နှုတ်ခမ်းတွင် ပေါက်သော ရေယုန်နာ (Cold Sore)

15-1-2021-yyl01.jpg

ပါးစပ်မှာဖြစ်တဲ့ ရေယုန်နာသည် ရေယုန်ဗိုင်းရပ်စ် (HSV-1) နှင့် (HSV-2) ကူးစက်ခံရခြင်းကြောင့် ဖြစ်တာပါ။ နှုတ်ခမ်းနဲ့ ပါးစပ်တစ်ဝိုက်တင်မကဘဲ လိင်အင်္ဂါမှာပါ အနာပေါက်တတ်ပါတယ်။ အနာဖြစ်နေချိန်မှာ အခြားသူတစ်ဦးကို ကူးစက်ဖို့ အလွန်လွယ်ကူလျင်မြန်ပါတယ်။

ရေယုန်နာသည် ကုသပျောက်ကင်းနိုင်သလား

အနာသည် ရေယုန်ဗိုင်းရပ်စ်ပိုး ကူးစက်ခံရခြင်းကြောင့် ဖြစ်တဲ့ လက္ခဏာတစ်ခုဖြစ်ပြီး ကုသပျောက်ကင်းနိုင်ပါတယ်။ ဒါပေမယ့် ကိုယ်ထဲက ရေယုန်ဗိုင်းရပ်စ်ပိုးကိုတော့ လက်ရှိအချိန်ထိ ကုသလို့ရတဲ့ ဆေးဝါးများ ပေါ်ထွက်ခြင်းမရှိသေးပါဘူး။ ဒီအတွက် ရေယုန်နာ ပျောက်သွားတဲ့တိုင်အောင် ကိုယ်ထဲမှာ ဗိုင်းရပ်စ်ပိုးကတော့ ကျန်နေဦးမှာပါ။

ဘယ်လိုလက္ခဏာတွေ တွေ့ရလဲ

ပထမအဆင့် = ယားယံခြင်းနှင့် အသားထဲက စူးသလို ခံစားရခြင်း

အနာစတင် မဖြစ်ခင်မှာ အနာဖြစ်မယ့် နှုတ်ခမ်းတစ်ဝိုက်တွင် အမည်ဖော်မရတဲ့ ယားယံခြင်းမျိုး၊ အသားထဲက ရုတ်တရက် စူးသလို၊ တစ်ခုခုက ထိုးသလို ခံစားရပါတယ်။ ပူစပ်ပူလောင်ဖြစ်ခြင်းလည်း တွေ့ရတတ်ပါတယ်။ ဒါဟာ အနာဖုလေး မပေါက်ခင် တစ်ရက်အလိုလောက်မှာ ကျော်ဖြတ်ရတဲ့ ပထမအဆင့်ပါ။

ဒုတိယအဆင့် = အဖုငယ်လေးများ ပေါက်လာခြင်း

ဒီအဆင့်မှာတော့ အနာဖြစ်ဖို့အတွက် နှုတ်ခမ်း၏ တစ်နေရာမှာ အဖုသေးသေးလေးများ စုပြီး ပေါက်လာတာကို တွေ့ရပါတယ်။ ပုံမှန်ကတော့ နှုတ်ခမ်းရဲ့ ထောင့်စွန်းတွေမှာ အတွေ့များပြီး ပါးစပ်ထဲ၊ ပါး၊ နှာခေါင်းတွေမှာလည်း ပေါက်တတ်ပါတယ်။ ဒီအခြေအနေမှာတော့ ယားယံခြင်း၊ စူးသလို ခံစားရခြင်းတွေပဲ ကြုံနိုင်ပါတယ်။

တတိယအဆင့် = အဖုငယ်များ ပေါက်ပြီး အနာဖြစ်ခြင်း

ပုံမှန်ကတော့ အဖုငယ်လေးတွေဟာ သူ့အလိုလို ပေါက်သွားတတ်သလို မျက်နှာသစ်တဲ့အချိန် လက်နဲ့ထိခိုက်မိပြီးတော့လည်း ပေါက်သွားတတ်ပါတယ်။ ပေါက်သွားချိန်မှာ အနာက စပ်နေတတ်ပြီး ယားယံနေနိုင်ပါတယ်။ ပျောက်ဖို့လည်း အချိန်ပိုကြာသွားတတ်ပါတယ်။ အနာရဲ့ အလယ်မှာ ချိုင့်ဝင်နေတာကို တွေ့ရတတ်ပြီး ပြည်ယိုစီးကာ ပတ်လည်အရေပြားက မာနေနိုင်ပါတယ်။

အခြားလက္ခဏာများအနေနဲ့

  • အဖျားတက်ခြင်း
  • သွားဖုံးများ နာနေခြင်း
  • လည်ချောင်းနာခြင်း
  • ခေါင်းကိုက်ခြင်း
  • ကြွက်သားများ ကိုက်ခဲခြင်း
  • ပြန်ရည်ကြောအကျိတ်များ ရောင်နေခြင်းကို ကြုံရတတ်ပါတယ်။

အသက် (၅) နှစ်အောက်ကလေးတွေမှာ ရေယုန်နာကို တခြားထိခိုက်မှုကြောင့်ဖြစ်တဲ့ Ulcer အနာနဲ့ မှားတတ်ပါတယ်။ ကလေးတွေမှာ ဖြစ်တဲ့ပြဿနာဆိုရင်တော့ ကလေးအထူးကုဆရာဝန်နဲ့ သေချာပြသကြည့်ဖို့ လိုအပ်ပါတယ်။

ဘယ်လို ကူးစက်နိုင်သလဲ

  • ရောဂါပိုးရှိသူရဲ့ အသုံးအဆောင်ပစ္စည်း (ဥပမာ – ဇွန်း၊ မုတ်ဆိတ်ရိတ်ဓား၊ တဘက်၊ သွားတိုက်တံ) စတာတွေကို အသုံးပြုမိတာ
  • နှုတ်ခမ်းချင်း နမ်းရှုံ့တာ
  • အနာဖြစ်နေသော လိင်အင်္ဂါကို ပါးစပ်ဖြင့် နှိုးဆွတာကနေ ကူးစက်ပါတယ်။
  • ရေယုန်ဗိုင်းရပ်စ်ပိုးဟာ တစ်ယောက်ကနေ တစ်ယောက် ကူးစက်ဖို့ အလွန်လျင်မြန်သလို အနာဖြစ်တဲ့အချိန်ကလွဲရင် ဒီလူမှာ ရေယုန်ဗိုင်းရပ်စ်ပိုး ကူးစက်ခံရကြောင်းကို ဘယ်လိုမှ မသိနိုင်ပါဘူး။

ဘယ်လိုအခြေအနေတွေမှာ အနာပြန်ဖြစ်လဲ

ပုံမှန်အားဖြင့် ရေယုန်နာတွေဟာ ၂ပတ်အတွင်းမှာ ပျောက်သွားတတ်ပြီး နှစ်အတန်ကြာတဲ့အထိ ပြန်မပေါက်ဘဲ နေတတ်ပါတယ်။ ဗိုင်းရပ်စ်ပိုးကတော့ ခန္ဓာကိုယ်အာရုံကြောထဲမှာ မြုပ်နေတာပါ။

  • ဗိုင်းရပ်စ်ပိုးအသစ်တစ်မျိုး ဝင်ရောက်လာတဲ့အခါ
  • ဟော်မုန်းအပြောင်းအလဲ ဖြစ်တဲ့အခါ
  • စိတ်ဖိစီးမှုများချိန်
  • မောပန်းလွန်းနေချိန်
  • နေရောင်ခြည်ထဲ အချိန်ကြာမြင့်စွာ ထိတွေ့မိခြင်း
  • ကိုယ်ခံအားစနစ် ကျသွားခြင်း
  • အရေပြားကို ထိခိုက်မိတဲ့အခါ ရေယုန်နာက ပထမဆုံးအကြိမ် ပေါက်ခဲ့တဲ့နေရာမှာပဲ ထပ်ပြီး ပေါက်ပါတယ်။


ဘယ်လိုကုသနိုင်မလဲ


ပုံမှန်အားဖြင့် ရေယုန်နာတွေဟာ ဆရာဝန်ထိ သွားရောက်ပြသစရာမလိုပါဘူး။ အဓိက လုပ်ပေးဖို့ လိုအပ်တဲ့အချက်တွေကတော့

၁။ အနာဖြစ်နေတဲ့ နေရာကို သန့်ရှင်းအောင် ထားပါ။ ခံတွင်းသန့်ရှင်းရေးကို ဂရုစိုက်ပေးပါ။

၂။ မသန့်ရှင်းတဲ့ လက်နဲ့ အနာကို ထိတွေ့ကိုင်တွယ်တာ မလုပ်ပါနဲ့။

၃။ မျက်နှာသစ်တဲ့အခါ အနာကို ပွန်းပဲ့သွားစေနိုင်တဲ့အထိ ကြမ်းကြမ်းတမ်းတမ်း သစ်တာမျိုး မလုပ်ပါနဲ့။

၄။ ရေများများ သောက်ပေးပါ။

၅။ စိတ်ဖိစီးမှုနည်းအောင် ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ။

၆။ ကိုယ့်ရဲ့ တစ်ကိုယ်ရေအသုံးအဆောင်ပစ္စည်းများကို တခြားတစ်ယောက် ယူပြီး မသုံးစွဲမိဖို့ သတိထားပါ။

၇။ ရေယုန်ပျောက်လိမ်းဆေးများကို ဆေးဆိုင်မှ အလွယ်တကူဝယ်ယူ၍ ဆေးညွှန်းအတိုင်း သေချာလိမ်းပေးပါ။

ဒီနည်းအတိုင်း သေချာလုပ်ပေးမယ်ဆိုရင် ၂ပတ်အတွင်းမှာ သေချာပျောက်နိုင်ပါတယ်။ ၂ပတ်ထက် ကျော်လို့မှ အနာလုံးဝမပျောက်တာ၊ တဆစ်ဆစ်နဲ့ ကိုက်နေတယ်ဆိုရင်တော့ အရေပြားဆရာဝန်နဲ့ သေချာပြကြည့်သင့်ပါတယ်။

Ref : hellosayarwon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top