သွေးဖိအားကို သဘာဝနည်းလမ်းတွေနဲ့ ထိန်းကြမယ်

11-8-2021-yyl14.jpg

သွေးတိုးတာ (သို့) သွေးဖိအားများတာဟာ ကမ္ဘာ့တစ်ဝှမ်းက လူသန်းပေါင်းများစွာ ကြုံတွေ့နေရတဲ့ အန္တရာယ်များတဲ့ အခြေအနေဖြစ်ပါတယ်။ သွေးဖိအားများတာ၊ သွေးတိုးတာ ခဏခဏဖြစ်ပါများရင် နှလုံးကို ပျက်စီးစေနိုင်ပြီး နှလုံးရောဂါ၊ နှလုံးရပ်တာလို နှလုံးပြဿနာတွေဖြစ်လာစေနိုင်ပါတယ်။ သွေးတိုးတာ၊ သွေးဖိအားများလာတာ သိတာနဲ့ မကုသဘဲထားရင် အသက်အန္တရာယ်ရှိပါတယ်။ သွေးဖိအားပမာဏကို နည်းအမျိုးမျိုးနဲ့ ထိန်းထားလို့ရပါတယ်။ ဆေးဝါးနဲ့ ထိန်းတာအပြင် သဘာဝနည်းလမ်းတွေနဲ့လည်း ရေရှည်ထိန်းထားနိုင်ပါတယ်။ သွေးဖိအားကို သဘာဝနည်းလမ်းနဲ့ ထိန်းချင်ရင်တော့

ဆိုဒီယမ်စားသုံးမှုပမာဏကို လျော့ချပါ

ဆိုဒီယမ်စားသုံးမှုများတာနဲ့ သွေးတိုးတာက ဆက်စပ်မှုရှိတယ်လို့ လေ့လာချက်တော်တော်များများက ဆိုထားပါတယ်။ ဆိုဒီယမ်က ဉီးနှောက်သွေးကြောပျက်တာအတွက် အကြောင်းအရင်းတစ်ခုဖြစ်နိုင်ပါတယ်။ တစ်နေ့တာ ဆိုဒီယမ်စားသုံးမှုပမာဏကို နည်းနည်းလေး လျော့ချရင်တောင် သွေးမတိုးအောင် ထိန်းပေးနိုင်ပါတယ်။ ဆိုဒီယမ်ပမာဏရဲ့သက်ရောက်မှုက လူတစ်ယောက်နဲ့တစ်ယောက် ကွာခြားပါတယ်။ ကျန်းကျန်းမာမာနဲ့နေထိုင်ချင်ရင် ဆိုဒီယမ်များတဲ့ အသင့်ပြုလုပ်ထားတဲ့အစားအစာတွေစားသုံးတာကို ကန့်သတ်ပစ်သင့်ပါတယ်။ လူတစ်ယောက်က တစ်နေ့ကို ဆား (၂၃၀၀) မီလီဂရမ်ထက်ပိုမစားသုံးသင့်ပါဘူး။

ပိုတတ်စီယမ်ပါဝင်တဲ့အစားအစာများများစားသုံးပါ

ပိုတတ်စီယမ်က သွေးတိုးရောဂါခံစားနေရတဲ့သူတွေအတွက် မရှိမဖြစ်အရေးပါတဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ခန္ဓာကိုယ်က လိုအပ်တဲ့ ဒီသတ္တုဓာတ်က ဆိုဒီယမ်ပမာဏများတာကို ဖယ်ရှားပေးသလို သွေးလွှတ်ကြောမှာ ဖိအားတွေကိုလည်း ဖယ်ရှားပေးပါတယ်။ သင့်တစ်နေ့တာအစားအစာမှာ ပိုတတ်စီယမ်ကြွယ်ဝတဲ့အစားအစာတွေ ပါဝင်ပါစေ။

လေ့ကျင့်ခန်းပုံမှန်လုပ်ပါ

လေ့ကျင့်ခန်းပုံမှန်လုပ်တာက လူတစ်ဉီးချင်းစီတိုင်းအတွက် အရေးပါ ပါတယ်။ လူတစ်ဉီးက ကျန်းမာစွာနေထိုင်နိုင်ဖို့အတွက် နာတာရှည်ရောဂါတွေဖြစ်နိုင်ခြေကို လျော့ချဖို့အတွက် နေ့တိုင်း မိနစ် (၃၀-၄၅) မိနစ်လောက် လေ့ကျင့်ခန်းလုပ်ပေးရတယ်လို့ လေ့လာချက်တွေက ဆိုထားပါတယ်။ သွေးဖိအားများတဲ့ပြဿနာကို ခံစားနေရတဲ့ သူတွေအတွက် ပိုပြီး အရေးကြီးပါတယ်။ လေ့ကျင့်ခန်းပုံမှန်လုပ်တာက နှလုံးကို သန်မာစေပြီး သွေးဖိအားကို ထိန်းပေးနိုင်ပါတယ်။ တစ်နေ့ကို မိနစ် ၄၀ လောက် လမ်းလျှောက်တာက သင့်ကို ကျန်းကျန်းမာမာနဲ့ နေထိုင်နိုင်စေမှာဖြစ်ပါတယ်။

အရက်ဘီယာသောက်သုံးတာကို ကန့်သတ်ပြီး ဆေးလိပ်ဖြတ်ပါ

ဆေးလိပ်နဲ့ အရက်ဘီယာနှစ်ခုစလုံးက သွေးဖိအားများစေပါတယ်။ အရက်ဘီယာက သွေးဖိအား ၁၆ ရာခိုင်နှုန်းလောက် တိုးစေနိုင်တယ်လို့ လေ့လာချက်က ဆိုပါတယ်။ အရက်ဘီယာနဲ့ နီကိုတင်းက သွေးဖိအားကို ယာယီ တိုးလာစေနိုင်ပြီး သွေးလွှတ်ကြောတွေကို ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် အရက်ဘီယာကို လျော့သောက်ပေးသင့်ပါတယ်။ ဆေးလိပ်ကတော့ ကျန်းမာရေးအကျိုးကျေးဇူးတစ်ခုမှ မရှိတဲ့အတွက် ဆေးလိပ်သောက်တာကို ဖြတ်သင့်ပါတယ်။

Ref: Natural remedies to lower blood pressure
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top