၀ရန်တာမှ ပြုတ်ကျလုဆဲဆဲဖြစ်နေတဲ့ ကလေးငယ်ကို ဘရာဇီးရွှေ့ပြောင်းလုပ်သားက ကယ်တင်ပေးခဲ့

26.8.2024-yyl-1.jpg

ဝရန်တာကနေ ပြုတ်ကျလုဆဲဆဲဖြစ်နေတဲ့ ကလေးငယ်ကို အသက်စွန့် ကယ်တင်နိုင်ခဲ့တဲ့ ရွှေ့ပြောင်းလုပ်သား အမျိုးသားတစ်ဦးဟာ သူရဲကောင်းအဖြစ် ချီးကျူးခံနေရပါတယ်။ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က စပိန်နိုင်ငံ အလီကန်တီမြို့မှာ အခုလို သည်းလှိုက်ရင်ဖိုဖြစ်ရပ် ဖြစ်ပွားခဲ့တာပါ။

ဘရာဇီးနိုင်ငံသား ရွှေ့ပြောင်းလုပ်သား ဖီးလစ်ဒေးဗစ်ဆူဇာက သူအလုပ်လုပ်တဲ့တိုက်ရဲ့ ပြတင်းပေါက်အပြင်ဘက်မှာ ကလေးတစ်ယောက် စူးစူးဝါးဝါး ငိုနေတဲ့အသံကြားလို့ ထွက်ကြည့်ရင်း ဝရန်တာမှာ ပြုတ်ကျလုဆဲဆဲဖြစ်နေတဲ့ ၆ နှစ်အရွယ် ကလေးငယ်တစ်ယောက်ကို တွေ့လိုက်ရတာပါ။

ကလေးငယ်ဟာ အရမ်းကြောက်နေလို့ ခြေထောက်တစ်ချောင်းက လှုပ်မရအောင် ဖြစ်နေပြီး ခြေတစ်ဖက်တည်းနဲ့ အစွန်းလေးကို နင်းပြီး လက်တန်းကို ခိုထားရတာပါ။ အောက်ကနေ ကြည့်နေတဲ့သူတွေကလည်း ကလေးငယ်ကို လက်မလွှတ်လိုက်ဖို့ အော်ဟစ်နေကြပါတယ်။ အဲဒီအချိန်မှာ ဆူဇာက ခြေတစ်ဖဝါးချစရာတောင် မရှိတဲ့ အစွန်းကျဉ်းကျဉ်းလေးကို နင်းပြီး ကလေးငယ်ဆီ လှမ်းသွားခဲ့တာပါ။ အဲဒီနောက်မှာတော့ ကလေးငယ်ကို ဝရန်တာပေါ် ပြန်တင်ပေးနိုင်ခဲ့ပါတယ်။

အဲဒီကျမှ အခြေအနေကို သိသွားတဲ့ ကလေးမိဘတွေကတော့ တုန်လှုပ်နေကြပြီး ဆူဇာကို ကျေးဇူးတင်မဆုံးနိုင်အောင် ဖြစ်ခဲ့ကြပါတယ်။ စပိန်ရဲတပ်ဖွဲ့ရဲ့ ပြောကြားချက်အရ ကလေးငယ်ရဲ့ မိသားစုဟာ စပိန်နိုင်ငံကို အလည်အပတ် ရောက်လာသူတွေလို့ သိရပါတယ်။ ဆူဇာရဲ့ ရဲရင့်တဲ့လုပ်ရပ်ကတော့ ချီးကျူးဂုဏ်ပြုမှုတွေ ရရှိခဲ့ပြီး ဒီဖြစ်ရပ်ကို ရိုက်ကူးထားတဲ့ ဗီဒီယိုကလည်း လူမှုကွန်ရက်မှာ ပျံ့နှံ့သွားခဲ့ပါတယ်။

Ref: Heroic Worker Rescues Young Boy Dangling From Balcony
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top