ဥရောပကို Mask နဲ့ ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်ကိရိယာတွေ လှူဒါန်းမယ့် ဂျက်မား

12-3-2020-yyl-047.jpg

တရုတ်နိုင်ငံရဲ့အချမ်းသာဆုံးအမျိုးသား၊ ဒစ်ဂျစ်တယ်စီးပွားရေးကုမ္ပဏီ Alibabaရဲ့ တည်ထောင်သူ ဂျက်မားဟာ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားနေတဲ့ ဥရောပနိုင်ငံတွေကို Mask (၁.၈) သန်းနဲ့ ကိုရိုနာဗိုင်းရပ်စ်စမ်းသပ်ကိရိယာ (၁၀၀,၀၀၀) လှူဒါန်းမယ်လို့ သိရပါတယ်။ သူ့ရဲ့အစီအစဉ်တွေကို တရုတ်လူမှုကွန်ယက်အကောင့်ဖြစ်တဲ့ Weibo မှာ ကြေညာခဲ့တာဖြစ်ပါတယ်။

အီတလီနဲ့ စပိန်အပါအဝင် ကိုရိုနာဗိုင်းရပ်စ် ဆိုးရွားစွာဖြစ်ပွားနေတဲ့ နိုင်ငံတွေကို Mask နဲ့ ကိရိယာတွေကို ပို့ပေးဖို့ သူ စီစဉ်နေတယ်လို့ ဂျက်မားက ပြောပါတယ်။ “နိုင်ငံအနှံ့ကို ပစ္စည်းတွေ ပို့ဆောင်ဖို့က ခက်ခဲပေမဲ့ ဥရောပရဲ့ Liege Airport မှာရှိတဲ့ The Electronic World Trade Platform က ပို့ဆောင်ရေးကို ကောင်းကောင်းဆောင်ရွက်ပေးပြီး လိုအပ်တဲ့သူတွေအတွက် ဥရောပကို ပစ္စည်းတွေ ပို့ဆောင်ဖို့ ကျွန်တော်တို့ကို ကူညီပေးနိုင်ပါတယ်” လို့ ဂျက်မားက ဆိုပါတယ်။

“ကျွန်တော်တို့က မိုင်ထောင်ပေါင်းများစွာအဝေးမှာ နေထိုင်ကြပေမဲ့ လိုအပ်နေတဲ့နိုင်ငံတွေကို အရေးပေါ်ကူညီပေးရမှာဖြစ်ပြီး အခက်အခဲတွေကို အတူတူကျော်လွှားရမှာပါ” လို့လည်း ပြောပါတယ်။ ဂျက်မားဟာ ကိုရိုနာဗိုင်းရပ်စ်ကို ဖြေရှင်းဖို့ သူ့ရဲ့ပိုက်ဆံတွေနဲ့ ကူညီပေးနေတာ ပထမဆုံးအကြိမ်မဟုတ်ပါဘူး။ ဇန်နဝါရီလတုန်းကလည်း ဗိုင်းရပ်စ်ကုသဆေးဖော်ထုတ်နေတဲ့ တရုတ်သုတေသနပညာရှင်တွေကို ယွမ် သန်း (၁၀၀) လှူဒါန်းခဲ့ပါတယ်။ ရန်ပုံငွေတွေကို ကိုရိုနာဗိုင်းရပ်စ်ကုသဆေးဖြစ်လာဖို့အတွက် အသုံးပြုသွားမှာဖြစ်ပြီး ယွမ် သန်း ( ၂၀) ကိုတော့ ဗိုင်းရပ်စ်ကုသဆေးဖော်ထုတ်နေတဲ့ Chinese Academy of Sciences နဲ့ the Chinese Academy of Engineering တို့အတွက် ဖြစ်မှာပါဆိုတဲ့အကြောင်းလည်း ဂျက်မားက ပြောခဲ့ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) ကလည်း မတ်လ ၁၁ ရက်နေ့က ကိုရိုနာဗိုင်းရပ်စ်ကို ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါအဖြစ် ကြေညာခဲ့ပါတယ်။ တရုတ်နိုင်ငံပြင်ပမှာ ၂ ပတ်အတွင်း Covid-19 ကူးစက်ခံရသူ ၁၃ ဆ မြင့်တက်လာခဲ့တာကြောင့် WHO က Covid-19 ကို ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါအဖြစ် ကြေညာလိုက်တာဖြစ်ပါတယ်။ ကပ်ရောဂါအဖြစ် ကြေညာလိုက်ပေမဲ့ Covid-19 နဲ့ပတ်သတ်ပြီး ကမ္ဘာ့နိုင်ငံတွေ လုပ်ဆောင်သင့်တဲ့အရာတွေကတော့ ပြောင်းလဲခြင်းမရှိဘူးလို့ WHO က ဆိုထားပါတယ်။

အခုဆိုရင် (၁၂၈) နိုင်ငံမှာ Covid-19 ဖြစ်ပွားနေပြီး ကူးစက်ခံရသူ ဦးရေ (၁၃၄၅၆၁)၊ သေဆုံးသူဦးရေ (၄၉၇၂)၊ ပြန်လည်ကောင်းမွန်လာသူ (၆၈၉၅၈) ရှိနေပါပြီ။

Ref: China’s Richest Man Jack Ma Donates 1.8 Million Face Masks And 100K Coronavirus Test Kits To Europe

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top