ONE:Century တွင် ဖိုးသော် အောင်ပွဲခံနိုင်သည့် အချက် ၅ ချက်

Phoe-Thaw-DA-4700.jpg

လာမည့် အောက်တိုဘာလ အတွင်း ONE Championship သမိုင်းတစ်လျှောက် အကြီးကျယ် အခမ်းနားဆုံး ပြိုင်ပွဲကြီး ဖြစ်သည့် ONE: Century ပြိုင်ပွဲကြီးကို Part I နှင့် Part II နှစ်ပိုင်းခွဲကာ ဂျပန်နိုင်ငံတွင် ကျင်းပမည် ဖြစ်သည်။ ယင်းပြိုင်ပွဲ၏ Part I တွင် ဖယ်သာဝိတ် တန်း၏ အလဲထိုးနိုင်ပွဲ အများဆုံး ကစားသမား “ဘူရှီဒို” ဖိုးသော် သည် ကိုရီးယား ကစားသမား Yoon “The Big Heart” Chang Min နှင့် ရင်ဆိုင်ရမည် ဖြစ်သည်။ ယင်းပွဲတွင် ဖိုးသော် အနေဖြင့် Chang Min အား အနိုင်ရကာ သမိုင်းဝင် ပြိုင်ပွဲတွင် အောင်ပွဲခံ နိုင်ဖွယ် ရှိနေသည့် အကြောင်းရင်း ၅ ချက်ကို သုံးသပ်တင်ပြ လိုက်ရပါသည်။

(၁) အတွေ့အကြုံ ကွာခြားမှု

ဖိုးသော်နှင့် Chang Min တို့ ထိပ်တိုက် တွေ့ဆုံမှုတွင် သိသိသာသာ ကွာခြားနေသည့် အချက်တစ်ချက်မှာ ၎င်းတို့ နှစ်ဦး၏ အသက်အရွယ်နှင့် အတွေ့အကြုံ ဖြစ်သည်။ အသက် ၃၅ နှစ် ရှိသူ ဖိုးသော်နှင့် အသက် ၂၅ နှစ်သာ ရှိသေးသည့် Chang Min တို့ အကြား အသက် ကွာဟမှု ဆယ်နှစ်အထိ ရှိနေခြင်းက ကစားသမား နှစ်ဦး၏ သက်လုံနှင့်ကြံ့ခိုင်မှု အပေါ် သက်ရောက်မှု ရှိနိုင်မည် ဖြစ်သော်လည်း ဖိုးသော်၏ ပွဲအတွေ့အကြုံ များပြားမှုက အားသာချက် တစ်ခု ဖြစ်နေသည်။ ဖိုးသော်သည် ပရော်ဖက်ရှင်နယ် ပြိုင်ပွဲပေါင်း ၉ ပွဲ ပါဝင်ကစားခဲ့ရာတွင် တစ်ပွဲသာ ရှုံးနိမ့်ခဲ့ပြီး ကျန်ပွဲအားလုံး အနိုင်ရထားသည်။ နိုင်ပွဲ ၈ ပွဲ တွင် ၇ ပွဲကို ပထမအချီနှင့် အလဲထိုး နိုင်ခဲ့ခြင်း ဖြစ်ကာ ပြည်တွင်း ကစားသမား ငါးဦးနှင့် ပြည်ပ ကစားသမား ၃ ဦးကို အနိုင်ယူခဲ့ဖူးသည်။

Chang Min မှာမူ အပျော်တမ်း ကစားသမားဘဝဖြင့် နိုင်ပွဲများ ရရှိခဲ့ဖူးသော်လည်း ပရော်ဖက်ရှင်နယ် ကစားသမား ဘဝတွင် ၃ ပွဲသာ ကစားဖူးသေးသူ ဖြစ်သည်။ ယင်း ၃ ပွဲတွင် ပထမဆုံး ပွဲဦးထွက်ပွဲကို ပထမအချီ တွင်ပင် အလဲထိုး ခံရပြီး ရှုံးနိမ်ခဲ့ဖူးသည်။ ONE Championship တွင် ကစားထားသည့် ၂ ပွဲတွင်သာ မြေပြင်ချုပ်ကွက်နှင့် တစ်ပွဲ၊ အလဲထိုး တစ်ပွဲ အနိုင်ရထားခြင်း ဖြစ်သည်။ အပျော်တမ်း Kickboxing နှင့် အနောက်တိုင်း လက်ဝှေ့ ကစားသမား ဘဝမှ ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားသို့ ကူးပြောင်းလာသူ Chang Min အနေဖြင့် ဝါသမ္ဘာ သာလွန်သော ဖိုးသော်ကို အသာစီး ရနိုင်ရန် ခက်ခဲမည် ဖြစ်သည်။

 

(၂) စိတ်ဓာတ်ထက်သန်တက်ကြွမှု

ဖိုးသော်၏ စွမ်းရည်များထဲမှ ထင်ရှားသည့် တစ်ခုမှာ စိတ်ဓာတ် ထက်သန် တက်ကြွခြင်း ဖြစ်ပြီး ပွဲတိုင်းတွင် ၎င်း၏ အကောင်းဆုံး စိတ်ဓာတ်ဖြင့် ယှဉ်ပြိုင်ကစား ခဲ့သည်ကို တွေ့ရသည်။ အသက် ၃ဝ ကျော်မှ ကိုယ်ခံပညာ အားကစား လောကထဲ ဝင်လာခဲ့သူ ဖိုးသော်အတွက် အခြား ကစားသမားများထက် ကြီးမားသည့် စိန်ခေါ်မှုများကို စိတ်ဓာတ်နှင့် ရင်ဆိုင်ခဲ့ရသည်။ ထို့ပြင် ငယ်စဉ်က ကျန်းမာရေး လိုက်စားမှု အားကောင်းခဲ့သူ မဟုတ်သဖြင့် ခန္ဓာကိုယ်ကပါ ရံဖန်ရံခါ အကောင်းဆုံး အနေအထား ဖြစ်မနေသည့် အချိန်တွင်ပင် စိတ်ဓာတ်ကို အရင်းပြုကာ အကောင်းဆုံး စွမ်းဆောင်နိုင်လေ့ ရှိသူဖြစ်သည်။

ယခုပြိုင်ပွဲတွင် ဖိုးသော်သည် ONE Championship သမိုင်း၏ အခမ်းနား အကြီးကျယ်ဆုံး ပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ခွင့် ရသည့်အပေါ် ဝမ်းမြောက် ဂုဏ်ယူနေပြီး ၎င်းအတွက် သမိုင်းဝင် နိုင်ပွဲကို ရရှိရန် ဆန္ဒပြင်းပြ နေသူဖြစ်သည်။ ၎င်းထက် အသက်ငယ်ပြီး ကစားအား ပိုကောင်းသည့် ပြိုင်ဘက်နှင့် ရင်ဆိုင်ရသည့်တိုင် ဖိုးသော်၏ စိတ်ဓာတ်ပြင်းထန် မှုက ပွဲအဖြေကို အပြောင်းအလဲ ဖြစ်နိုင်သည့် အချက် တစ်ခု ဖြစ်လာနိုင်သည်။ Chang Min အနေဖြင့်လည်း ၎င်း၏ တတိယ နိုင်ပွဲဖြစ်လာစေရန် မျှော်လင့်နေသူ ဖြစ်သည့်တိုင် ဖိုးသော်၏ နိုင်လိုစိတ်ကို မကျော်လွှား နိုင်ပါက အရေးနိမ့်သွား နိုင်သည့် အခြေအနေ ရှိနေသည်။

(၃) ဖိုးသော်၏ အလဲထိုးစွမ်းရည်

ဖိုးသော်သည် ONE Championship ၏ ဖယ်သာဝိတ်တန်းတွင် အလဲထိုးနိုင်ပွဲ အများဆုံး ဆိုသည့် ဂုဏ်ပုဒ်ကို လွယ်လွယ်ကူကူ ရခဲ့ခြင်း မဟုတ်ပေ။ ကြယ်စင်ထူး၊ စောအယ်လေး၊ ကတ်ပလီနှင့် စောရန်ပိုင် တို့ကဲ့သို့ ရိုးရာလက်ဝှေ့သမား များကို သူတင်ကိုယ်တင် ယှဉ်ပြိုင်ပြီး အလဲထိုး နိုင်ခဲ့ခြင်း ဖြစ်သလို Sor Sey, Yohan Mulia Legowo နှင့် Victorio Senduk တို့ ကဲ့သို့သော နိုင်ငံတကာ ပြိုင်ဘက်များ ကိုလည်း ကြိုးဝိုင်းထဲတွင် ပညာချင်း ယှဉ်ပြီး အနိုင်ရခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ဖိုးသော်သည် မြန်မာ ကစားသမား များထဲတွင် အလဲထိုး စွမ်းရည် မြင့်မားသည့် စွယ်စုံရ ကစားသမား တစ်ဦးဟု ဆိုနိုင်သည်။

ဖိုးသော် အမှတ်အသား တစ်ခုဖြစ်သော အမြင့် ခြေကန်ချက် များက ပြိုင်ဘက်ကို အဓိက ခြိမ်းခြောက်နိုင်သည့် လက်နက်တစ်ခု ဖြစ်သည်။ ကရာတေး ကစားသမားဟောင်း ဖိုးသော်သည် အရပ်အမောင်းလည်း ကောင်းသူ ဖြစ်သဖြင့် တိကျပြင်းထန်ပြီး အဝေးထိ ရောက်သော ခြေကန်ချက် များကို ပွဲတိုင်းတွင် အသုံးပြုလေ့ ရှိသည်။ ထို့ပြင် လက်ဝှေ့သမားဟောင်း တစ်ဦး ဖြစ်သည့် အတွက် လက်သီးနှင့် ဒူး၊ တံတောင် စွမ်းရည်ကလည်း ကောင်းသဖြင့် ပြိုင်ဘက်များကို ပထမအချီတွင်ပင် တိုက်စစ်ဖွင့်ပြီး လိုချင်သည့် အနိုင်ရလဒ်ကို အလဲထိုးကာ ရယူတတ်သည်။ ယင်းအချက်က Chang Min အား ဖိုးသော် အနိုင်ရနိုင်သည့် အချက်တစ်ချက် ဖြစ်သည်။

(၄) ပြင်ဆင်မှု အားကောင်းခြင်း

ဖိုးသော်သည် ပွဲတစ်ပွဲ ကစားခါနီးတိုင်း စနစ်တကျ စခန်းသွင်း လေ့ကျင့်ကာ အကောင်းဆုံး စွမ်းရည်ရအောင် ပြင်ဆင်လေ့ ရှိသည်။ ၎င်းကိုယ်တိုင် Team PT အားကစားရုံ ဖွင့်လှစ်ထားကာ နေ့စဉ် လေ့ကျင့်မှု ရှိနေသည့်တိုင် ပွဲနီးလာသည့် အခါတွင် ထိုင်းနိုင်ငံမှ Tiger Muay Thai, ကမ္ဘောဒီးယားမှ Selapak စသည့် အားကစားရုံ များတွင် သွားရောက် စခန်းဝင် လေ့ကျင့်ကာ ပြိုင်ပွဲအတွက် ပြင်ဆင်လေ့ ရှိသည်။ နောက်ဆုံး ကစားခဲ့သည့် Senduk နှင့်ပွဲ မတိုင်မီက ဆိုလျှင် အမေရိကန် နိုင်ငံအထိပါ သွားရောက်ပြီး စခန်းဝင် လေ့ကျင့်ခဲ့ သေးသည်ကို တွေ့ရသည်။

ထိုသို့ လေ့ကျင့်မှုများတွင် သာမန် ကိုယ်ခံပညာ လေ့ကျင့်ခန်းများ အပြင် နည်းပြနှင့် လေ့ကျင့်ဖော် များက ဖိုးသော်နှင့် ရင်ဆိုင်ရမည့် ကစားသမား၏ ကစားပုံကို လေ့လာပြီး ယင်းပုံစံအတိုင်း အတုယူ တိုက်ခိုက်ခြင်းဖြင့် ဖိုးသော်ကို ပြိုင်ပွဲနှင့် ပိုမိုနီးစပ်သည့် အတွေ့အကြုံ ရရှိစေသည်။ ယင်းအချက်က အမှန်တကယ် ပြိုင်ပွဲ ကစားသည့် အခါတွင် များစွာ အကျိုးရှိပြီး ပြိုင်ဘက်၏ လှုပ်ရှားမှုများကို ကြိုတင် တွက်ဆ နိုင်စေသည်။ ဖိုးသော်သည် လက်ရှိတွင် Chang Min နှင့် ပွဲအတွက် Tiger Muay Thai တွင် သွားရောက် လေ့ကျင့်လျက် ရှိပြီး ပြိုင်ပွဲနား နီးလျှင် ဂျပန်သို့ ကြိုတင် သွားရောက်ကာ ဂျပန်ရေမြေ၊ ရာသီဥတုနှင့် အသားကျ စေရန် ပြင်ဆင်မည် ဖြစ်သည်။

(၅) တိုးတက်လာနေသော လက်စွမ်း

ဖိုးသော်သည် အထက်တွင် ဖော်ပြခဲ့သည့် အတိုင်း အသက် ၃ဝ ကျော်မှ ကိုယ်ခံပညာ အားကစား လောကထဲ ဝင်လာခဲ့ကာ ၎င်း၏ ကစားသမား သက်တမ်းက ၄ နှစ်ကျော်သာ ရှိသေးသည်။ သို့သော် ပထမဆုံး စတင်ယှဉ်ပြိုင် ခဲ့သည့် ပွဲများနှင့် နောက်ပိုင်းပွဲများ နှိုင်းယှဉ်ကြည့်လျှင် လက်စွမ်း သိသိသာသာ တိုးတက်လာ သည်ကို မြင်တွေ့ရမည် ဖြစ်သည်။ နိုင်ငံတကာ အားကစားရုံများ၊ နည်းပြများနှင့် လေ့ကျင့်ဖော်များ၏ ကူညီပံ့ပိုးမှုကြောင့် မတ်တပ်ရပ် တိုက်ခိုက်မှုတွင် သာမက မြေပြင်အချုပ် စွမ်းရည်ပါ တိုးတက် လာနေသည်ကို တွေ့ရသည်။

ဖိုးသော် ယှဉ်ပြိုင်ခဲ့သည့် ပွဲများတွင် ပြိုင်ဘက်ကို မြေပြင်အချုပ် စွမ်းရည်ဖြင့် အနိုင်ရခဲ့သည့်ပွဲ တစ်ပွဲမှ မရှိသေးသော်လည်း ပြိုင်ဘက် များ၏ ချုပ်ကွက်များကို ကောင်းစွာ ရုန်းထွက်နိုင်ခဲ့ပြီးမှ ပြိုင်ဘက်ကို အလဲထိုးကာ အနိုင်ယူခဲ့သည့်ပွဲ အများအပြား ရှိခဲ့သည်။ အထူးသဖြင့် ပြည်ပ ပြိုင်ဘက်များနှင့် ကစားခဲ့သည့် ပွဲများတွင် Keanu Subba ကို ရှုံးနိမ့်ခဲ့သည့် တစ်ပွဲမှလွဲ၍ ကျန်ပွဲများတွင် ပြိုင်ဘက်ကို သူတပြန် ကိုယ်တပြန်ကြံ့ကြံ့ခံ ကစားပြီး နောက်ဆုံးတွင် အလဲထိုး နိုင်ခဲ့သည် ချည်းသာ ဖြစ်သည်။ ထိုသို့ တရိပ်ရိပ် တိုးတက်လာနေသည့် လက်စွမ်းက ယခုပွဲကို အနိုင်ရနိုင်သည့် အကြောင်းရင်း တစ်ချက် ဖြစ်နေသည်။

ONE: Century Part I နှင့် Century Part II ကို လာမည့် အောက်တိုဘာလ ၁၃ ရက်နေ့တွင် ဂျပန်နိုင်ငံ၊ တိုကျိုမြို့၌ ကျင်းပပြုလုပ်မည်ဖြစ်သည်။ အဆိုပါ ပြိုင်ပွဲကြီးသည် ကိုယ်ခံပညာသိုင်းပေါင်းစုံ ပြိုင်ပွဲသမိုင်းတစ်လျှောက် အကြီးကျယ်ဆုံးနှင့် အခမ်းနားဆုံးပြိုင်ပွဲကြီးဟု ဆိုနိုင်သလို ကိုယ်ခံပညာရပ်ပေါင်းစုံတွင် ကျင်လည်ကျက်စားလျက်ရှိသည့် ကမ္ဘာ့ချန်ပီယံ ၂၈ ဦးအထိ ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top