လူ့အသိုက်အဝန်းတစ်ခုမှာ ခေတ်နောက်ကျတဲ့ အယူအဆတွေ လွှမ်းမိုးနေရင် သာတူညီမျှမှု မရနိုင်ဘူးဆိုတာ ဝမ်းနည်းစရာကောင်းတဲ့ ဒီဖြစ်ရပ်က သက်သေခံနေပါတယ်။ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းမှာ ကုလားထိုင်နဲ့ထိုင်ပြီး အစားအစာစားတာ အပြစ်မဟုတ်ပါဘူး။ ဒါပေမဲ့ သာတူညီမျှမှုမရှိတဲ့ ရပ်ဝန်းမှာတော့ အပြစ်ကြီးတစ်ခုလို့ သတ်မှတ်ကြပါတယ်။
ဧပြီလ (၂၆) ရက်နေ့က အိန္ဒိယနိုင်ငံမြောက်ပိုင်း ဥတ္တရာခန်းပြည်နယ်ရဲ့ ကော့ကျေးရွာမှာ ဒါလစ်အနွယ်ဝင် အမျိုးသားတစ်ယောက်ရဲ့ မင်္ဂလာဆောင် အခမ်းအနား ကျင်းပခဲ့ပါတယ်။ အရင်တုန်းက မထိရ၊ မကိုင်ရလို့ ခေါ်ဆိုကြတဲ့ ဒါလစ်အနွယ်ဆိုတာ အိန္ဒိယဇာတ်စနစ်မှာ အောက်ဆုံးအဆင့်ပါ။ ဇာတ်စနစ်အရ ခွဲခြားဆက်ဆံတာကို အိန္ဒိယနိုင်ငံက ဥပဒေထုတ်ပြန်ပြီး တားဆီးထားပေမဲ့ ဝေးလံခေါင်သီတဲ့ဒေသတွေမှာတော့ မတူသလို၊ မတန်သလို ခွဲခြားဆက်ဆံမှုတွေ ရှိနေမြဲပါပဲ။
ကျေးလက်မှာ နေထိုင်တဲ့ ဇာတ်မြင့်သူတွေဟာ ဒါလစ်အနွယ်ဝင်တွေ ချက်ပြုတ်တဲ့ အစားအစာတွေကို မစားကြပါဘူး။ အဲဒါကြောင့် ဒါလစ်အနွယ်ဝင် အမျိုးသားရဲ့ မင်္ဂလာဆောင်မှာ ဇာတ်မြင့်တဲ့သူတွေကို အချက်အပြုတ်၊ အကျွေးအမွေး တာဝန်ယူခိုင်းခဲ့ရပါတယ်။ မင်္ဂလာပွဲကို တက်ရောက်ခဲ့တဲ့ ဒါလစ်အနွယ်ဝင် အမျိုးသား ဂျီတန်ဒရာက ဇာတ်မြင့်သူတွေ ရှိနေချိန်မှာ ကုလားထိုင်နဲ့ထိုင်ပြီး အစားအစာ စားမိခဲ့ပါတယ်။
ဒီဖြစ်ရပ်ကို ဇာတ်မြင့်သူ အမျိုးသားတွေက မခံမရပ်နိုင်ဖြစ်ပြီး ဂျီတန်ဒရာကို အရှက်ခွဲခဲ့ကြသလို ဝိုင်းဝန်းထိုးကြိတ်ခဲ့ပါတယ်။ ထိုးကြိတ်ခံရပြီးနောက်မှာ မျက်ရည်စက်လက်နဲ့ မင်္ဂလာဆောင်က ပြန်လာတဲ့ ဂျီတက်ဒရာကို မလှမ်းမကမ်းမှာရှိနေတဲ့ ဇာတ်မြင့်သူတွေက ထပ်ပြီးရိုက်နှက်ခဲ့ကြပါတယ်။ သူတို့ရဲ့ရိုက်နှက်မှုက ပိုပြင်းထန်ပါတယ်။ နောက်တစ်နေ့မနက် အိမ်အပြင်ဘက်မှာ ဒဏ်ရာဒဏ်ချက်တွေနဲ့ လဲကျနေတဲ့ ဂျီတန်ဒရာကို သူ့အမေက တွေ့ခဲ့ပါတယ်။ ဂျီတန်ဒရာက စကားတောင် မပြောနိုင်ရှာပါဘူး။ သူ့ကို ဆေးရုံတင်ခဲ့ပေမဲ့ နောက်ကိုးရက်အကြာမှာတော့ ရိုက်နှက်ခံရတဲ့ ဒဏ်ရာတွေကြောင့် ကွယ်လွန်သွားခဲ့ပါတယ်။
လူတစ်ယောက်က လူလိုပြုမူနေထိုင်လို့ ရိုက်သတ်ခံရတာ နာကြည်းစရာကောင်းတဲ့ဖြစ်ရပ်ပါ။ မင်္ဂလာဆောင်ကို လူရာနဲ့ချီ လာရောက်ခဲ့ကြပေမဲ့ သူတို့အမှုပတ်မှာစိုးလို့ ဝိုင်းဝန်းရိုက်နှက်နေတဲ့ဖြစ်ရပ်ကို ရုပ်သံမှတ်တမ်းတင်တဲ့သူ မရှိပါဘူး။ မင်္ဂလာပွဲလာ ဧည့်ပရိသတ်တွေက ”မင်္ဂလာဆောင်ကို လာခဲ့တယ်”ဆိုတဲ့ စကားတစ်ခွန်းကလွဲပြီး အဲဒီဖြစ်ရပ်အကြောင်း စကားဟရဲတဲ့သူ မရှိခဲ့ပါဘူး။ ရဲတပ်ဖွဲ့က ထုတ်ပြောတော့မှ ဒီကိစ္စကို လူသိရှင်ကြား ဖြစ်လာတာပါ။
ဂျီတန်ဒရာကို ချစ်ခင်သူတွေက သူ့အတွက် တရားမျှတမှုရဖို့ တောင်းဆိုထားပေမဲ့ သူတို့ရွာမှာ သူတို့ကို အားပေးထောက်ခံသူ မရှိသလောက်ပါပဲ။ ဂျီတန်ဒရာတို့ရွာမှာ အိမ်ခြေ (၅၀) ရှိတဲ့အနက် ဒါလစ်အနွယ်ဝင်မိသားစုက (၁၂) စု၊ (၁၃) စုပဲရှိပါတယ်။ ရွာနီးစပ်ချုပ်မှာလည်း ထိုနည်းလည်းကောင်းပါပဲ။ ဥတ္တာရာခန်းပြည်နယ်မှာ ဒါလစ်အနွယ်ဝင်က လူဦးရေရဲ့ (၁၉) ရာခိုင်နှုန်းလောက်ပဲရှိပါတယ်။ ဥတ္တရာခန်းပြည်နယ်မှာ နေထိုင်တဲ့ ဒါလစ်တွေဟာ အရင်တုန်းကလည်း ရက်စက်ယုတ်မာမှုတွေ ကျူးလွန်ခံခဲ့ရဖူးပါတယ်။
ဂျီတန်ဒရာရဲ့ဖြစ်ရပ်အတွက် တစ်ရွာတည်းနေတဲ့ ဒါလစ်တွေ ဒေါသထွက်ကြပေမဲ့ အများစုက နှုတ်ဆိတ်နေဆဲပါပဲ။ ဘာလို့လဲဆိုတော့ ဆင်းရဲနွမ်းပါးတဲ့ ဒါလစ်တွေက လုပ်ကိုင်စားသောက်စရာ လယ်ယာမရှိကြပါဘူး။ ဇာတ်မြင့်တဲ့ လူချမ်းသာတွေရဲ့ လယ်ယာမှာ သူရင်းငှားလုပ်ကြရတာပါ။ ဒါကြောင့် သူတို့က ဂျီတန်ဒရာအတွက် နာကြည်းဝမ်းနည်းမှုကို ထုတ်ပြောလိုက်ရင် ဘာတွေ ဆက်ဖြစ်မလဲဆိုတာကို ကြိုတွေးထားပြီးသားပါ။
ဒါလစ်တွေဟာ ဟိုးအရင်ကတည်းက ဘာမဟုတ်တဲ့ အသေးအဖွဲ့ကိစ္စလေးတွေကြောင့် ဇာတ်မြင့်သူတွေရဲ့ အရှက်ခွဲတာ၊ အနိုင်ကျင့်စော်ကားတာ၊ ရိုက်နှက်သတ်ဖြတ်တာတွေ ကြုံခဲ့ရပါတယ်။ ဒါလစ်တွေက ဒီအခြေအနေကို တွန်းလှန်နိုင်ဖို့ အကြောက်တရားကြီးစိုးနေပြီး ဇာတ်မြင့်တယ်လို့ ခံယူထားသူတွေကလည်း ခေတ်နောက်ကျနေတဲ့ အယူအဆကို ကိုင်စွဲထားဆဲဖြစ်လို့ သာတူညီမျှနေထိုင်ခွင့် ဆုံးရှုံးနေဆဲပါပဲ။ သာတူညီမျှမှု ပျောက်ဆုံးနေတဲ့ ရပ်ဝန်းကိုတော့ ယဉ်ကျေးတဲ့လူ့အဖွဲ့အစည်းလို့ သတ်မှတ်လို့မရနိုင်ပါဘူး။
Nz(ရိုးရာလေး)