ဒေါသစိတ်ကို ထိန်းချုပ်ရန် နည်းလမ်းများ

28-4-2020-yyl-039.jpg

ဒေါသဆိုတာ ပြင်းထန်တဲ့ စိတ်ခံစားမှုတခုဖြစ်ပါတယ်။ မထိန်းကွပ်ဘဲထားလိုက်ရင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ဖြစ်ပေါ်လာပါတယ်။ အကြောင်းအရာတခုကို မှန်ကန်စွာ တွေးခေါ်နိုင်ခြင်း ထိန်းချုပ်နိုင်တော့ခြင်း မရှိဘဲ အမှားအယွင်းတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒေါသမီးဟာ မိမိကိုယ်တိုင်ကိုရော မိမိဝန်းကျင်က လူတွေကိုပါ လောင်မြိုက်စေမှာ ဖြစ်ပါတယ်။ အဲဒီအခါ လူမှုအသိုင်းအဝိုင်းနှင့် ကင်းကွာခြင်း၊ ကျန်းမာရေးပြဿနာများ၊ မူးယစ်ဆေးဝါး ပြဿနာများ စတာတွေ ဖြစ်လာနိုင်ပါတယ်။

လူတယောက်နဲ့တယောက် ဒေါသကို ရင်ဆိုင်တွေ့ကြုံရပုံခြင်း မတူပါဘူး။ ဒေါသကို ထိန်းချုပ်နိုင်ပုံခြင်းလည်း မတူပါဘူး။ စိတ်ဖိစီးမှု အရမ်းများနေချိန်မှာဆိုရင် ဒေါသကို ထိန်းချုပ်ဖို့ ခက်ခဲပါလိမ့်မယ်။

ဒေါသကို ထိန်းချုပ်နိုင်မယ့် နည်းလမ်းတချို့တော့ ရှိနေပါသေးတယ်။ သုတေသီတွေရဲ့ အဆိုအရ ဒေါသထိန်းချုပ်မှုလေ့ကျင့်ခန်းများ ပြုလုပ်ခြင်းဟာ လက်တွေ့မှာ ထိရောက်တယ်လို့ သိရပါတယ်။ အောက်ပါနည်းလမ်းများဟာ ဒေါသထိန်းချုပ်ရာမှာ အသုံးဝင်ပါလိမ့်မယ်။

၁။ အသက်ကိုထိန်းရှူပါ။

ဒေါသထွက်လာချိန်မှာ အသက်ရှူမြန်လာတတ်ပါတယ်။ ဒေါသစိတ်ဖြစ်လာရင် ပထမလုပ်သင့်တာကတော့ မိမိကိုယ်ကိုထိန်းပြီး အသက်ကိုဖြည်းဖြည်းနဲ့ ဝအောင်ရှူဖို့ပါပဲ။ အသက်ကို သေချာထိန်းရှူပြီး နှာခေါင်းကဝင်စေကာ ပါးစပ်ကပေးထွက်ရပါမယ်။ ရင်ဘတ်နဲ့သာမကဘဲ ဝမ်းဗိုက်ကနေပါ ရှူသွင်းရပါမယ်။ ရှူသွင်းရှူထုတ်ကို ထပ်ပြန်တလဲလဲ လုပ်ကြည့်ပါ။

၂။ ကြွက်သားများ ဖြေလျှော့ခြင်း

ကြွက်သားများ တောင့်တင်းလာခြင်းဟာလည်း ဒေါသထွက်လာချိန်မှာ ဖြစ်ပေါ်လာတတ်တဲ့ ကိုယ်ခန္ဓာရဲ့ ဖိစီးမှုလက္ခဏာတခုပဲ ဖြစ်ပါတယ်။ မိမိကိုယ်ကို တည်ငြိမ်အောင် ကြွက်သားများကို ဖြေလျှော့ပေးနိုင်ပါတယ်။ ဒီလိုလုပ်ဖို့အတွက် ဦးစွာ မိမိခန္ဓာကိုယ်က ကြွက်သားအသီးသီးကို တဖြည်းဖြည်းချင်း တောင့်တင်းစေရပါမယ်။ ပြီးရင် ဖြည်းဖြည်းချင်း ပြန်လျှော့ချရပါမယ်။ ခြေ လက် စသဖြင့် ကြွက်သားတစုချင်းစီကို တကြိမ်စီ အလျှော့အတင်း ပြုလုပ်ပါ။ ခေါင်းကစပြီး ခြေထောက်အထိ အစဉ်လိုက်လုပ်ပါ။

၃။ မိမိကိုယ်ကို တည်ငြိမ်အေးချမ်းသလို မြင်ယောင်ကြည့်ပါ။

မိမိကိုယ်ကို သက်တောင့်သက်သာနဲ့ တည်ငြိမ်အေးချမ်းနေတဲ့ အနေအထားနဲ့ မြင်ယောင်ကြည့်ခြင်းဟာ သင့်ဒေါသကို အတန်အသင့်လျှော့ချပေးနိုင်ပါလိမ့်မယ်။ မိမိစိတ်ကူးထဲမှာ မှတ်သားထားမိတဲ့ ဆိတ်ငြိမ်ပြီး သက်တောင့်သက်သာရှိတဲ့နေရာမှာ အေးချမ်းစွာ ထိုင်နေတယ်လို့ သဘောထားပါ။ မျက်လုံးကို မှိတ်ထားပြီး သေချာစွာ မြင်ယောင်ပါ။

၄။ လှုပ်ရှားပါ

ကိုယ်လက်လှုပ်ရှားခြင်းဟာ ကိုယ်ခန္ဓာကို ကျန်းမာကြံ့ခိုင်နိုင်စေတဲ့အပြင် စိတ်ဖိစီးမှုတွေကို လျှော့ချရာမှာလည်း အထောက်အကူပြုပါတယ်။ နေ့စဉ် ကြုံတွေ့ရတဲ့ စိတ်ဖိစီးမှုနဲ့ ဒေါသတွေကို လျှော့ချနိုင်ဖို့ လေ့ကျင့်ခန်းပုံမှန် လုပ်သင့်ပါတယ်။ လမ်းအမြန်လျှောက်ခြင်း၊ စက်ဘီးစီးခြင်း၊ ပြေးခြင်း စတာတွေဟာ ထိရောက်တဲ့ နည်းလမ်းတွေ ဖြစ်ပါတယ်။

၅။ မိမိဒေါသကို စေ့ဆော်သောအရာများကို သိမြင်အောင်လုပ်ပါ

များသောအားဖြင့် လူအများဟာ ကိစ္စတရပ်ရပ်အပေါ်မှာပဲ စိတ်မတွေ့ဘဲ ဒေါသထွက်တတ်ကြပါတယ်။ မိမိကို ဘယ်အရာက ဒေါသဖြစ်စေသလဲဆိုတာ အချိန်ယူပြီး ဖော်ထုတ်ပါ။ အဲဒီအရာတွေကို ရှောင်ကြဉ်ပါ။ ဒါမှမဟုတ် ပြေလည်အောင် ဖြေရှင်းတဲ့နည်းလမ်းသုံးပါ။

၆။ ရပ်တန့်ပြီး နားထောင်ပါ။

စိတ်ဆိုးဒေါသထွက်စရာ အငြင်းပွားစရာရှိလာရင် များသောအားဖြင့် အကြောင်းအရာကို ကျော်လွှားပြီး နိဂုံးချုပ်အဆုံးသတ်လေ့ ရှိကြပါတယ်။ အဲဒီအခြေအနေမှာ ဒေါသထွက်မစောပါနဲ့ဦး။ တဖက်သားရဲ့ ဆိုလိုရင်းကိုလည်း သေချာစွာနားထောင်ပြီး မိမိအတွေးအမြင်ကိုလည်း သေချာစွာ ရှင်းပြသင့်ပါတယ်။ ပွင့်လင်းစွာ ဆွေးနွေးအဖြေရှာခြင်းမရှိရင် ဒေါသထွက်စရာတွေပဲ ဖြစ်လာပါလိမ့်မယ်။ စိတ်ဆိုးဒေါသထွက်စရာ ကြုံလာရင် ခဏသတိကပ်ပြီး မိမိတွေးထင်နေတဲ့ အကြောင်းအရာမှန်မှန် သေချာအောင် အရင်လုပ်ပါ။

၇။ တွေးခေါ်ပုံကိုပြောင်းပါ။

ဒေါသထွက်တဲ့အခါ အရာအားလုံးဟာ ရှိရင်းစွဲထက် ပိုပြီးဆိုးရွားနေတယ်လို့ ထင်ရပါတယ်။ ဒါကြောင့် အဆိုးမြင်နေတဲ့ အတွေးတွေနေရာမှာ အရှိအတိုင်း အစားထိုးမြင်လာဖို့ပါပဲ။ ဘယ်တော့မှ အမြဲတမ်းပဲ စတဲ့ စကားလုံးတွေကို ရှောင်ပြီး တွေးတောပါ။ ဘယ်နေရာမှာမဆို မျှတစွာ မြင်နိုင်အောင် အားထုတ်လေ့ကျင့်ပါ။

၈။ မိမိကိုယ်ခန္ဓာကို ဆန်းစစ်ပါ။

သင်စိတ်ဆိုးဒေါသထွက်ချိန်မှာ သင့်ကိုယ်ခန္ဓာမှာ ပြောင်းလဲလာပါတယ်။ နှလုံးခုန်မြန်ခြင်း၊ သွေးတိုးခြင်း၊ အသက်ရှူမြန်ခြင်း၊ ကိုယ်အပူချိန်တက်ခြင်း စတာတွေ ဖြစ်လာနိုင်ပါတယ်။ ကိုယ်ခန္ဓာကနေလည်း ဖိစီးမှုဖြစ်စေတဲ့ ဟော်မုန်းတချို့ထွက်လာပါတယ်။

ဒါကြောင့် မိမိကိုယ်ကို သတိကပ်ပြီးနေပါ။ မိမိကိုယ်ခန္ဓာကနေ ဒေါသရဲ့ သတိပေးလက္ခဏာတွေ ပေါ်လာတာကို မြင်အောင်ကြည့်ပါ။ အဆိုပါလက္ခဏာတွေ ပေါ်လာမယ်ဆိုရင် မိမိကိုယ်ကို ဖြေလျှော့ဖို့ ကြိုးစားပါ။

၉။ အကူအညီရှာဖွေပါ။

ဒေါသစိတ်ဟာ မိမိကိုယ်တိုင်ကိုရော မိမိဝန်းကျင်ကိုပါ လောင်မြိုက်စေတာကြောင့် အတတ်နိုင်ဆုံး ငြှိမ်းသတ်နိုင်အောင် ဖြေရှင်းရပါမယ်။ မိမိဖာသာ ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို ကျင့်သုံးကြည့်ပါ။ မိမိဒေါသကို မထိန်းချုပ်နိုင်ဘဲ လိုတာထက်ဆိုးရွားနေမယ်ဆိုရင် စိတ်ကုပညာရှင်၊ စိတ်ကျန်းမာရေးဆရာဝန် စသူများနဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Ref : hellosayarwon

ရေးသားသူ Dr.Thant Zin
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top