ကမ္ဘာကြီးပေါ်မှာ ဖြစ်ပျက်နေတာတွေကို မြင်ရတော့ ”အရိပ်နေနေ အခက်ချိုးချိုး”ဆိုတဲ့ စကားပုံလေးကို သတိရမိတယ်။ အဓိပ္ပာယ်ကတော့ သစ်ပင်ရိပ်မှာ ဝင်ခိုပြီး သစ်ပင်ရဲ့ အကိုင်း၊ အခက်တွေကို ချိုးဖဲ့ဖျက်ဆီးနေတယ်လို့ ဆိုလိုတာပါ။
အခုလည်း ကမ္ဘာသူ၊ ကမ္ဘာသားတွေက အခက်တွေ ချိုးနေကြပြန်တယ်။ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေကလည်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန် အားကောင်းစေဖို့ပဲ ရှေးရှုပြီး သဘာဝပတ်ဝန်းကျင် အတွက် သဟဇာတမဖြစ်တဲ့ စွမ်းအင်ရင်းမြစ်တွေကို သုံးစွဲနေကြတယ်။ ကျောက်မီးသွေးစွမ်းအင်သုံးတာကတစ်ကြောင်း၊ သူတစ်စီး၊ ငါတစ်စီး ကားတွေ အပြိုင်စီးနေတာက တစ်သွယ်၊ ဆီအုန်းစိုက်ဖို့ တောမီးရှို့တာက တစ်မျိုး အစရှိတဲ့ လုပ်ရပ်တွေကြောင့် ကမ္ဘာကြီးဟာ ကာဗွန်တွေနဲ့ လုံးပန်းနေရတယ်။
အပူချိန်မြင့်တက်မှုကလည်း တရိပ်ရိပ်ပဲ။ ဒါကြောင့် တစ်ယောက်နဲ့ တစ်ယောက် လမ်းတွေ့လို့ ခေါ်ဝေါ်နှုတ်ဆက်ရင်တောင် စကားလုံးအသုံးအနှုန်း ပြောင်းသွားတယ်။ အရင်တုန်းကလို ”စားပြီးပြီလား”၊ ”နေကောင်းလား”ဆိုတာမျိုးထက် ”တော်တော်ပူတယ်နော်”ဆိုတဲ့ စကားကို ပိုသုံးလာကြတယ်။
ပါးစပ်ဖျားလေးကနေ ”ပူတယ်နော်”ပြောရုံနဲ့တော့ အပူချိန်ကျသွားမှာမဟုတ်ဘူး။ ဒီပြဿနာကို ဝိုင်းဝန်းအဖြေရှာဖို့ အချိန်တန်နေပြီ။ ဒီလိုမှမဟုတ်ရင်တော့ အပူချိန် ပြင်းထန်လာမယ်၊ ရေရရှိနိုင်မှု နည်းပါးလာမယ်၊ မြေဆီအနေအထား ပြောင်းလဲလာပြီး အပင်တွေ ရှင်သန်ဖို့ ခက်ခဲလာမယ့်အတွက် စားနပ်ရိက္ခာ ရှားပါးပြတ်လပ်လာမယ်၊ မြေနိမ့်ပိုင်းဒေသတွေ ရေအောက်ရောက်သွားမယ် စတဲ့ဆင့်ကဲဆိုးကျိုးတွေ ကြုံလာရမှာပါ။
ဒါကြောင့်လည်း ပြီးခဲ့တဲ့သောကြာနေ့က ကမ္ဘာ့နိုင်ငံအသီးသီးမှာ လူသန်းချီ ချီတက်ကြပြီး ”ရာသီဥတု ပြောင်းလဲမှု”အတွက် အစိုးရအဖွဲ့တွေက ထိထိရောက်ရောက် ဆောင်ရွက်ကြဖို့ တိုက်တွန်းခဲ့တယ်။ သူတို့က ကုလသမဂ္ဂ အထွေထွေညီလာခံမတိုင်ခင်မှာ အခုလို တောင်းဆိုခဲ့ကြတာပါ။
အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့ကနေ ဂွာတီမာလာမြို့အထိ၊ သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ကနေ အာဖဂန်နစ္စတန်နိုင်ငံ ကာဘူးလ်မြို့အထိ၊ တောင်အာဖရိကနိုင်ငံ ကိတ်တောင်းမြို့ကနေ ဗြိတိန်နိုင်ငံ လန်ဒန်မြို့အထိ ရာနဲ့ချီတဲ့ ကမ္ဘာ့မြို့ကြီးတွေမှာ ချီတက်တောင်းဆိုမှုတွေ လုပ်ခဲ့ကြတယ်။
မြန်မာနိုင်ငံမှာလည်း ”ဥတုကပ်ဘေးတိုက်ဖျက်ရေး လှုပ်ရှားမှု”အနေနဲ့ စက်တင်ဘာလ ၂၂ ရက်က ဗိုလ်ချုပ်အောင်ဆန်းဈေးရှေ့ကနေ ရန်ကုန်မြို့တော်ခန်းမရှေ့အထိ လမ်းလျှောက်ချီတက်ခဲ့ကြပါတယ်။ ထိုင်းနိုင်ငံ ဗန်ကောက်မြို့မှာတော့ ရာနဲ့ချီတဲ့လူငယ်တွေက သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာန ရုံးစိုက်ရာ အဆောက်အအုံဝင်းထဲဝင်ပြီး တုံးလုံးပက်လက်သေနေတဲ့ဟန်ပန်တွေ ပုံဖော်ခဲ့ကြပါတယ်။
ရာသီဥတုကပ်ဘေးကြောင့် လူသားတွေ သေဆုံးမယ်ဆိုတာကို သရုပ်ဖော်ကြတာဖြစ်ပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာလည်း အလားတူ သရုပ်ပြမှုတွေ လုပ်ခဲ့ကြပါတယ်။ ကမ္ဘာ့ရာသီဥတု ပြောင်းလဲလာတာကို လူတွေသတိထားမိလာအောင် ချီတက်လှုပ်ရှားမှုတွေ လုပ်သင့်သလို ဆောင်ရန်၊ ရှောင်ရန်အချက်တွေကို မီးမောင်းထိုးပြတဲ့ လှုပ်ရှားမှုမျိုးတွေလည်း လုပ်ဖို့ လိုအပ်နေပါတယ်။
ဥပမာအနေနဲ့ အိန္ဒိယနိုင်ငံ ပန်ဂျပ်ပြည်နယ်မှာရှိတဲ့ ဖာရိုဇီပူရ်ခရိုင်မှာဆိုရင် သေနတ်လိုင်စင် လျှောက်ထားသူတွေကို ပျိုးပင် ၁၀ ပင်စိုက်ပျိုးပြီး အပင်တွေ ရှင်သန်လာအောင် ပြုစုပျိုးထောင်မှ လိုင်စင်ချပေးဖို့ ထည့်သွင်းစဉ်းစားမယ်ဆိုတဲ့ လှုပ်ရှားမှုတစ်ခု လုပ်ခဲ့ပါသေးတယ်။ ကားတွေ အရမ်းပေါများလာပြီး ကားမောင်းသင်တန်းတွေ အပြိုင်တက်နေကြတဲ့ ဒီနေ့လို အချိန်များမှာ ကားတွေက ထုတ်လွှတ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ကြောင့် ကမ္ဘာ့ရာသီဥတုကို ဘယ်လောက်အထိ ထိခိုက်စေလဲဆိုတာ အသိပညာပေးဖို့ လိုအပ်ပါတယ်။ ဖာရိုဇီပူရ်ခရိုင်မှာလုပ်သလို ယာဉ်မောင်းလိုင်စင် လာလျှောက်တဲ့သူတွေ၊ သက်တမ်းတိုးတဲ့သူတွေကို သစ်ပင်စိုက်ခိုင်းတဲ့ လှုပ်ရှားမှုမျိုး ဖော်ဆောင်ပြီး ကမ္ဘာကြီးအတွက် တစ်ထောင့်တစ်နေရာက ပါဝင်ခိုင်းတာမျိုး လုပ်သင့်နေပါပြီ။
လူသားတစ်ဦးချင်းစီအနေနဲ့လည်း လျှပ်စစ်စွမ်းအားကို ချွေတာသုံးစွဲတာ၊ စွန့်ပစ်အမှိုက်လျှော့ချတာ(အမှိုက်များလေလေ အမှိုက်ဖျက်ဆီးရလို့ ကာဗွန်ထွက်လေလေ)၊ တတ်နိုင်သလောက် အိမ်သုံးပစ္စည်းတော်တော်များများကို ပြန်အသုံးပြုတာ၊ ရေပူသုံးစွဲမှု လျှော့ချတာ၊ သစ်ပင်စိုက်တာ၊ အသားစားသုံးမှုလျှော့ချတာမျိုးလုပ်ပြီး မျက်ဖြူစိုက်နေတဲ့ ကမ္ဘာကြီးကို တစ်ဖက်တစ်လမ်းကနေ အားဆေးတိုက်ကျွေးကြရအောင်လားဗျာ။ ဒါမှပဲ ကျွန်တော်တို့ရဲ့ နောက်မျိုးဆက်ကို လက်ဆင့်ကမ်းခဲ့မယ့် ကမ္ဘာကြီးက ကျန်းမာသန်စွမ်းနေတဲ့ ကမ္ဘာကြီးဖြစ်နိုင်မှာပါ။ ဒီလိုမှမဟုတ်ရင်တော့ နောက်မျိုးဆက်တွေ ခိုလှုံရမယ့်ကမ္ဘာကြီးက အသက်ငင်နေတဲ့ ကမ္ဘာကြီးဖြစ်နေလိမ့်မယ်ဆိုတာ . . .
Team (ရိုးရာလေး)