ဩစတြေးလျနိုင်ငံက ဖမ်းဝရမ်းထုတ်ထားတဲ့ မူးယစ်ရာဇာကို နယ်သာလန်ရဲတပ်ဖွဲ့ ဖမ်းဆီးနိုင်ခဲ့

25-1-2021-yyl-18.jpg

နယ်သာလန် ရဲတပ်ဖွဲ့ဟာ ကမ္ဘာ့အကြီးဆုံးမူးယစ်ဂိုဏ်းများထဲမှ ဂိုဏ်းတစ်ခုရဲ့ ခေါင်းဆောင် မူးယစ်ရာဇာတစ်ဦးကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။ အဲ့ဒီ မူးယစ်ရာဇာဟာ ဩစတြေးလျနိုင်ငံရဲ့ ဖမ်းဝရမ်းထုတ်ခြင်းကို ခံထားရသူဖြစ်ပါတယ်။

တရုတ်နိုင်ငံမှာမွေးဖွားခဲ့တဲ့ အဆိုပါ မူးယစ်ရာဇာ ဟာ ကနေဒါနိုင်ငံသားခံယူထားပြီး Tse Chi Lop လို့ အမည်ရပါတယ်။ သူဟာ ဒေါ်လာ ၇၀ ဘီလီယံတန်ကြေးရှိတဲ့ မူးယစ်ဆေးဝါးစျေးကွက်ကို အာရှနိုင်ငံတလွှားမှာ လွှမ်းမိုးချုပ်ကိုင်ထားတဲ့ ကုမ္ပဏီတစ်ခုရဲ့ ခေါင်းဆောင်ဖြစ်ပါတယ်။


ကမ္ဘာကအလိုရှိနေတဲ့ ဝရမ်းပြေးတွေထဲကတစ်ယောက်ဖြစ်တဲ့ Tse Chi Lop ကို နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့ရှိ Schiphol လေဆိပ်မှာ ဖမ်းဆီးမိခဲ့တာဖြစ်ပါတယ်။ ဩစတြေးလျနိုင်ငံက သူကျုးလွန်ခဲ့တဲ့အပြစ်တွေကို ရုံးတင်စစ်ဆေးနိုင်ဖို့အတွက် လွှဲပြောင်းပေးဖို့ နယ်သာလန်နိုင်ငံကို တောင်းဆိုထားပါတယ်။

ဩစတြေးလျ ဖက်ဒရယ်ရဲတပ်ဖွဲ့ ( AFP ) က နိုင်ငံတွင်းသို့ တရားမဝင် ဝင်ရောက်နေတဲ့ မူးယစ်ဆေးဝါးတွေထဲက ၇၀ % ဟာ Sam Gor Syndicate လို့ခေါ်တဲ့ Tse Chi Lop ရဲ့ ကုမ္ပဏီလက်ချက်ဖြစ်တယ်လို့ စွပ်စွဲထားပါတယ်။

အသက် ၅၆ နှစ်အရွယ် Tse Chi Lop ဟာ အာရှတလွှားမှာ မူးယစ်ဆေးဝါးစျေးကွက်ကို ကျယ်ကျယ်ပြန့်ပြန့် ချုပ်ကိုင်ထားတာကြောင့် နာမည်ကျော် မက္ကဆီကို မူးယစ်ရာဇာ Joaquin “ El Chapo “ Guzman နဲ့ နှိုင်းယှဉ်ကာ ပြောဆိုနေကြပါတယ်။

ဩစတြေးလျရဲတပ်ဖွဲ့က သူ့ကိုဖမ်းမိနိုင်ဖို့ ခြေရာခံရှာဖွေနေတာဟာ ဆယ်စုနှစ်တစ်ခုနီးပါးရှိခဲ့ပြီးဖြစ်ပြီး ပြီးခဲ့တဲ့ သောကြာနေ့ကမှ ကနေဒါနိုင်ငံကို ပြန်လာဖို့လုပ်နေတဲ့ Tse Chi Lop ကို နယ်သာလန်ရဲတပ်ဖွဲ့ရဲ့ အကူအညီနဲ့ ဖမ်းမိိခဲ့တာဖြစ်ပါတယ်။

“ အာရှတိုက်ရဲ့ အလိုရှိဆုံး ရာဇဝတ်သား “ အဖြစ် သတ်မှတ်ခြင်းခံထားရတဲ့ Tse Chi Lop ကို ဖမ်းမိနိုင်ခဲ့တာနဲ့ပတ်သက်ပြီး နယ်သာလန်ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက “ သူဟာ နိုင်ငံတကာက အလိုရှိနေတဲ့ ရာဇဝတ်သား စာရင်းမှာ ပါနေတဲ့ သူဖြစ်ပါတယ်။ ကျွန်တော်တို့ ရရှိထားတဲ့ သတင်းအချက်အလက်တွေကြောင့် သူ့ကို ဖမ်းဆီးနိုင်ခဲ့တာပါ “ လို့ ပြောပါတယ်။


ကုလသမဂ္ဂသတင်းအေဂျင်စီတစ်ခုရဲ့ ခန့်မှန်းပြောကြားချက်အရ Tse Chi Lop ရဲ့ တရားမဝင်မူးယစ်ဆေးဝါးကုမ္ပဏီ ဟာ ၂၀၁၈ ခုနှစ်တွင် မူးယစ်ဆေးတင်ပို့ရောင်းချခြင်းမှ ဝင်ငွေ စုစုပေါင်း ဒေါ်လာ ၁၇ ဘီလီယံအထိ ရရှိခဲ့တယ်လို့ သိရပါတယ်။

Tse Chi Lop ကို ဖမ်းဆီးနိုင်ဖို့ ဩစတြေးလျ ဖက်ဒရယ် ရဲတပ်ဖွဲ့က ဦးဆောင်ပြီး ကမ္ဘာအနှံ့ရှိတိုက်ကြီးများမှ အေဂျင်စီ ၂၀ ခန့်က “ Kungur Operations “ လို့ နာမည်ပေးထားတဲ့ စစ်ဆင်ရေးကို ပူးပေါင်းပြုလုပ်ခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ပြောပါတယ်။


Tse Chi Lop ဟာ မကြာသေးမီနှစ်များက မကာအို ၊ ဟောင်ကောင် နဲ့ ထိုင်ဝမ် တို့မှာ ပြောင်းရွှေ့နေထိုင်ခဲ့တယ်လို့ သိရပါတယ်။ သူဟာ ၁၉၉၀ ပြည့်နှစ််ကာလက မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုကြောင့် အမေရိကန်နိုင်ငံမှာ ဖမ်းဆီးခံခဲ့ရပြီး ထောင်ဒဏ် ၉ နှစ်ကျခဲ့ဖူးပါတယ်။

ဩစတြေးလျသတင်းမီဒီယာတွေကတော့ Tse Chi Lop ကို ဖမ်းဆီးနိုင်ခဲ့တာဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ် ၂ ခုအတွင်း ဩစတြေးလျ ဖက်ဒရယ် ရဲတပ်ဖွဲ့လုပ်ဆောင်နိုင်ခဲ့တဲ့ အရေးအပါဆုံး လုပ်ရပ်တစ်ခုဖြစ်ခဲ့တယ်လို့ တင်စားရေးသားခဲ့ကြပါတယ်။

Ref: BBC “ Tse Chi Lop: Alleged Asian drug lord arrested in Amsterdam

ငြိမ်းချမ်း ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top