ဥရောပနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ လူဇင်ဘာဂ်နိုင်ငံ (Luxembourg )ရဲ့ အကျယ်အဝန်း ၂ ဆမျှရှိပြီး၊ ဧရိယာ ၅၈၀၀ စတုရန်းကီလိုမီတာရှိတဲ့ ရေခဲပြင်ကြီးဟာ အန္တာတိတ်ကျွန်းစွယ်ရဲ့ အရှေ့ပိုင်းမှာရှိတဲ့ လာဆင် စီ (Larsen C ) ရေခဲတောင်ကြီးမှ ပဲ့ထွက်သွားခဲ့ပါတယ်။
ပဲ့ထွက်သွားတဲ့ ရေခဲပြင်ကြီးရဲ့ အလေးချိန်ဟာ ၁ ထရီလီယံတန်မျှ (1,000,000,000,000) ရှိနိုင်ပြီး ဇူလိုင်လ ၁ဝရက်၊ တနင်္လာနေ့မှ ဗုဒ္ဓဟူးနေ့အတွင်း တစ်ချိန်ချိန်မှာ ပဲ့ထွက်သွားခဲ့တာဖြစ်တယ် လို့ပညာရှင်များက ဆိုပါတယ်။ ကမ္ဘာကြီး ပူနွေးလာမှုကြောင့် ရေခဲပြင်တွေ အရေပျော်ကုန်တဲ့အနက် ယခုရေခဲပြင်ကြီး ပဲ့ကျသွားခြင်းကတော့ မှတ်တမ်းများအရ အကြီးဆုံးပဲ့ကျမှုဖြစ်ပါတယ်။

“လွန်ခဲ့တဲ့ နှစ်တွေကတည်းက ကျွန်တော်တို့အဖွဲ့ဟာ European Space Agency ဂြိုဟ်တုမှ တဆင့် လေ့လာနေတာဖြစ်တဲ့အတွက် ဒီလို ပဲ့ကျတော့မယ်ဆိုတာကို ကျွန်တော်တို့လွန်ခဲ့တဲ့ တစ်လလောက်ကတည်းက မျှော်လင့်ပြီးသားပါ။ ကျွန်တော်တို့အဖွဲ့ဟာ ဒီဖြစ်စဉ်ကြောင့် လာဆင် စီရေခဲပြင်ကြီးမှာ ဘာတွေပြောင်းလဲသွားမလဲဆိုတာကို ဆက်လေ့လာသွားမှာပါ။ မှတ်တမ်းများအရတော့ ယခုကွဲထွက်သွားတဲ့ ရေခဲပြင်ကြီးဟာ ကမ္ဘာအကြီးဆုံးပဲ့ကျမှုပါပဲ။ ရေခဲပြင်ကြီးမှ ရေခဲတွေ အစိတ်စိတ်အမြွာမြွာ ကွဲထွက်သွားပြီး ပူနွေးတဲ့ဒေသတွေဆီ ရောက်သွားဖို့တော့ရှိပါတယ်။” လို့ ဆွမ်ဆီးတက္ကသိုလ်မှ ရေခဲပြင်နဲ့ပါတ်သတ်တဲ့ သုတသနလုပ်ငန်းများ လုပ်ကိုင်နေသူ ပါမောက္ခ အန်ဒရီယန် လဒ်မန်း (Adrian Luckman) ကပြောဆိုခဲ့ပါတယ်။

ရာသီဥတု ပူနွေးလာခြင်းဟာ ရေခဲပြင်ကြီးများ အရည်ပျော်ကျခြင်းရဲ့ အဓိက အကြောင်းအရင်းတစ်ခုဖြစ်ပေမဲ့ ပါမောက္ခ အန်ဒရီယန်လဒ်မန်းကတော့ “ယခုဖြစ်စဉ်မှာ ရာသီဥတု ပူနွေးခြင်းနဲ့ ဆက်နွယ်မနေပါဘူး။ Scripps Institute မှ သမုဒ္ဒရာနဲ့ ပင်လယ်ပြင်အခြေအနေဆိုင်ရာ အချက်အလက်များအရ ရေခဲပြင်နေရာအများစုဟာ ပိုတောင် ထူလာနေပါ သေးတယ်။ ယခုပဲ့ကျသွားတဲ့ ရေခဲပြင်ကြီးကြောင့် ကမ္ဘာပင်လယ်ရေမျက်နှာပြင် မြင့်တက်လာမှာမဟုတ်ပေမဲ့ ရေခဲပြင်ကြီး ပဲ့ထွက်သွားခြင်းကြောင့် လာဆင် စီ ရေခဲပြင်ကြီးဟာ မတည်မငြိမ်ဖြစ်လာနိုင်ပြီး နောက်ပိုင်းမှာ တစ်စစီကွဲထွက်သွားနိုင်ပါတယ်။” လို့ပြောဆိုခဲ့ပါတယ်။
Ref : ABC News : Massive iceberg breaks off Antarctic Peninsula, scientists say

