စက်ရုပ်တွေနဲ့ ညဏ်ရည်တု(AI) ကိုအသုံးပြုပြီး ကမ္ဘာကြီးကိုသန့်ရှင်းအောင်လုပ်နိုင်မယ်လို့ ယုံကြည်နေတဲ့ ရောဘတ်ဒေါင်နေး ဂျူနီယာ

62061234_2378429452375547_8124928898157772800_n.jpg

ပြီးခဲ့တဲ့ ဇွန်လ (၄) ရက်နေ့က Amazon ကုမ္ပဏီကဦးဆောင်ကျင်းပခဲ့တဲ့ MARS (Machine Learning, Automation, Robotics and Space) ဆွေးနွေးပွဲမှာ အဓိကဟောပြောသူတစ်ယောက်အဖြစ် Iron man မင်းသား ရောဘတ်ဒေါင်နေး ဂျူနီယာ(RDJ) က ပါဝင်တက်ရောက်ဟောပြောခဲ့ပါတယ်။

ဒီဟောပြောပွဲမှာ ရောဘတ်က Marvel Cinematic Universe အကြောင်း၊ တိုနီစတာ့ခ်(Tony Stark/Iron Man) ရဲ့Iron Man ဝတ်စုံတွေ တိုးတက်ပြောင်းလဲလာပုံအကြောင်း၊ သူ (ရောဘတ်) ငယ်စဉ်က ဆေးစွဲခဲ့ပြီး မူးယစ်နွံကနေရုန်းထွက်ခဲ့ရတဲ့အကြောင်း၊ ညဏ်ရည်တု (AI) ဖြစ်ပေါ်လာပုံသမိုင်းကြောင်းနဲ့ AI ကိုတီထွင်ခဲ့သူတွေအကြောင်းကို ပြောကြားခဲ့ပါတယ်။

“Footprint Coalition” လို့ခေါ်တဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုပ်ရှားမှုတစ်ခုကို စတင်ဆောင်ရွက်နေပြီလို့ ကြေညာခဲ့

ဟောပြောမှုပြီးခါနီးလောက်မှာ ရောဘတ်က “Footprint Coalition” လို့ခေါ်တဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုပ်ရှားမှုတစ်ခုကို စတင်ဆောင်ရွက်နေပြီလို့ ကြေညာခဲ့ပါတယ်။ ဒီလှုပ်ရှားမှုရဲ့အဓိကရည်မှန်းချက်က စက်ရုပ်တွေ၊ ညဏ်ရည်တုတွေ စတဲ့နည်းပညာတွေကိုအသုံးပြုပြီး ကမ္ဘာပေါ်ကအမှိုက်တွေကို ရှင်းလင်းပစ်ပြီး မြင့်တက်လာနေတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ပမာဏကို လာမယ့်ဆယ်စုနှစ်အတွင်း မှာ လျော့ချသွားနိုင်ဖို့ပဲဖြစ်ပါတယ်။

“လွန်ခဲ့တဲ့ (၆)လလောက်တုန်းက သိပ်တော်ပြီး အထင်ကြီးစရာ သိပ္ပံပညာရှင်တွေနဲ့ ကျွန်တော် စကားပြောဖြစ်ခဲ့တယ်။ ကျွန်တော်တို့ဆွေးနွေးခဲ့တဲ့အချိန်မှာ စက်ရုပ်တွေနဲ့နည်းပညာတွေကိုသုံးပြီး ကမ္ဘာကြီးပေါ်ကအမှိုက်အတော်များများကိုရှင်းပစ်နိုင်လိမ့်မယ်ဆိုတာ သိခဲ့ရတယ်။ တကယ်လို့ဆယ်စုနှစ်တစ်ခုအတွင်းမှာ လုံးဝအပြောင်မရှင်းနိုင်ဘူးဆိုရင်တောင်မှ အတော်များများကိုပေါ့… ကျွန်တော်နဲ့စကားပြောခဲ့တဲ့ သိပ္ပံပညာရှင်တွေက နည်းပညာကလုပ်နိုင်ပေမဲ့ နိုင်ငံအစိုးရဆီကခွင့်ပြုမိန့် တောင်းရမယ့် ဗျူရိုကရေစီစနစ်တွေ၊ နည်းပညာတွေကိုဝေမျှရမှာတွေ၊ အစိုးရအချင်းချင်းကြား ညှိနှိုင်းလုပ်ဆောင်ရမှာတွေကြောင့် ဖြစ်နိုင်ဖို့ကတော့ ခက်ခဲလိမ့်မယ်လို့ထင်နေကြတယ်။ ကျွန်တော်ကတော့ စမ်းကြည့်ချင်တာပဲဗျာ။ လုပ်ရမှာတွေက အရမ်းရှုပ်ထွေးမယ်ဆိုတာတော့သိတယ်။ မအောင်မြင်ပဲ အဖတ်မဆယ်နိုင်အောင်ရှုံးနိမ့်နိုင်မှန်းသိပေမဲ့ ကျွန်တော်တို့မျှော်မှန်းထားတဲ့အထဲက နည်းနည်းလေးပဲ အောင်မြင်ခဲ့ရင်တောင် လုပ်ရကျိုးနပ်မယ်လို့ယုံကြည်ပါတယ်” လို့ ရောဘတ်က ပြောကြားခဲ့ပါတယ်။

”Footprint Coalition” ပရောဂျက်က April 2020 မှ တရားဝင်စတင်မယ်လို့ကြေညာထားပြီး ဒီပရောဂျက်ကို(၁၁) နှစ်လောက် အချိန်ပေးကာ အောင်မြင်အောင် ကြိုးစားသွားမယ်လို့ ကတိပေး

ရောဘတ်ရဲ့”Footprint Coalition” ပရောဂျက်က April 2020 မှ တရားဝင်စတင်မယ်လို့ကြေညာထားပြီး ဒီပရောဂျက်ကို(၁၁) နှစ်လောက် အချိန်ပေးကာ အောင်မြင်အောင် ကြိုးစားသွားမယ်လို့ ကတိပေးခဲ့ပါတယ်။

ရုပ်ရှင်ထဲမှာ တိုနီ စတာ့ခ် (Iron Man) က ကမ္ဘာကြီးကို ကယ်တင်ပေးခဲ့သလိုပဲ ရောဘတ်ကလည်း ကမ္ဘာမြေကြီးကို အခုလိုနည်းလမ်းနဲ့ကယ်တင်ပေးဖို့ကြိုးစားနေ

ရုပ်ရှင်ထဲမှာ တိုနီ စတာ့ခ် (Iron Man) က ကမ္ဘာကြီးကို ကယ်တင်ပေးခဲ့သလိုပဲ ရောဘတ်ကလည်း ကမ္ဘာမြေကြီးကို အခုလိုနည်းလမ်းနဲ့ကယ်တင်ပေးဖို့ကြိုးစားနေတာကြောင့် ရုပ်ရှင်ထဲမှာသာမက ပြင်ပဘဝမှာပါ စူပါဟီးရိုးပီသပါပေတယ်လို့ လူမှုကွန်ရက်မှာ ဝိုင်းဝန်းချီးကျူးနေကြပါပြီ။

Ref: Business Insider “’Iron Man’ actor Robert Downey Jr. has vowed to use robotics and AI to significantly clean up the Earth in the next decade”
Elsa (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top