အိန္ဒိယနိုင်ငံရဲ့ တောအုပ်ကြီးတစ်ခုကို ကာကွယ်ပေးနိုင်ခဲ့လို့ စိမ်းလန်းရေးနိုဘယ်ဆု ရခဲ့သူ

21.5.24-yyl-7.jpg

အိန္ဒိယနိုင်ငံရဲ့ အကြီးဆုံးတောအုပ်ကြီးတစ်ခုကို ကျောက်မီးသွေး မိုင်းတွင်းအဖြစ် ပြောင်းလဲမယ့် အခြေအနေကနေ ကာကွယ်တားဆီးနိုင်ခဲ့တဲ့ အမျိုးသားဟာ ၂၀၂၄ ခုနှစ်အတွက် Goldman Prize ဆု ချီးမြှင့်ခံခဲ့ရပါတယ်။ အိန္ဒိယနိုင်ငံဟာ လျှပ်စစ်ထုတ်လုပ်ဖို့အတွက် ကျောက်မီးသွေး သုံးစွဲမှုအများဆုံး နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ဆတ္တိံသဂြဟပြည်နယ်ရဲ့ အဆုတ်လို့ တင်စားကြတဲ့ Hasdeo Aranya သစ်တောကြီးဟာ ကျောက်မီးသွေး မိုင်းတွင်းတွေ တူးဖော်ခံရမယ့် အခြေအနေ ကြုံခဲ့ပါတယ်။

၆၅၇ စတုရန်းမိုင် ကျယ်ဝန်းတဲ့ သစ်တောကြီးမှာ ဌာနေတိုင်းရင်းသား ၁၅၀၀၀ ဝန်းကျင် မှီတင်းနေထိုင်ကြပြီး သားရဲတိရစ္ဆာန်ပေါင်းများစွာ ကျင်လည်ကျက်စားတဲ့နေရာ ဖြစ်ပါတယ်။ အဲဒီသစ်တောထဲမှာ ကျောက်မီးသွေး မိုင်းတွင်း ၂၁ တွင်း တူးဖော်ဖို့ အဆိုပြုထားတဲ့အပေါ် ပြည်နယ်အစိုးရအဖွဲ့က ချင့်ချိန်စဉ်းစားနေချိန်မှာ အလော့ရှုခလာက ကန့်ကွက်ဆန္ဒပြမှုတွေ လုပ်ခဲ့တာပါ။

ဌာနေတိုင်းရင်းသားတွေနဲ့ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်ပေးရမယ်ဆိုတဲ့ အိန္ဒိယနိုင်ငံရဲ့ အခြေခံဥပဒေကို အစိုးရက လိုက်နာရမယ်လို့ ရှုခလာက ထောက်ပြခဲ့ပြီး ဒီအကြောင်းကို မီဒီယာတွေမှာ ဖော်ပြခံရအောင် ကြိုးပမ်းခဲ့ပါတယ်။ သူဟာ Save Hasdeo Aranya Resistance ကော်မတီကို တည်ထောင်ခဲ့ပြီး ဌာနေတိုင်းရင်းသားတွေနဲ့အတူ ဆတ္တိံသဂြဟပြည်နယ်ရဲ့ အဝေးပြေးလမ်းမှာ ဆန္ဒပြခဲ့ပါတယ်။ သူတို့ဟာ မိုင် ၁၆၀ အကွာအဝေးအထိ ချီတက်ဆန္ဒပြဖို့ စီစဉ်ခဲ့ကြပြီး ခရီးစဉ်တစ်ဝက်မှာတောင် ပြည်နယ်အစိုးရက ကျောက်မီးသွေး မိုင်းတွင်းတွေ တူးဖော်ရေးကိစ္စကို ဖျက်သိမ်းလိုက်ပြီလို့ သတင်းထုတ်ပြန်ခဲ့တာပါ။

Hasdeo Aranya သစ်တောကြီးကို ကာကွယ်ပေးနိုင်ခဲ့တဲ့ ရှုခလာဟာ ဘရာဇီး၊ အမေရိကန်၊ တောင်အာဖရိက၊ သြစတြေးလျ၊ စပိန် အစရှိတဲ့ နိုင်ငံ(၅)နိုင်ငံမှ အခြားဆုရသူ (၅)ဦးနဲ့အတူ ၂၀၂၄ ခုနှစ်အတွက် Goldman Environmental ဆု ဆွတ်ခူးခဲ့တာ ဖြစ်ပါတယ်။ Goldman Environmental ဆုဟာ ဂုဏ်သတင်းကြီးမားလှတဲ့ ဆုတစ်ခုဖြစ်ပြီး စိမ်းလန်းရေးနိုဘယ်ဆုလို့လည်း တင်စားကြပါတယ်။

Ref:He Saved One of the Largest Forests in India from Coal Mining–and Was Honored With 2024 Goldman Prize

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top