“ကိုယ့်ဂုဏ်ကိုယ်ဖော် ၊ မသူတော် ခုနစ်ပါး” လို့ စကားပုံအရသတ်မှတ်ထားကြတဲ့သတ္တဝါတွေကတော့ တောက်တဲ့၊ ဇီးကွက်၊ ရွှေပြည်စိုး၊ ယောက်ဖခွေးခေါ်ငှက်၊ ဥဩ၊ တစ်တီတူးနဲ့ ဘုတ်ငှက်တို့ပဲ ဖြစ်ပါတယ်။ အချို့ မူကွဲတွေမှာတော့ “ကိုယ့်ကိုယ်ကိုဖော် မသူတော် ခုနစ်ပါး “ ၊ “ကိုယ့်မည်ကိုဖော် မသူတော် ခုနစ်ပါး “ ဆိုပြီးလည်း ဖော်ပြထားကြပါတယ်။
ဒီတိရိစ္ဆာန်လေးတွေဟာ သူတို့နာမည်ကို သူတို့ အော်နေတတ်ကြပါတယ်။ ဥပမာ – ဥဩဆိုရင် “ဥဩ .. ဥဩ “ နဲ့ အော်နေတတ်တာမျိုးပေါ့။ ဒီလိုပဲ လူ့အသိုင်းအဝိုင်းမှာလည်း ကိုယ့်ကောင်းကြောင်းတွေ၊ ကိုယ့် အရည်အချင်းတွေကိုသာ တစ်ချိန်လုံးဖော်ပြကြွားဝါနေတတ်တဲ့၊ ပလွှားမောက်မာနေတတ်တဲ့ လူတွေရှိတာမို့ “ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော် “ လို့ ခိုင်းနှိုင်းဥပမာပေးတဲ့ စကားပုံဖြစ်ပါတယ်။ တကယ်တော့ စစ်မှန်တဲ့အရည်အချင်းသာ ရှိနေရင် ကိုယ်တိုင် ကြွေးကြော်ပြနေစရာမလိုဘဲ ပတ်ဝန်းကျင်က တစ်ချိန်မဟုတ် တစ်ချိန် ဂရုစိုက်မိလာမှာ သေချာပါတယ်။ ကိုယ်ကိုယ်တိုင်က အလုပ်နဲ့ သက်သေမပြဘဲ ပါးစပ်ပြောနဲ့ပဲ ကိုယ်ဘယ်လောက် ကောင်းကြောင်း၊တော်ကြောင်းတတ်ကြောင်းတွေ တစ်ချိန်လုံးပြောနေပြီဆိုရင်တော့ တစ်ခုခုမှားယွင်းနေပြီလို့ပဲ ယူဆရမှာပါ။
စကားပုံမှာပါတဲ့ တိရိစ္ဆာန်လေးတွေဟာ သဘာဝအလျောက်သာ သူတို့အမည်ကို သူတို့ခေါ်နေကြတာ၊ တစ်ဖက်တစ်လမ်းကကြည့်ရင် သူတို့မြည်သံကိုအစွဲပြုပြီး နာမည်ပေးခံထားရတာတောင်ဖြစ်မှာပါ။ လူ့အဖွဲ့အစည်းထဲက “ကိုယ့် ဂုဏ်ကိုယ်ဖော်” နေကြသူတွေကိုသာ မြင်အောင် သတိထားကြည့်ရှုပြီး အဲဒီလို လူတွေထဲ ကိုယ်လည်း ပါမသွားအောင် ထိန်းသိမ်းရမှာပါ။
ကိုးကား ။ ။ “လှသမိန်” ပြုစုသည့် “မြန်မာစကားပုံအဘိဓာန်”