလာ၊ လူအသွားအလာတို့မှာ ခက်ခက်ခဲခဲ ဖြစ်ခဲ့ရသည်။ လမ်းဘေးတစ်လျှောက် ရေနုတ်မြောင်းများကို မိုးမတိုင်မီ နှစ်စဉ်ရှင်းလင်းသော်လည်း ရေလျှံခြင်းဒုက္ခကို အနီးအနား ဝန်းကျင်ရပ်ကွက်များက ခံစားရမြဲဖြစ်သည်။

ဤတွင် စမ်းချောင်း(မြောက်)ရပ်ကွက် မင်္ဂလာလမ်းနေ မြို့နယ်စည်ပင်သာယာ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးမြလှိုင်က ဗဟိုလမ်း(ရှမ်းလမ်း) အောက်တစ်လျှောက်တွင် အင်္ဂလိပ်လက်ထက်ကတူးခဲ့သော ရေမြောင်းကြီး တစ်ခုရှိခဲ့ကြောင်း ၎င်းမြောင်းကြီးအား ရှင်းလင်းမှုမရှိခဲ့သည်မှာ နှစ်ပေါင်း (၂၀) ဝန်းကျင်ရှိပြီး ဗဟိုလမ်းအဖြစ် ပြန်ခင်းစဉ်က ရေဝင်ပေါက်နေရာများကို ပိတ်ဆို့ထားခဲ့မှုနှင့် မြောင်းကြီးအတွင်းသို့ အလွယ်တကူ ဝင်ရောက်နိုင်သည့် နေရာများကို လိုက်လံပြသခဲ့သည်။

သို့အတွက် မြို့နယ်စည်ပင်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်မိုးနှင့် တာဝန်ရှိသူများက မေ (၁၁) ရက်တွင် စတင်လေ့လာမှုများ ပြုခဲ့ကြရသည်။ မြောင်းအရှည်မှာ ဗားကရာလမ်းဆုံမှသည် အောင်ချမ်းသာမြောင်းကြီးဆီသို့ ပေ (၁၆၀၀) ရှည်လျားပြီး ဂငယ်ပုံသ္ဌာန် အကျယ်ရှစ်ပေ၊ အမြင့် ရှစ်ပေရှိ ဗားကရာရှေးဟောင်းမြောင်းကြီး တစ်ခုအဖြစ် တွေ့ရသည်။ ဗားကရာလမ်းထိပ်ဘက်အခြမ်းတွင် ကျယ်ဝန်းသော်လည်း အောင်ချမ်းသာသို့ အထွက်တွင်မူ လူတစ်ကိုယ်စာဝင်ထွက်နိုင်ရုံမျှသာရှိသည်ကို တွေ့ရသည်။

မေ (၁၄) ရက်တွင် စီမံရေးရာဌာန (ရေစီးရေလာတာဝန်ခံ) ဦးအောင်ကိုမင်း ဦးဆောင်၍ မြောင်းရှင်းလုပ်သား (၁၀) ဦးတို့ဖြင့် ရှင်းလင်းမှုကို စတင်ခဲ့သည်။ ထင်ထားသည်ထက် ပိုမိုအခက်အခဲများ ရှိလာခဲ့သည်။ မြောင်းကြီးတစ်လျှောက် အမှိုက်ထုမှာ လေးပေခန့်ရှိပြီး အမှိုက်မှဖြစ်သော ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့များနှင့်အတူ ကြီးမားသော ကင်းမလက်မည်းကြီးများကြောင့် စိုးရိမ်စရာ အခြေအနေများနှင့် ကြုံတွေ့လာခဲ့ရသည်ဟု မြို့နယ်စည်ပင်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်မိုးက ပြောကြားမှု ရှိခဲ့သည်။

မြောင်းရှင်းခေါင်းဆောင် ဦးအောင်ကိုမင်းက “အထဲမှာ အမှိုက်တွေပေါ်ကစီးနေတဲ့ ရေဆိုးတွေ၊ အောက်ခြေက အနိမ့်အမြင့် မညီညာတဲ့ အမှိုက်ထု၊ ခေါင်းပေါ်က မီးဆလိုက်အားလေးနဲ့ပဲ အရဲတိုး ဆောင်ရွက်ခဲ့ရတာပါ။ ဒီကြားထဲ လက်မလောက်ရှိတဲ့ ကင်းမလက်မည်းကြီးတွေက အမှိုက်တွေကြားထဲက ထွက်ထွက်လာတတ်တယ်။ အဆိုးဆုံးကတော့ အဲဒီအထဲမှာဖြစ်နေတဲ့ အငွေ့က အသက်ရှူရတာ တစ်ခါတစ်ခါ ကျပ်ကျပ်လာတတ်ပါတယ်” ဟု ကြုံတွေ့မှု ကို ပြောပြ၍ သိခဲ့ရသည်။

သို့အတွက် မေ (၁၅) ရက်တွင် မြို့နယ်မီးသတ် အဖွဲ့၏ အကူအညီယူ၍ Blower (လေမှုတ်စက်) ဖြင့် မြောင်းအတွင်း သို့ လေသွင်းပြီး အန္တရာယ် ရှိ မရှိ၊ ဆက်လက်၍ ဆောင်ရွက်နိုင်ခြေ ရှိ မရှိ ထပ်မံ စမ်းသပ်လေ့လာမှုများ ပြုလုပ်ခဲ့ရသည်ဟု သိရသည်။ လုပ်ငန်းကိုဆက်လက်ဆောင်ရွက်ရာ အထဲတွင် အောက်ဆီဂျင်မပြတ်စေရေးအတွက် လေမှုတ်စက်ဆက်တိုက်ဖွင့် ဆောင်ရွက်ခဲ့ကြရသည်။ မြောင်းကြီးအတွင်း၌ စည်းကမ်းမဲ့သူတို့ အနှစ်နှစ်အလလက စွန့်ပစ်ထားသော ပလတ်စတစ် အိတ်များ၊ ရေသန့်ဘူး များ၊ ဖော့ဘူးများ၊ အချိုရည် ပုလင်း၊ အရက်ဘီယာ ပုလင်းဘူးခွံများ၊ ပလတ် စတစ်ဘောလုံးများက ထုနှင့်ထည်နှင့် တည်ရှိနေသည်။

မေ (၁၄) ရက်မှ မေ (၂၄) ရက်အထိ သယ်ထုတ်ခဲ့ရပြီး လေးတန်ယာဉ်ငယ်အစီး (၃၀) စာမျှ ရှိခဲ့သည်ဟု လက်ထောက် အုပ်ချုပ်ရေးမှူး ဦးကျော်မင်းနိုင်ထံမှ ကြားသိခဲ့ရသည်။ စွန့်စွန့်စားစား မြွေမကြောက်၊ ကင်းမကြောက်၊ အသက်အန္တရာယ်နဲ့ပင် နီးကပ်စွာဆောင်ရွက်မှုတို့က အွန်လိုင်းစာမျက်နှာမှတစ်ဆင့် ပြည်သူများ၏ ရင်ဘတ်အတွင်းသို့ ထိမှန်စေခဲ့သည်။ ပြည်သူ့အကျိုးပြုလုပ်ငန်းကို တာဝန်ကျေရုံ၊ လူကြီးကျေနပ်ရုံဖြင့် လုပ်ဆောင်ခြင်းမဟုတ်ခဲ့သည်မှာ လုပ်ငန်းက သက်သေပြခဲ့ပြီဖြစ်သည်။

မေ (၃၁) ရက်က ရွာသွန်းခဲ့သော မိုးများသည်းခဲ့သော်လည်း ရေတင်ခြင်း၊ ရေလျှံခြင်း မရှိခဲ့သည်ကို တွေ့လာရသည်။ ကျန်ရှိနေသော ရေဆင်း ပေါက်နှစ်ခုကိုသာ ထပ်မံဖွင့်လှစ်နိုင်ပါက ပိုမိုစိတ်ချရသော အခြေအနေအထိ ဖြစ်လာ နိုင်မည်ဟု ဦးမြလှိုင်ကပင် မှတ်ချက်ပေးခဲ့သည်။ သို့အတွက်ကြောင့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာ စည်ပင်အရာရှိများ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဌာနမှ အုပ်ချုပ်ရေးမှူးနှင့်တကွ မြို့မိ မြို့ဖများ၊ ရပ်ကွက် ပြည်သူများက ဇွန် (၁) ရက်တွင် မြောင်းရှင်းလုပ်သားများကို အထူးဂုဏ်ပြုပွဲဖြင့် ပြည်သူ့ဝန်ထမ်းကောင်းများအဖြစ် ဂုဏ်ပြုချီးမြှင့်ခဲ့သည်။

ကမာရွတ်မြို့နယ်

ထို့အတူ အွန်လိုင်းစာမျက်နှာထက်တွင် ပြည်သူကအမှတ်ပေးများ ခဲ့သူ တစ်ဦးကို ကမာရွတ်မြို့နယ်အတွင်း သွားရောက်ရှာဖွေခဲ့သည်။ ဇွန် (၁) ရက် နံနက် (၆) နာရီခန့်တွင် သူမကို လှည်းတန်းဈေးအနီးတွင် တွေ့ဆုံခွင့်ရခဲ့သည်။ သူမ၏ အမည်က ဒေါ်ဖြူဖြူဝင်းဟု သိခဲ့ရသည်။ အသက်အားဖြင့် (၅၀) ဝန်းကျင်ခန့်ရှိမည်။

လာရောက်ရှာဖွေတွေ့ဆုံရခြင်း အကြောင်းကို စတင်ပြောပြခဲ့ရာ နှစ်လိုဖွယ်သော အပြုံးဖြင့် “ကျွန်မကတော့ ကျွန်မအလုပ်ကို ကျွန်မလုပ်နေတာပါ။ ဘယ်သူရိုက်လိုက်တယ် မသိဘူး။ လိုင်းပေါ်မှာ ပေါ်လာတော့ သူများတွေပြလို့ သိရတာပါ” ဟု ဆိုသည်။

သူသန့်ရှင်းရေးတာဝန်ယူခဲ့ရသော နေရာမှာ လှည်းတန်းဈေးရှေ့ဝန်းကျင် ကားလမ်းမတစ်လျှောက်ဖြစ်သည်။ အမှိုက်ပုံးကြီး (၁၄) ပုံးဖြစ်သည်။ သုံးနေရာခွဲခြားချထားပြီး စွန့်ပစ်လာသော အမှိုက်များကို ရှင်းလင်းရခြင်းဖြစ်သည်။ ထူးခြားသည်မှာ ၎င်းတာဝန်ယူရာ အမှိုက်ပုံးများမှာ ညစ်ပတ်နေမှုလုံးဝမရှိ။ ဝင်းဝါသော ဆေးသားတို့က ပကတိသွင် ရှိနေခြင်းပင်ဖြစ်သည်။

သူက”ကျွန်မက မနက် (၅) နာရီဆို အလုပ်ကို လာတယ်။ အမှိုက်လှည်းတဲ့ လမ်းကြောင်းက (၆) နာရီစတယ်။ လမ်းကြောင်းပြီးတာနဲ့ ကျွန်မ တာဝန်ယူထားရတဲ့ အမှိုက်ပုံးတွေကို သူ့အလှည့်နဲ့ သူအတွင်းရော အပြင်ပါ ဆေးကြော တယ်။ ကျွန်မက ဒီအလုပ်သာလုပ်တာ အသန့်ကြိုက်တယ်။ အမှိုက်ပုံးဆိုပေမယ့် ညစ်ပတ်ပေရေနေရင် အနားမကပ် ချင်ကြဘူး။ အဝေးကပဲ လှမ်းပစ်တတ်ကြတယ်။ အချို့ အမှိုက်ထုပ်တွေက ပုံးထဲတည့်တည့် မကျဘဲ လမ်းပေါ်မှာ ပြန့်ကျဲနေတတ်ပါတယ်။ အဲဒီတော့ ပတ်ဝန်းကျင်မှာ အညစ်အကြေးတွေနဲ့ ကျန်းမာရေးကိုလည်း ထိခိုက်စေပါတယ်။ အခုလို အမှိုက်ပုံးက သန့်နေတော့ အနီးအထိလာပြီး ထည့်ကြမယ်။

ပတ်ဝန်းကျင်မှာပါ သန့်ရှင်းမှုတွေ ရှိလာမယ်။ လမ်းသွားလမ်းလာတွေအတွက်နဲ့ အနီးပတ်ဝန်းကျင်ပါ ကောင်းလာ နိုင်မယ်လို့ ကျွန်မယုံကြည်ချက်နဲ့ ကျွန်မလုပ်တာပါ။ ဒီလိုကောင်းတဲ့မှတ်ချက်တွေနဲ့ ဖြစ်လာတဲ့အတွက် ကျွန်မတင် မက ကျွန်မဌာနကပါ ဝမ်းသာကြပါတယ်။ အနိမ့်ဆုံးဘဝနဲ့ အနိမ့်ဆုံး အလုပ်ကို လုပ်ရပေမယ့် အများအတွက် လုပ်ရတာ ဖြစ်တဲ့အတွက် ကျွန်မအလုပ်ကို ကျွန်မဂုဏ်ယူပါတယ်။ စိတ်ထားကောင်းရင် အလုပ်လည်းကောင်း သွားမှာပါဟု ဆိုခဲ့သည်။

ဗဟန်းမြို့နယ်

ဓမ္မစေတီလမ်းနှင့် လင့်လမ်း လမ်းဆုံတွင် မီးပွိုင့်မရှိပေ။ လမ်းသုံးဘက်မှလာသော ကားများက စက္ကန့်မလပ် ဖြတ်သန်းမောင်းနှင်နေကြသည်။ များပြားသောယာဉ်များကို အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် ယာဉ်ထိန်းရဲငယ်တစ်ဦးက ခရာမှုတ်၊ လက်ပြ၍ ထိန်းကျောင်းပေးနေသည်ကို ထိုနေရာမှ ဖြတ်သွားမိတိုင်း အမြဲလိုလို တွေ့မြင် နေခဲ့ရသည်။ လိုင်းကားမောင်းသူတစ်ဦးက “ဒီလမ်းဆုံက ဒီရဲလေးရှိရင် အဆင်ပြေတယ်။ မီးပွိုင့်ထား တာထက် ပိုကောင်းတယ်”ဟု မှတ်ချက်ပေးဖူးသည်။

သူ့အမည်က ခင်မြင့်မောင်ဖြစ်သည်။ သူ့ကိုအွန်လိုင်းမှာတင်မက မော်တော်ယာဉ်မောင်းသူတိုင်းက ချီးမွမ်းစကားဆို ခဲ့ကြသည်။ “အသား မည်းသော်လည်း အသည်းဖြူသူ” ဟု အမွှမ်းတင် ကြသည်။ ဘယ်သောအခါမှ သစ်ပင်အကွယ်မှ ချောင်းနေခြင်းမရှိ။ ယာဉ်မောင်းသူများကို အပြစ်ရှာ စောင့်ကြည့်ခြင်းမရှိခဲ့ပေ။ အမှတ်မထင် ယာဉ်လမ်းကြောင်း မှားလာလျှင် ခွင့်လွှတ်အပြုံးဖြင့် လက်ပြ၍ လမ်းကြောင်းမှန်သို့ရောက်ရန် အကူအညီပေးသူဟု ကိုယ်တွေ့ကြုံခဲ့သူ စမ်းချောင်းမှ ဒေါ်မြမြမိုးက မှတ်ချက်ပေးဖူးသည်။

သူသည် နေရာသို့ရောက်လာခဲ့သည်မှာ ၂၀၁၀ ခုနှစ်လောက်ကဟု မှတ်ထင်မိသည်။ ရောက်စက လက်မောင်းတွင် တစ်ရစ်မှမပါပေ။ စေတနာသည် အစဉ်ရောင်ပြန်ဟပ်စမြဲဟု ဆိုကြသည်။ ခရီးသွားယာဉ်မောင်းသူများအပေါ် တာဝန်ဝတ္တရားအပြင် စေတနာဖြင့် စောင့်ရှောက်သူအဖို့မှာ လှပသော ရောင်စဉ်များက ပြန်လာမြဲပင်ဖြစ်သည်။

တစ်ခါက လမ်းကြုံ၍ စကားပြောဖူးရာတွင် “ကျွန်တော်က ကားတစ်စီးလာရင်ဖမ်းဖို့ ဘာမှားလာသလဲလို့ အကြည့်နဲ့ ကြည့်လေ့ မရှိခဲ့ပါဘူး။ အန္တရာယ်မရှိနိုင်တဲ့ အမှားမျိုး ဖြစ်လာရင်တောင် လမ်းကြောင်းမှန်ဖို့ အကူအညီပေးခဲ့ပါတယ်။ မော်တော်ယာဉ်မောင်းသူတွေကလည်း ကျွန်တော် လမ်းဆုံမှာရှိရင် သူ့အလိုလို စည်းကမ်းတိုင်း မောင်းနှင်သွားတတ်ကြတော့ ဒီနေရာမှာ ပြဿနာ ကြီးကြီးမားမား မရှိခဲ့ဘူး” ဟု ပြောကြားပေးမှုကို ကြားထားဖူးခဲ့ရသည်။ သူ့အတွက် ဤနေရာသည် မေတ္တာပေး၍ မေတ္တာပြန်ရသော နယ်မြေဖြစ်သည်။ ပြည်သူက မေတ္တာဖြင့်ပေးသောအရာခပ်သိမ်းသည် သူ့အတွက် အင်အားများဖြစ်စေခဲ့သည်။ ပြည့်စုံ လုံလောက်စေခဲ့သည်။

အွန်လိုင်းစာမျက်နှာများမှတစ်ဆင့်၊ ပုံနှိပ်မီဒီယာများမှတစ်ဆင့် ထင်ထင်ရှားရှားရှိသော သူသည် ယခုအခါ ဌာနဆိုင်ရာ ကပေးသော အဆင့်၊ သုံးရစ်ဟူသော ရာထူးအပြင် ပြည်သူကပေးသော ပြည်သူ့ဝန်ထမ်းကောင်းတစ်ဦးအဖြစ် သက်တမ်းရှည်စွာ ဤနေရာ ဤနယ်မြေတွင် ပြည်သူနှင့် တစ်သားတည်း ဖြစ်နေဦးမည်သာဟု ပြည်သူကပေးသော ပြည်သူ့ဝန်ထမ်းကောင်းများကို စုစည်းဖော်ညွန်း တင်ပြလိုက်ပါသည်။

Ref: MOI Webportal
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top