စိတ်ဓာတ်ကျခြင်းရဲ့ ကနဦးလက္ခဏာများ

unemployed-woman.jpg

စိတ်ဓာတ်ကျတယ်ဆိုတာ လူတိုင်းကြုံတွေ့ရနိုင်တဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာ တစ်မျိုးပါ။ ပြင်းထန်လာရင်တော့ စိတ်ကျဝေဒနာအထိဖြစ်သွားစေနိုင်တဲ့ ပြဿနာမျိုးပေါ့။ ဒါပေမယ့် လူတော်တော်များများက သူတို့စိတ်ဓာတ်ကျနေတယ်ဆိုတာကို စောလျှင်စွာ သိရှိကြခြင်းမရှိကြပါဘူး။ အကြောင်းကတော့ စတင်ပြသလာနေတဲ့ ရောဂါလက္ခဏာတွေကို သတိမထားမိတာကြောင့်ပါ။

ကနဦးလက္ခဏာတွေကို သတိမမူမိတာကြောင့် အသိနောက်ကျလေ့ရှိပြီး အခြေအနေရင့်မာလာချိန်မှာတော့ စိတ်ကျဝေဒနာစွဲကပ်တဲ့အထိ ဖြစ်သွားတတ်ပါတယ်။

ဒါကြောင့် မိမိစိတ်ဓာတ်ကျနေပြီဆိုတာကို သိနားလည်စေနိုင်မယ့် ကနဦးလက္ခဏာတွေကို ဖော်ပြပေးချင်ပါတယ်။ လူတစ်ယောက် စိတ်ကျလာပြီဆိုရင် ကနဦးပိုင်းမှာတင် အောက်ပါလက္ခဏာတွေကို ပြသမှာဖြစ်ပါတယ်။

ဒါတွေကတော့

  • ဝမ်းနည်းခြင်း၊ စိတ်အားငယ်ခြင်း
  • နေ့စဉ်လုပ်ငန်းဆောင်တာတွေအပေါ် စိတ်ပါဝင်စားမှု လျော့ကျခြင်း
  • အပေါင်းအသင်း၊ မိသားစု၊ မိတ်ဆွေတွေနဲ့ ဝေးကွာလာခြင်း
  • ပင်ပန်းနွမ်းနယ်ခြင်း၊
  • အိပ်ချိန်ပြောင်းလဲလာခြင်း၊
  • အစာစားချင်စိတ် ပြောင်းလဲလာခြင်း၊
  • အာရုံစူးစိုက်မှု နည်းပါးလာခြင်း စတာတွေပါပဲ။

ဒီလက္ခဏာတွေဟာ တစ်ခုခြင်းထက် အစုအဖွဲ့လိုက်ပြသတတ်ပါတယ်။ ဒါကြောင့် သတိထားကြည့်မယ်ဆိုရင် ရောဂါလက္ခဏာတွေက ထင်သာမြင်သာရှိတတ်ပါတယ်။

မိမိမှာ စိတ်ဓာတ်ကျဆင်းနေတဲ့ လက္ခဏာတွေရှိလာနေပြီဆိုရင် စိတ်ကျဝေဒနာအဆင့်အထိ ဖြစ်မလာစေဖို့ စနစ်တကျ တားဆီးနိုင်ဖို့ လိုအပ်ပါတယ်။ အဓိကအားဖြင့်တော့ အချက် ၄ ချက်ကို လိုက်နာနိုင်မယ်ဆိုရင် ကနဦးလက္ခဏာတွေကို တားဆီးနိုင်ပါလိမ့်မယ်။

ပုံမှန်အိပ်စက်ပါ – စိတ်ဓာတ်ကျလာပြီဆိုရင် အိပ်ကခက်လာတတ်ပါတယ်။ ဒါမှမဟုတ်လည်း အလွန်အမင်း အိပ်စက်တာမျိုးဖြစ်တတ်ပါတယ်။ ဒီအခြေအနေကို ထိမ်းချုပ်နိုင်ဖို့က အလွန်အရေးတကြီး လိုအပ်တဲ့အချက် ဖြစ်ပါတယ်။

နေ့စဉ် လေ့ကျင့်ခန်းလုပ်ပါ – ကိုယ်လက်လေ့ကျင့်ခန်းလုပ်ဖို့ စိတ်ဓာတ်ခိုင်မာဖို့ လိုပါတယ်။ ဒီနေ့လုပ်လိုက် နောက်နေ့မလုပ်လိုက် လုပ်နေရင် ကိုယ်၊ စိတ် ကျန်းမာရေးကို အကျိုးပြုမှာမဟုတ်ပါဘူး။

ကျန်းမာရေးနဲ့ ညီညွတ်စွာ စားသောက်ပါ – အဆီအဆိမ့်တွေ၊ အငံတွေ၊ အချိုတွေကို ရှောင်ကျဉ်ပြီး အသားငါးနဲ့ သစ်သီးဝလံတွေကို အချိန်မှန် အာဟာရပြည့်ပြည့်ဝဝ ချိန်ညှိပြီး နေ့စဉ်စားသောက်ဖို့လည်း လိုအပ်ပါတယ်။

အဆက်အသွယ် မပြတ်ပါစေနဲ့ – မိသားစုဝင်တွေ၊ ချစ်သူခင်သူတွေ၊ ဆွေမျိုးမိတ်သင်္ဂဟတွေနဲ့ အဆက်အသွယ်မပြတ်နေထိုင်ပြီး အခက်အခဲတွေကို ပွင့်ပွင့်လင်းလင်း ညှိနှိုင်းတိုင်ပင်ဖို့လည်း လိုအပ်ပါလိမ့်မယ်။

ဒီနေရာမှာ သိထားဖို့က လူတစ်ယောက် စိတ်ဓာတ်ကျနေရင် တက်ကြွစွာ လုပ်ဆောင်နိုင်ဖို့ကိစ္စက တကယ်တမ်းထင်တားတာထက် ပိုမိုခက်ခဲပါတယ်။ ဒါကြောင့် စိတ်ဓာတ်ခိုင်မာမှုရှိဖို့တော့ လိုအပ်ပါတယ်။

စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ တွန်းလှန်မှသာ စိတ်ကျဝေဒနာဆီကို ဦးမတည်ပဲ သာမန်စိတ်ဓာတ်ကျဆင်းမှုကို တားဆီးကာ ကျန်းမာပျော်ရွှင်တဲ့ဘဝဆီကို ပြန်လည်ရောက်ရှိနိုင်မယ်ဆိုတာပါပဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

Ref : hellosayarwon

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top