စာရေးဆရာမ ဂလင်နွန်ဒွိုင်းမယ်တန်က သမီးနှစ်ယောက်ကို နားသပေးတဲ့အကြောင်း သူ့ရဲ့ဘလော့စာမျက်နှာမှာ အခုလို ရေးသားခဲ့တာပါ။ အငယ်မလေး အမ်မာက နားဖောက်မယ့် ထိုင်ခုံပေါ် တက်၊ အသက်ပြင်းပြင်းရှူ၊ မျက်စိမှိတ်ပြီး ” အသင့်ဖြစ်ပြီ”လို့ ပြောလိုက်တဲ့အခါ နားဖောက်ပေးမယ့်သူက ပြုံးတယ်။ ပတ်ဝန်းကျင်မှာ ရှိနေတဲ့သူတွေကလည်း ” ကလေးမလေးက သတ္တိရှိလိုက်တာ၊ အငယ်မလေးက သတ္တိရှိသားပဲ”လို့ ပြောကြတယ်။ အမ်မာ နားဖောက်ပြီးတော့ အကြီးမလေး တစ်ရှ် အလှည့်ရောက်လာတယ်။
လူတွေက တစ်ရှ်ကို ဝိုင်းကြည့်တယ်။ နားဖောက်ပေးမဲ့သူက တစ်ရှ်ကို ခုံပေါ်လာဖို့ အမူအယာ လုပ်ပြတယ်။ တစ်ရှ်က မတ်တတ်ရပ်နေပြီး ” ကျွန်မ စိတ်ပြောင်းသွားပြီ။ ဒီနေ့တော့ အသင့်မဖြစ်သေးဘူး”လို့ ပြောလိုက်တယ်။ အဲဒီအချိန်မှာ နားဖောက်ပေးမယ့်သူက ” သေချာလို့လား သမီးလေး။ သတ္တိရှိစမ်းပါ။ သမီး ညီမလေးတောင် ဖောက်ပြီးသွားပြီ။ လုံးဝ မနာပါဘူး”လို့ ပြောတယ်။
အဲဒီအချိန်မှာ နားဖောက်တဲ့သူရော၊ အခန်းထဲမှာ ရှိနေတဲ့သူတွေရော၊ သူတို့အားလုံးက သတ္တိဆိုတာ ” ကိုယ်ကြောက်တဲ့အရာကို ကျော်လွှားပြီး အဲဒီအရာကို လုပ်ပြတာ”လို့ ထင်နေကြတယ်။ ကိုယ်ကြောက်တဲ့အရာလို့ လုပ်ပြရဲတာမှ သတ္တိလို့ ထင်နေကြတာပါပဲ။ ဒီအခြေအနေမှာ အမ်မာက ဝိုင်းကြည့်နေသူတွေရဲ့ ဖိအားကို ရင်ဆိုင်နေရပြီဖြစ်လို့ ဂလင်နွန်က စကားတစ်ခွန်း ဝင်ပြောလိုက်တယ်။
” အိုး . . . . . သိပ်ရဲရင့်တဲ့ အမေ့သမီးလေး။ ဒီကလူတွေအားလုံးက သမီးကို နားဖောက်စေချင်ကြပေမဲ့ သမီးက သူတို့ရဲ့လိုအင်ထက် ကိုယ့်လိုအင်ကို ဦးစားပေးလိုက်တာပဲ။ သမီးအတွက် မေမေ ဂုဏ်ယူပါတယ်ကွာ။ ကိုယ့်ခန္ဓာကိုယ်နဲ့ပတ်သက်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်နဲ့ ဆုံးဖြတ်နိုင်တာကလည်း သတ္တိပါပဲ။ အမ်မာက သူ့နည်းသူဟန်နဲ့ သတ္တိရှိသလို တစ်ရှ်ကလည်း သူ့နည်းသူ့ဟန်နဲ့ သတ္တိရှိကြောင်း ပြလိုက်တာပါပဲ။ ကဲ . . . . သွားကြစို့။ သမီး အဆင်သင့်ဖြစ်တဲ့နေ့မှ ပြန်လာကြတာပေါ့” လို့ ဂလင်နွန်က ပြောလိုက်တာပါ။
” တစ်ခါတလေမှာ ငြင်းဆန်မှုဆိုတာကလည်း ရဲရင့်မှု၊ သတ္တိရှိမှုပါပဲ။ ကိုယ့်လိုအင်ဆန္ဒကို ဖုံးကွယ်ပြီး အခြားသူတွေ စိတ်ကျေနပ်စေဖို့ လိုက်လျောပေးရတာကို သတ္တိရှိတာလို့ ဘယ်နှစ်ကြိမ်တိုင်တိုင် သတ်မှတ်ခဲ့ကြပြီးပြီလဲ”
အမ်မာရဲ့ ရဲရင့်မှုက ကျယ်လောင်စွာ မြည်ဟည်းတယ်။ တစ်ရှ်ရဲ့ ရဲရင့်မှုကတော့ တိတ်တဆိတ်။ သူတို့နှစ်ယောက်လုံးရဲ့ သတ္တိက ညီတူညီမျှပါပဲ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတယ်ဆိုတဲ့ စိတ်အပေါ်မှာပဲ အခြေခံကြတာပါ။ ပြင်ပဖိအား ဘယ်လောက်များနေပါစေ၊ ကိုယ့်အတွင်းစိတ်ရဲ့အသံ၊ သဏ္ဍာန်အတိုင်း လုပ်ရဲတာကလည်း သတ္တိပါပဲ။
”ဒါဟာ ကလေးတွေကို ကျွန်မတို့ သင်ကြားပေးရမယ့် ရဲရင့်မှု၊ သတ္တိရဲ့ အဓိပ္ပာယ်လည်း ဖြစ်ပါတယ်”လို့ ဂလင်နွန်က ရေးသားထားပါတယ်။
Ref: Glennon Doyle Melton
NZ ( ရိုးရာလေး)

