ONE Championship ကြိုးဝိုင်းတွင်းသို့ပြန်လည်ဝင်ရောက်မည့် Brandon Vera က ပြိုင်ဘက်ကို အနိုင်ယူရန် အသင့်ဖြစ်

RAW_4806.JPG

Brandon Vera အနေဖြင့် ONE ဟဲဗီးဝိတ်ကမ္ဘာ့ချန်ပီယံခါးပတ်ကို ဖိလစ်ပိုင်တွင် ဆက်လက်ထားရှိနိုင်လိမ့်မည်ဟု ယုံကြည်မှုအပြည့်ရှိနေသည်။ အဆိုပါ ကမ္ဘာ့ချန်ပီယံရွှေခါးပတ်ကို ရယူပိုင်ဆိုင်ထားသော Vera သည် လာမည့် ONE: CONQUEST OF CHAMPIONS ပြိုင်ပွဲကြီး၏ အဓိကပွဲစဉ်တွင် Mauro Cerilli နှင့် ရင်ဆိုင်ကာ ချန်ပီယံခါးပတ်ကို ကာကွယ်သွားမည်ဖြစ်သည်။

Vera သည် ONE: AGE OF DOMINATION ပြိုင်ပွဲကြီး၏အဓိကပွဲစဉ်အဖြစ် Hideki Sekine ကို ရင်ဆိုင်ကာ ၎င်း၏ခါးပတ်ကို အောင်မြင်စွာကာကွယ်ထားသည့် ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလကတည်းက ပြိုင်ပွဲကြိုးဝိုင်းနှင့် ဝေးကွာနေခဲ့ခြင်းဖြစ်သည်။ ထိုကဲ့သို့ ကာလကြာရှည်စွာအနားယူနေခဲ့သော်လည်း Vera က မကြာခင်ယှဉ်ပြိုင်ရမည့်ပွဲကြီးတွင် ပို၍ ကြံ့ခိုင်သောပုံစံဖြင့် ပြန်လည်ရောက်ရှိလာမည်ဟု ဆိုထားသည်။

Vera နှင့် Cerilli တို့သည် လာမည့် နိုဝင်ဘာလ၂၃ ရက်နေ့တွင် မနီလာမြို့၊ Mall of Asia Arena တွင် ကျင်းပပြုလုပ်သွားမည့် ONE Championship ကြိုးဝိုင်းကြီးထဲ၌ ယှဉ်ပြိုင်ထိုးသတ်သွားကြမည်ဖြစ်သည်။

Vera က “ဖိလစ်ပိုင်နိုင်ငံကြီးကို ကိုယ်စားပြုတဲ့ ချန်ပီယံဖြစ်ရတာ ကျွန်တော် သိပ်ကိုဂုဏ်ယူပါတယ်။ ကျွန်တော် ပြိုင်ပွဲနဲ့ဝေးကွာနေတာ ၂ နှစ်လောက်ရှိနေပေမယ့် ကျွန်တော့်မှာ အလေ့အကျင့်မရှိဘူး၊ ယှဉ်ပြိုင်ဖို့ အဆင်သင့်မဖြစ်သေးဘူးလို့ ဘယ်တော့မှ မတွေးပါဘူး” ဟု မနီလာတွင် မကြာသေးမီကကျင်းပခဲ့သော မီဒီယာများရှေ့ဟန်ရေးပြသည့်ပွဲကြီးတွင် ပြောကြားခဲ့သည်။

“ကျွန်တော် အရင်ကထက်ပိုပြီး ကြံ့ခိုင်လာတယ်၊ မြန်လာတယ်၊ ပိုပြီး ထက်မြက်လာတယ်။ ONE ကြိုးဝိုင်းထဲပြန်ဝင်တဲ့အချိန် အကောင်းဆုံးဖြစ်နေဖို့ ကျွန်တော့်ရဲ့ အဖွဲ့သားတွေက သေချာကြိုးစားထားခဲ့ပါတယ်” ဟု Vera က ဆက်လက်ပြောသည်။

Vera သည် ကိုယ်ခံပညာသိုင်းပေါင်းစုံလောကမှ ဝေးကွာနေသောအချိန်အတွင်း ဖိလစ်ပိုင်ရုပ်ရှင်တစ်ခုတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။ ကစားသမားဘဝမှ အပြီးတိုင်အနားယူသောအချိန်ရောက်မှသာ ရုပ်ရှင်သရုပ်ဆောင်အလုပ်ကို အချိန်ပြည့်လုပ်ကိုင်ရန်ရည်ရွယ်ထားသော Vera က ပြိုင်ပွဲပြန်လည်ယှဉ်ပြိုင်ရသည့်အခိုက်အတန့်သည် မိမိအိမ်သို့ ပြန်လည်ရောက်ရှိသွားသကဲ့သို့ ခံစားရသည်ဟု ဆိုထားသည်။

“ပြိုင်ပွဲကြိုးဝိုင်းဟာ ကျွန်တော်အတွက် အိမ်လိုပါပဲ။ ကျွန်တော် ကြိုးဝိုင်းထဲရောက်သွားတဲ့ခံစားချက်ကို တကယ်လွမ်းနေပါတယ်။ သောကြာနေ့ညကျရင် ခင်ဗျားတို့အားလုံးရှေ့မှာ ယှဉ်ပြိုင်ဖို့ စိတ်လှုပ်ရှားနေပါတယ်။ ချန်ပီယံခါးပတ်က ဖိလစ်ပိုင်မှာပဲရှိနေမှာပါ။” ဟု Vera က အလေးအနက်ပြောကြားသည်။

Cerilli ကလည်း ၎င်းအနေဖြင့် ဖိလစ်ပိုင်ကို လာရခြင်းအကြောင်းသည် ONE ဟဲဗီးဝိတ်ကမ္ဘာ့ချန်ပီယံခါးပတ်ကို သေချာပေါက်ရယူရန်ဖြစ်ကြောင်း ဆိုထားသည်။

“Brandon Vera က သိပ်ကိုတော်တဲ့ ချန်ပီယံတစ်ယောက်ဖြစ်ပေမယ့် အခု သူအရင်ကလောက် မတော်တော့ဘူး။ ကျွန်တော် အခု ONE ဟဲဗီးဝိတ်ကမ္ဘာ့ချန်ပီယံခါးပတ်ကို အရယူဖို့ ရောက်လာတာပါ။” ဟု အရွှန်းဖောက်၍ ပြောသည်။ Cerilli က Vera အပေါ် လေးစားအားကျမှုအပြည့်ရှိသော်လည်း အသက် ၄၁ နှစ်အရွယ်ရှိပြီဖြစ်သည့် ဖိလစ်ပိုင်နိုင်ငံသား ကမ္ဘာ့ချန်ပီယံကြီး၏ ကိုယ်ခံပညာကစားသမားတစ်ဦးအနေဖြင့် အကောင်းဆုံးသောအချိန်ကာလမှာ ကုန်ဆုံးသွားပြီဟု တွေးထင်လျက်ရှိသည်။

“နိုဝင်ဘာ ၂၃ ရက်နေ့ ကြိုးဝိုင်းထဲဝင်တဲ့အခါ ကျွန်တော့်ကို အကောင်းဆုံးပုံစံနဲ့ တွေ့မြင်ရမှာဖြစ်ပြီး ပြိုင်ဘက်ကို အနိုင်ရယူသွားမှာပါ။” ဟု Cerilli က အဆုံးသတ်ပြောကြားသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top