မီးသတ်သမားအတွက် ညစာဖိုး ရှင်းပေးခဲ့တဲ့ စေတနာရှင် အမျိုးသမီး

19732258_1589021161131365_5343737760394128887_n.jpg

ဇူလိုင်လ ၈ ရက်နေ့က အမေရိကန်နိုင်ငံအနောက်ပိုင်း ကယ်လီဖိုးနီးယားပြည်နယ်၊ ကိုလ်တန်မြို့ (Colton) မှ မီးသတ်သမားများဟာ တောမီးလောင်ခဲ့တဲ့အတွက် တစ်နေကုန် ကြိုးစားပမ်းစား ငြိမ်းသတ်ခဲ့ရပါတယ်။

ဒီလို ပင်ပင်ပန်းပန်း မီးငြိမ်းသတ်ခဲ့ရတဲ့ မီးသတ်သမား ၂၅ ယောက်ကို အမည်မဖော်လိုသူ စေတနာရှင်အမျိုးသမီးက စားသောက်ဆိုင်တစ်ဆိုင်မှာ အစားအသောက်ဖိုးအတွက် ဒေါ်လာ ၃၅၅ အပြင် နောက်ထပ်ရောက်ရှိလာတဲ့ မီးသတ်သမားများအတွက် ဒေါ်လာ ၁၀၀၊ စုစုပေါင်း ၅၀၅ ဒေါ်လာတန် ချက်လက်မှတ်ကို မီးသတ်သမားအတွက် ရှင်းပေးခဲ့ပါတယ်။

ကိုလ်တန်မြို့ မီးသတ်တပ်ဖွဲ့မှ မီးသတ်သမားများဟာ La Loma တောင်ကုန်းမှာ လောင်ကျွမ်းနေတဲ့ တောမီးကို နေ့လည် ၁၂ နာရီမှည ၈ နာရီအထိ ငြိမ်းသတ်ခဲ့ပြီးနောက် စားသောက်ဆိုင်တစ်ဆိုင်ကို အားလုံးစုပေါင်းပြီး လာရောက်စားသောက်ခဲ့ကြတာ ဖြစ်ပါတယ်။

မီးသတ်ဌာနမှ သတင်းထုတ်ပြန်ရေးဆိုင်ရာအရာရှိ တွမ် ဒီဘဲလိစ် (Tom DeBellis ) ကတော့ အခုအဖြစ်အပျက်လေးကို “ကျွန်တော်တို့ စားသောက်နေကြတုန်း အမျိုးသမီးတစ်ယောက်က ငွေရှင်းကောင်တာကိုသွားပြီး ကျွန်တော်တို့ မီးသတ်သမားတွေအတွက် ငွေရှင်းပေးခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်သူရှင်းပေးခဲ့လဲဆိုတာကို အသိမခံချင်ဘူးလို့ဆိုကာ ချက်လက်မှတ်ရေးခဲ့တာဖြစ်ပြီး ကျွန်တော်တို့ကို စားပွဲထိုးက လာပြောပြတဲ့အခါ ထိုအမျိုးသမီးက အပြင်ရောက်သွားပါပြီ” လို့ဆိုခဲ့ပါတယ်။

ကိုလ်တန်မြို့ မီးသတ်တပ်ဖွဲ့ခေါင်းဆောင်ဖြစ်သူ တင်မ်မက်ဟာဂူး (Tim McHargue) ကတော့ သူတို့တွေအနေနဲ့ ထိုအမျိုးသမီးကို ကျေးဇူးတင်ကြောင်း မပြောလိုက်ရတဲ့အတွက် စိတ်မကောင်းဘူး လို့ဆိုပါတယ်။ အခုတော့ ဆိုရှယ်မီဒီယာတွေကတဆင့် ကိုလ်တန်မီးသတ်ဌာနမှ လူများအားလုံး ထိုအမျိုးသမီးကို ကျေးဇူးတင်ကြောင်း ဖော်ပြခဲ့တယ် လို့ဆိုပါတယ်။

“ဒါဟာ ကျွန်တော်တို့ စိတ်ဓာတ်ကို တက်ကြွစေပါတယ်။ လူတွေဟာ များသောအားဖြင့် ကျွန်တော်တို့ မီးသတ်သမားတွေကို ကွတ်ကီးတွေ၊ အသားညှပ်ပေါင်မုန့်တွေ၊ အအေးတွေ လာတိုက်ကြလေ့ရှိပါတယ်။ ဒီအပြုအမူတွေကို ကျွန်တော်တို့ကလည်း တကယ် တန်ဖိုးထား ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ဒီတစ်ခေါက်ကတော့ အမျိုးသမီး ပေးသွားတဲ့ တန်ဖိုးက တော်တော်များပါတယ်။” လို့ တင်မ်မက်ဟာဂူးက ပြောဆိုခဲ့ပါတယ်။

Ref : CNN News :Mystery woman treats 25 firefighters to dinner

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top