ရှင်သန်ဖို့အတွက် အသက်ရှူနေရင်း ရတဲ့ ကျန်းမာရေး အကျိုးကျေးဇူး

breathing-fresh-air.jpg

အသက်ရှူတာက ရှင်သန်မှုအတွက် တော်တော်လေး အရေးပါပါတယ်။ ကိုယ်တွင်းက ဇီဝကမ္မ ဖြစ်စဉ်တွေ ကောင်းစေဖို့လည်း အသက်ရှူစဉ်မှာ ရှူသွင်းလိုက်တဲ့ အောက်ဆီဂျင်ကို လိုအပ်ပါတယ်။ အသက်ရှူတယ်ဆိုတာက အောက်ဆီဂျင်ကို ရှူသွင်းပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်ကို စွန့်ထုတ်ပါတယ်။

အသက်ရှူတယ်ဆိုတာ စိတ်ရောကိုယ်ပါ ကျန်းမာစေတဲ့ နည်းလမ်းတစ်ခုပါ။ အသက်ရှူတာကနေ အင်အားတွေရစေသလို သွေးနီဥဆဲလ်တွေဆီကို အောက်ဆီဂျင် ရောက်ရှိစေပြီး ကိုယ်ခံအား ကောင်းစေပါတယ်။ အသက်ရှူလိုက်တဲ့အခါ ကိုယ်တွင်းက အဆိပ်အတောက် ၇၀ ရာခိုင်နှုန်းကို ပြင်ပကို စွန့်ထုတ်လိုက်တာပါ။ ဒီလို စွန့်ထုတ်မှုက ကိုယ်ခံအားကို အားဖြည့်ပေးသလို စိတ်ခံစားမှု ကောင်းမွန်စေဖို့လည်း အားဖြည့်ပေးပါတယ်။

အသက်ရှူရင်းရမယ့် ကျန်းမာရေး အကျိုးကျေးဇူးများ

အသက်ရှူလိုက်တိုင်းမှာ အခုလို ကျန်းမာရေး အာနိသင်တွေကို သင်ရရှိနေပါတယ်။

အင်အား ပြည့်ဝစေတယ်

အောက်ဆီဂျင်က ခန္ဓာကိုယ်က ဆဲလ်တွေအတွက် မရှိမဖြစ်လိုအပ်တဲ့ သဘာဝ အရင်းအမြစ်တစ်ခုပါ။ လူသားတွေဟာ အစား မစားဘဲ ရက် ၄၀၊ ရေမသောက်ဘဲ ၃ ရက်အထိ နေနိုင်ကြပေမယ့် အသက်မရှူရရင်တော့ မိနစ်ပိုင်းအတွင်းမှာ သေဆုံးနိုင်ပါတယ်။

အစားစားလို့ ရေ​သောက်လို့ ဆိုတာထက် ခန္ဓာကိုယ်မှာ အင်အားတွေ တိုးလာရတာက အသက်ရှူနေတာကြောင့်လည်း ပါပါတယ်။

အသက်ရှူစနစ်ကို ကျန်းမာစေတယ်

အသက်ကို ခပ်ဝဝ ရှိုက်ရှူလိုက်တိုင်းမှာ ရင်ဝမ်းခြားမြှေး နဲ့ အသက်ရှူ လမ်းကြောင်းတလျှောက်က ကြွက်သားတွေကို တင်းအား ပြေလျော့စေနိုင်ပါတယ်။ အသက်ကို ခပ်ဝဝရှူတာက အသက်ရှူတာ ပြတ်တောင်းပြတ်တောင်း ဖြစ်နေတာ နဲ့ ပန်းနာရင်ကျပ်လိုမျိုး ကျန်းမာရေး ပြဿနာတွေကိုပါ သက်သာစေနိုင်ပါတယ်။

အာရုံကြောစနစ်ကို ကျန်းမာစေနိုင်တယ်

အသက်ရှူတာက အာရုံကြောစနစ်ကို အနားရစေပါတယ်။ အကြောင်းကတော့ အသက်ရှူလိုက်တဲ့အခါ သွေးထဲကို အောက်ဆီဂျင် ရောက်ရှိသွားပြီး ဦးနှောက်ဆီ သွေးစီးဆင်းမှု ကောင်းစေသလို အာရုံကြောကို စွမ်းဆောင်ရည် ကောင်းစေပါတယ်။

ပြန်ရည်ကြောစနစ်ကို အားဖြည့်ပေးတယ်

ခန္ဓာကိုယ်ရဲ့ ပြန်ရည်ကြော စနစ်က ကမ္ဘာမြေဆွဲအား၊ ကြွက်သားလှုပ်ရှားမှု နဲ့ အသက်ရှူမှုတွေ အပေါ်မှာ မူတည်နေပါတယ်။ အသက်ရှူလိုက်တဲ့အခါ ပြန်ရည်ကြောတွေက လုပ်ငန်းဆောင်တာတွေကို အကောင်းဆုံး လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

အသက်ရှူတာက ခန္ဓာကိုယ်ကို ဘက်တီးရီးယား၊ ဗိုင်းရပ်စ်တွေနဲ့ အခြားသော ကျန်းမာရေး အန္တရာယ် ဖြစ်စေနိုင်တဲ့ အရာတွေကနေ ကာကွယ်ရာ ရောက်ပါတယ်။

ကြွက်သားတွေကို ပြေလျော့စေတယ်

ဒေါသကြောင့် ဖြစ်ဖြစ် စိတ်ဖိစီးမှုကြောင့် ဖြစ်ဖြစ် ကြွက်သားတွေ တအားတောင့်တင်ပြီး ခေါင်းကိုက်တာမျိုး ဖြစ်လာတဲ့အခါ ခဏလောက် ငြိမ်ပြီး အသက်ကို ခပ်ဝဝရှူလိုက်ပါ။ ဒီလို အသက်ရှူလိုက်တာက ကြွက်သား တစ်ရှူးတွေကို ပြေလျော့စေပြီး စိတ်ရောကိုယ်ပါ သက်တောင့်သက်သာဖြစ်စေပါတယ်။

နှလုံးသွေးကြောစနစ်ကို ကျန်းမာစေနိုင်တယ်

အသက်ရှူလိုက်တဲ့အခါ နှလုံး၊ အသည်း၊ ဦးနှောက် နဲ့ မျိုးပွားစနစ်တွေဆီကို သွေးစီးဆင်းရောက်ရှိမှု ကောင်းစေပြီး ကြွက်သားတွေကို ပြေလျော့စေပါတယ်။ ရုတ်တရက် နှလုံးရပ်သူ အများစုကအသက်ရှူတာကို သေချာလေး မလုပ်တာကြောင့်ပါ။ သတိထားလို့ အသက်ရှူတာကို သေချာလုပ်ပေးတာက ၅ နှစ်ကြာတိုင်း ရုတ်တရက် နှလုံးရပ်နိုင်ခြေကို ၅၀ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်တယ်၊ လို့ လေ့လာမှုတွေအရ သိရပါတယ်။

အစာခြေစနစ်ကို ကျန်းမာစေတယ်

အသက်ဝဝလေး ရှူတာက အစာခြေလမ်းကြောင်းဆီကို သွေးစီးဆင်းရောက်ရှိမှု ကောင်းမွန်စေပါတယ်။ အူတွေရဲ့ လုပ်ဆောင်မှုကို ကောင်းမွန်စေပြီး ဝမ်းမှန်စေတယ်။ အစာကြေစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးပါတယ်။

စိတ်ကျန်းမာရေး ကောင်းစေတယ်

ဝင်သက် ထွက်သက်မှတ်တာက စိတ်ကိုတည်ငြိမ်စေပြီး သင်ယူနိုင်စွမ်း၊ အာရုံစူးစိုက်နိုင်စွမ်း၊ မှတ်မိနိုင်စွမ်းတွေကို တိုးစေနိုင်ပါတယ်။ ဦးနှောက်က သူ့ရဲ့ စွမ်းဆောင်မှုတွေကို ကောင်းစေဖို့အတွက် အောက်ဆီဂျင် ပြည့်ဝစွာ ရရှိဖို့ လိုပါမယ်။

အသက်ရှူတာက စိတ်ဖိစီးမှုကို သက်သာစေသလို၊ စိုးရိမ်ပူပန်တာကို သက်သာစေပြီး အဆိုးမြင် အတွေးတွေကို လျော့ပါးစေပါတယ်။ ဖန်တီးနိုင်စွမ်းကို တိုးစေသလို စိတ်အားထက်သန်မှုကို ဖြစ်ပေးစေပါတယ်။

ငယ်ရွယ်နုပျိုစေတယ်

စိတ်ဖိစီးမှုတွေ၊ ဒေါသတွေ ကင်းသူတွေရဲ့ ရုပ်ရည်သွင်ပြင်က ကြည်လင်နုပျိုနေတယ်ဆိုတာ သဘာဝတရားကြီးရဲ့ အမှန်တရားတွေထဲက တစ်ခုပါ။ အသက်ရှူတာက အရွယ်တင်နုပျိုစေတဲ့ ဟော်မုန်းတွေကို ထွက်ရှိစေပြီး အရွယ်တင်စေနိုင်ပါတယ်။

စိတ်ဖိစီးမှုကို လျှော့ချပေးပြီး အရွယ်မတိုင်ခင် အိုမင်းတာမျိုး မဖြစ်ဖို့လည်း ကာကွယ်ပေးနိုင်ပါတယ်။

တစ်နေ့တာမှာ ၁၅ မိနစ်ကနေ နာရီဝက်လောက် အချိန်ပေးလို့ အသက်ရှူတာကို သတိလေးမှတ်လို့ လုပ်ဆောင်ပြီး အခုပြောခဲ့တဲ့ အကျိုးကျေးဇူးလေးတွေကို ရယူလိုက်ပါ။

Ref : hellosayarwon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top