ဆားအကြောင်း အကောင်းအဆိုး

sea-salt-in-wooden-red-salt-shaker-with-spoon-CHDALWH.jpg

အိမ်သုံးဆားနဲ့ပတ်သက်ပြီး သင်ဘယ်လောက်သိပါသလဲ။ ကောင်းကျိုးဆိုးကျိုးတွေကို သိပါသလား။ အများစုကတော့ အစားအစာများကို ချက်ပြုတ်ရာမှ မရှိမဖြစ် အသုံးပြုရတဲ့ ပစ္စည်းအနေနဲ့၊ လွန်ကဲစွာ စားသုံးမိရင် သွေးတိုး နဲ့ နှလုံးရောဂါဖြစ်စေမယ့် ပစ္စည်းအနေနဲ့ သိကြပါတယ်။

ဆားကို ဓာတုဗေဒအရ ဆိုဒီယမ်ကလိုရိုဒ် (NaCl) လို့ ခေါ်ပါတယ်။ ဆိုဒီယမ် ၄၀ ရာခိုင်နှုန်း၊ ကလိုရိုဒ် ၆၀ ရာခိုင်နှုန်းနဲ့ ပေါင်းစပ်ဖွဲ့စည်းထားပါတယ်။ တကယ်တော့ ဆားဟာ လူ့ကိုယ်ခန္ဓာရဲ့ မရှိမဖြစ်ဓာတ်ဆား (electrolyte) ပဲ ဖြစ်ပါတယ်။ ကိုယ်ခန္ဓာအတွင်းမှာ အရည်တွေ ဟန်ချက်ညီမျှတဖို့၊ အာရုံကြောများ လျှပ်ကူးခြင်း ကောင်းမွန်စေဖို့၊ ကြွက်သားများ ပုံမှန်လုပ်ငန်းတာဝန်များ ထမ်းဆောင်နိုင်ဖို့ အထောက်အကူ ပြုပါတယ်။

ရှေးယခင်က ဆားကို အစားအစာတွေကို ကြာရှည်ခံအောင် ပြုလုပ်ရာမှာ စတင်အသုံးပြုခဲ့ပါတယ်။ အစားအစာတွေထဲမှာ ဘက်တီးရီးယားပိုးတွေ ပေါက်ပွားခြင်းမဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဆားကို နည်းလမ်းနှစ်မျိုးနဲ့ ထုတ်လုပ်ခဲ့ကြပါတယ်။ ဆားမိုင်းများက ထုတ်လုပ်သလို ပင်လယ်ဆားငန်ရေကနေလည်း ချက်လုပ်ပါတယ်။

ဆားဟာ ကျန်းမာရေးအပေါ် သက်ရောက်မှုရှိသလဲ

ကျန်းမာရေးပညာရှင်များအနေနဲ့ တနေ့တာမှာ ဆိုဒီယမ်ကို ၂၃၀၀ မီလီဂရမ်ထက် ပိုပြီး မစားသုံးဖို့ သတိပေးခဲ့ကြပါတယ်။ ဒါဟာ ဆားတဇွန်း (ထမင်းစားဇွန်းဖြင့်) ဒါမှမဟုတ် ၆ ဂရမ်နဲ့ ညီမျှပါတယ်။ အကြောင်းကတော့ ဆားကို လိုတာထက် ပိုမိုသုံးစွဲမိရင် သွေးတိုးရောဂါဖြစ်ပြီး နှလုံးရောဂါဖြစ်နိုင်ခြေ၊ လေဖြတ်နိုင်ခြေရှိလို့ ဖြစ်ပါတယ်။

ဆားကို လျှော့စားခြင်းအားဖြင့် သွေးပေါင်ချိန်ကို ထိန်းနိုင်တယ်ဆိုတာ အမှန်ပါပဲ။ အထူးသဖြင့် ဆားအနည်းငယ် စားရုံမျှနဲ့ သွေးတိုးတတ်သူတွေမှာ သိသာပါတယ်။ သုတေသနတခုမှာ ဖော်ပြချက်အရ ပုံမှန်သွေးပေါင်ချိန်ရှိတဲ့လူတွေမှာ ဆားသုံးစွဲမှုကို လျှော့ချလိုက်ရင် အပေါ်သွေး ၂.၄၂ ကျဆင်းပြီး အောက်သွေးဟာ ၁ ကျဆင်းတယ်လို့ သိရပါတယ်။ ဥပမာ သွေးပေါင်ချိန် 130/75 mmHg ရှိသူဟာ 128/74 mmHg ကို ကျဆင်းသွားခြင်း ဖြစ်ပါတယ်။ ဆားကို လျှော့စားကြဖို့လည်း အချင်းချင်းတိုက်တွန်းပေမယ့် ဘယ်အတိုင်းအတာ သုံးစွဲရမယ်ဆိုတာတော့ သိတဲ့သူရှားပါတယ်။ ဒီတော့ တရက်ကို ဆား ၆ ဂရမ်ထက် ပိုမစားတာ အကောင်းဆုံးပါပဲ။

ဆားစားသုံးမှုနှင့် အစာအိမ်ကင်ဆာ

ဆားကို စားသုံးတာများရင် အစာအိမ်ကင်ဆာဖြစ်နိုငခြေရှိတယ်ဆိုတဲ့ သုတေသနတွေ့ရှိချက်တွေ ရှိပါတယ်။ ဆားကို စားသုံးမှု မြင့်မားသူတွေဟာ ပုံမှန်လောက်ပဲ စားသုံးသူတွေထက် အစာအိမ်ကင်ဆာဖြစ်နိုင်ခြေ ၆၈ ရာခိုင်နှုန်းမြင့်မားတယ်လို့ သိရပါတယ်။ အကြောင်းပြချက်နှစ်ချက် ရှိပါတယ်။ တချက်ကတော့ ဆိုဒီယမ်များလာခြင်းဟာ အစာအိမ်အနာဖြစ်စေတဲ့ H Pylori ဘက်တီးရီးယားပေါက်ပွားမှုကို တိုးတက်လာစေတယ်လို့ ဆိုပါတယ်။

H Pylori များလာခြင်းဟာ အစာအိမ်ကင်ဆာဖြစ်နိုင်ခြေ များလာစေပါတယ်။ နောက်တချက်ကတော့ ဆားများခြင်းဟာ အစာအိမ်အနာတွေကို ထိခိုက်ရောင်ရမ်းစေတယ်လို့ ဆိုပါတယ်။ ဒါဟာ ကင်ဆာဖြစ်စေတဲ့ ကာစီနိုဂျင်ပစ္စည်းတွေနဲ့ ထိတွေ့မှုများစေပါတယ်။

ဆားစားသုံးမှုနည်းရင် ဘာဖြစ်နိုင်လဲ

ဆားကိုစားသုံးမှုများရင် ရောဂါဖြစ်နိုင်တာ သိကြပေမယ့် နည်းသွားရင်လည်း ဘေးဥပါဒ်ဖြစ်တတ်တာကိုတော့ လူသိတာနည်းပါတယ်။ ဆားကို စားသုံးမှုကန့်သတ်လွန်းရင် အောက်ပါပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။

– LDL ကိုလက်စထရောနှင့် triglyceride မြင့်တက်ခြင်း။ ဆားကို စားသုံးမှုကန့်သတ်လိုက်ရင် အဆိုပါ အဆီဓာတ်နှစ်မျိုး မြင့်တက်တတ်ပါတယ်။

– နှလုံးရောဂါ။ သုတေသနတွေအရ ဆိုဒိယမ်ကို တနေ့ ၃၀၀၀ မီလီဂရမ်ထက် လျှော့စားရင်လည်း နှလုံးရောဂါဖြစ်နိုင်ခြေ ရှိတယ်လို့ သိရပါတယ်။

– နှလုံးအလုပ်မလုပ်ခြင်း။ ဆားကိုလျှော့ပြီးစားလွန်းရင် နှလုံးဟာ ပုံမှန်အလုပ်မလုပ်နိုင်တော့ပါဘူး။

– အင်ဆူလင်မတိုးခြင်း။ ဆားနည်းတဲ့ အစားအစာတွေပဲ စားသုံးဖန်များရင် အင်ဆူလင်ဟော်မုန်းရဲ့ အာနိသင် မထိရောက်တော့တဲ့ တွေ့ရှိချက်တွေ ရှိထားပါတယ်။

– အမျိုးအစား ၂ ဆီးချို။ ဆီးချိုလူနာတွေမှာ ဆိုဒီယမ်နည်းပါးခြင်းဟာ အန္တရာယ်ရှိပါတယ်။

ဘယ်အစားအစာတွေမှာ ဆားပါဝင်နှုန်း များသလဲ

တာရှည်ခံအောင် အဆင့်ဆင့်ပြုပြင်ထုပ်ပိုးထားတဲ့ အစားအစာတွေမှာ ဆားပါဝင်မှုများပါတယ်။ ဆားစိမ်ခြင်း၊ စည်သွတ်ခြင်း၊ သနပ်လုပ်ခြင်း စတဲ့နည်းတွေနဲ့ ပြုပြင်ထားတဲ့ အစားအစာတွေ ဖြစ်ပါတယ်။ ထုပ်ပိုးထားတဲ့ အစားအစာတွေကို ဝယ်ယူခါနီးမှာ ဆိုဒီယမ် ပါဝင်နှုန်းကို ဖတ်ရှုနိုင်ပါတယ်။

အဓိကကတော့ တန်ဆေးလွန်ဘေး ဆိုသလိုပဲ ဆားကိုလည်း မနည်းလွန်း မများလွန်း ချင့်ချိန်စားသုံးခြင်းဟာ ကျန်းမာရေးအတွက် အကောင်းဆုံးပါပဲ။

Ref : hellosayarwon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top