Chatri Sityodtong ပြောပြသော ONE Championship ပြိုင်ပွဲများ၏ ပထမလေးလပတ် အရှိန်အဟုန်

charti-1200x800.jpg

ONE Championship အတွက် ၂၀၁၉ ခုနှစ်သည် အလားအလာကောင်းများဖြင့်စတင်နိုင်ခဲ့သော နှစ်တစ်နှစ်ဟု ဆိုရမည်ဖြစ်သည်။ ကမ္ဘာ့အကြီးမားဆုံးကိုယ်ခံပညာအဖွဲ့အစည်းသည် ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ ကမ္ဘာ့ဂရင်းပရီပွဲနှစ်ပွဲစတင်ကျင်းပခဲ့ပြီး ပျော်ရွှင်စိတ်လှုပ်ရှားဖွယ် ပြိုင်ပွဲများစွာကျင်းပခဲ့ကာ ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ပွဲဦးထွက်ကျင်းပခဲ့သော ပြိုင်ပွဲ၌ ကြည့်ရှုအားပေးသူအရေအတွက် စံချိန်တင်ခဲ့သည်။ ကမ္ဘာလုံးဆိုင်ရာကိုယ်ခံပညာအားကစားအတွက် ခေတ်သစ်တစ်ခု၏ နိဒါန်းဟုဆိုနိုင်သည့်အပြင် ပိုမိုကြီးကျယ်ခမ်းနားသောအရာများကို လာမည့်လများအတွင်း ထပ်မံရှုစားကြရဦးမည်ဖြစ်သည်။

ONE Championship ၏ ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်အရာရှိချုပ်ဖြစ်သော Chatri Sityodtong နှင့် ပြုလုပ်ခဲ့သည့် အထူးတွေ့ဆုံမေးမြန်းမှုတွင် ပထမလေးလပတ်၏ ပရိုမိုးရှင်းအရှိန်အဟုန်၊ ၎င်း၏ နှစ်ကုန် ထုတ်လွှင့်မှု ကြည့်ရှုသူအရေအတွက် ရည်မှန်းချက်နှင့် ONE ဖလိုင်းဝိတ်ကမ္ဘာ့ဂရင်းပရီအတွက် ၎င်း၏မျှော်မှန်းချက်များအကြောင်း ပြောဆိုဆွေးနွေးခဲ့သည်။

ONE Championship: အခုလအစောပိုင်းမှာ ကုမ္ပဏီအနေနဲ့ ဒုတိယအကြိမ်နှစ်စဉ် ONE Elite Retreat ကို ကျင်းပခဲ့ပါတယ်။ အဲဒီကျင်းပမှုရဲ့နောက်ကွယ်က ရည်ရွယ်ချက်ကို သိချင်ပါတယ်။

Chatri Sityodtong: ONE Elite Retreat ရဲ့ နောက်ကွယ်က ရည်ရွယ်ချက်ကတော့ONE Championship ရဲ့အကြီးကျယ်ဆုံးသော ကစားသမားကောင်းတွေကို ဂုဏ်ပြုဖို့ပါ။ ဒါ့အပြင် ကုမ္ပဏီကလုပ်ဆောင်နေတဲ့ စီမံကိန်းတွေနဲ့ ကုမ္ပဏီရဲ့တန်ဖိုး၊ ရည်မှန်းချက်တွေကို အားလုံးနဲ့ ပြန်ပြီးညှိနှိုင်းချင်တဲ့အတွက် ကျင်းပရတာလည်း ဖြစ်ပါတယ်။

အပြန်အလှန်အောင်မြင်မှုတွေ တည်ဆောက်နိုင်ရေးအတွက် အားကစားသမားတွေကို ကျွန်တော်တို့ရဲ့ မိတ်ဖက်တွေအဖြစ် ရှုမြင်ပါတယ်။ ဒါဟာ နက်ရှိုင်းသိမ်မွေ့တဲ့ တန်ဖိုးတစ်ခုဖြစ်ပြီး ONE Championship ရဲ့အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့အသင်းဖော်တွေ၊ အပြင်စည်းမှာရှိတဲ့ အရောင်းသမားတွေ၊ ရုပ်သံအစီအစဉ်ထုတ်လွှင့်သူတွေ၊ အားကစားသမားတွေ ဒါမှမဟုတ် အစိုးရတွေပဲဖြစ်ဖြစ် ကျွန်တော်တို့နဲ့ အလုပ်အတူ လုပ်ကိုင်သူတိုင်းကို အကျိုးအမြတ်ရှိစေချင်တာ ONE Championshipရဲ့ အတွင်း အဇ္ဇတ္တမှာ စွဲမြဲနေတဲ့အတွေးအခေါ်ပါပဲ။ အပြန်အလှန် အကျိုးဖြစ်ထွန်း စေတဲ့အတွေးအခေါ်နဲ့ ကျွန်တော်တို့ချဉ်းကပ်မှုလုပ်ပါတယ်။ ကျွန်တော်တို့ရဲ့ပလက်ဖောင်းကို အသုံးပြုခြင်းအားဖြင့် ကျွန်တော်တို့ရဲ့မိတ်ဖက်ပုဂ္ဂိုလ်တွေ ဘယ်လောက်အကျိုးရှိပြီ အောင်မြင်မှုရရှိနိုင်မလဲဆိုတာကို ကျွန်တော်တို့ အမြဲတွက်ချက်စဉ်းစားဖို့ ကြိုးစားလေ့ရှိပါတယ်။

အဲဒီအတွေးအခေါ်ကို အခြေတည်ပြီး ကျွန်တော်တို့ ONE Elite Retreat ပွဲကို ကျင်းပဖြစ်ခဲ့တယ်။ ကျွန်တော်တို့ရဲ့ အားကစားသမားတွေ အကုန်လုံးစုစည်းမိတဲ့အတွက် ကောင်းတယ်လို့ ကျွန်တော်မြင်ပါတယ်။ ပြိုင်ပွဲယှဉ်ပြိုင်တဲ့အချိန်မှာ သူတို့တွေဟာ အပြင်းအထန်ယှဉ်ပြိုင်ကြတဲ့ ပြိုင်ဘက်တွေပါပဲ။ ဒါပေမဲ့ တစ်နှစ်တစ်ခါအချိန်ယူပြီး သူတို့ စုစည်းတွေ့ဆုံကြတယ်။ တစ်ဦးနဲ့တစ်ဦး အပြန်အလှန် သိကျွမ်းရင်းနှီးမှုတွေ အားပေးတာတွေ လုပ်ကြတယ်။

ONE Elite Retreat ရဲ့အဓိကအချက်ကြီး သုံးချက်ရှိပါတယ်။ နံပါတ်တစ်အချက်က ကျွန်တော်တို့ရဲ့ ကစားသမားတွေကို ဂုဏ်ပြုအောင်ပွဲခံဖို့နဲ့ သူတို့အတွက် နှစ်ကုန်ပါတီသဘောမျိုးလေး လုပ်ပေးဖို့ပါပဲ။ ဒုတိယအချက်ကတော့ သူတို့အတွက် ကျွမ်းကျင်မှုအသစ်တွေ၊ ဗဟုသုတအသစ်တွေနဲ့ အားသစ် လောင်းပေးနိုင်ဖို့ဖြစ်ပါတယ်။ လူမှုကွန်ယက်ပဲဖြစ်ဖြစ်၊ ဈေးကွက်၊ အမှတ်တံဆိပ်ထိုးဖောက်မှုနဲ့ စပွန်ဆာပေးတာတွေဖြစ်ဖြစ်ပေါ့၊ သူတို့ကို အပြင်လောကရဲ့ အောင်မြင်မှုတွေရ အောင်ယူနိုင်စေချင်တယ်။ အဲဒီအောင်မြင်မှုတွေနဲ့ စိတ်ပိုင်းဆိုင်ရာအားအင်အသစ်တွေ ရရှိစေချင်တယ်။ နောက်ဆုံးအချက်ကတော့ ကုမ္ပဏီရဲ့ တန်ဖိုး၊ မျှော်မှန်းချက်နဲ့ ရည်မှန်းချက် တွေနဲ့အတူ အားကစားသမားတွေအားလုံး တညီတညွှတ်တည်းဖြစ်ကြဖို့ပါပဲ။

ONE :ONE Elite Retreat ပွဲအတွင်းမှာ အားကစားသမားတွေအနေနဲ့ ခင်ဗျားကို အံ့အားသင့်စေခဲ့တဲ့အဖြစ်မျိုး တခုခုရှိခဲ့ပါသလား။

CS: ကစားသမားအားလုံးကို လက်ရှိအချိန်မှာ တစ်ဦးချင်းစီနဲ့ ကျွန်တော် ထိတွေ့ဆက်ဆံမှုတွေရှိနေပါတယ်။ ဒါကြောင့် သူတို့တစ်ဦးစီဟာ ပြိုင်ပွဲအပြင်ဘက်မှာ လူသားတစ်ဦးအနေနဲ့ ဘယ်လောက်များ အံ့အားသင့်စရာကောင်းသလဲဆိုတာကို အထူးတလည်လုပ်ပြီး ပြောစရာမရှိလောက်အောင်ကို ကျွန်တော့် သူတို့နဲ့ ရင်းနှီးနေပါတယ်။

ကျွန်တော်တို့ထက်ပိုပြီးအံ့အားသင့်စရာကြုံကြရတာက ကစားသမားတွေဖြစ်မယ် ထင်ပါတယ်။ တချို့ကစားသမားတွေ တစ်ယောက်နဲ့တစ်ယောက် မဆုံတွေ့ခဲ့ကြဘူးဆိုတာကျွန်တော်ပြောရဲတယ်။ သူတို့တွေက ဘယ်လောက်များ ပျော်တတ်တယ်၊ ခင်မင်စရာကောင်းပြီး နွေးထွေးတဲ့စိတ်ဓါတ်ရှိကြတယ်ဆိုတာ သူတို့အံ့သြတကြီးကြုံကြရတော့တာပဲ။ ကိုယ်ခံပညာရှင်အနေနဲ့ကျွန်တော်တို့အာလုံးက တူညီတဲ့ တန်ဖိုးတွေကို မျှဝေခံယူထားကြတယ်ဆိုတာ အတော်ကြီးရှင်းလင်းပေါ်လွင်တဲ့အချက်ပါပဲ။ သုံးနှစ်တာကာလအတွင်းမှာ ရှင်းလင်းထင်ရှားလာခဲ့တာကလည်း ဒီအချက်ပါပဲ။

ကျွန်တော်တို့အားလုံး တူညီတဲ့တန်ဖိုးတွေကို မျှဝေထားပြီး အာရှတိုက်ရဲ့ အကြီးကျယ်ဆုံး ယဉ်ကျေးမှုဆိုင်ရာရတနာတစ်ပါးအတွက်အားလုံးက အောင်ပွဲခံလိုကြတယ်။ ကိုယ်ခံပညာရဲ့တန်ဖိုးနဲ့ ကိုယ်ခံပညာ ရှင်တွေကို ကျွန်တော်တို့အားလုံးက ဂုဏ်ပြုချင်ကြတယ်။ ဒါက ကျွန်တော့်အမြင်မှာ ရှင်းလင်းထင်ရှား ပါတယ်။

ONE: ကုမ္ပဏီရဲ့တစ်နှစ်တာပထမဆုံးပြိုင်ပွဲဖြစ်တဲ့ ONE: A NEW ERA မှာ ကြည့်ရှုသူ (၄၁.၉) သန်းရှိခဲ့ပါတယ်။ ဒါဟာ သိပ်ကိုကြီးမားတဲ့ပမာဏပါပဲ။ အဲဒီပွဲအပေါ်မှာ ခင်ဗျား ဘယ်လိုသုံးသပ်ပါသလဲ။ ခင်ဗျားရဲ့ မျှော်မှန်းချက်တွေအတိုင်း ကိုက်ညီတဲ့ရလဒ်ဖြစ်ခဲ့ပါရဲ့လား။

CS: အမှန်တကယ်တိုက်ခိုက်မှုဆိုတဲ့အမြင်၊ ဖြေဖျော်ရေးတန်ဖိုးနဲ့ ထုတ်လုပ်မှုတန်ဖိုးတွေအရ ပြောရင် (၁၀) မှာ (၁၀) အပြည့်ဖြစ်ခဲ့တယ်။ တကယ့်ကို ထိရောက်ခဲ့ပါတယ်။

ပြိုင်ပွဲမတိုင်မီ လအနည်းငယ်အလိုမှာ ကျွန်တော်တို့ ကိုယ့်ဘာသာဆုံးဖြတ်ခဲ့ကြတဲ့ ကနဦးကြည့်ရှုသူ သန်း (၅၀) ရှိရမယ်ဆိုတဲ့ အနေအထားကို မပြည့်မီခဲ့တာကြောင့် ကျွန်တော်အနည်းငယ် စိတ်ပျက်ခဲ့မိတာကိုတော့ ဝန်ခံချင်ပါတယ်။ ဒါပေမဲ့ တကယ်တမ်း ကြည့်ရှုသူ (၄၁.၉) သန်းဆိုတာကို စိစစ်သုံးသပ်ကြည့် မယ်ဆိုရင်ပေါ့ဗျာ။ ၂၀၁၅ ခုနှစ်၊ လွန်ခဲ့တဲ့ လေးနှစ်ခွဲကာလတုန်းကဆိုရင် ပြိုင်ပွဲတပွဲမှာ ကြည့်ရှုသူ ၇၀၀,၀၀၀ ပဲ ရှိခဲ့တယ်လေ။

ပွဲတစ်ပွဲမှာ ကြည့်ရှုသူ (၄၁.၉) သန်းဆိုတာ ONE Championship အတွက်မြင့်မားတဲ့စံချိန်ပါပဲ။ တကယ်တမ်း ကြည့်ရှုသူအရေအတွက်နဲ့ပြောမယ်ဆိုရင် တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ဘယ်လိုကိုယ်ခံပညာ အားကစားပွဲမျိုးမဆို မြင့်မားတဲ့စံချိန်ပါပဲ။ ဒီအတွက် ကျွန်တော် တကယ့်ကို ရင်ခုန်စိတ်လှုပ်ရှားရပါ တယ်။

ONE: ကြီးကျယ်တဲ့စွမ်းဆောင်မှုတွေအများကြီးရှိတဲ့အနက်မှာ ONE: A NEW ERA ပြိုင်ပွဲမှာ ONE Championship ပထမဆုံးပြိုင်ပွဲအဖြစ် ယှဉ်ပြိုင်ခဲ့တဲ့ Demetrious Johnson ပွဲကို ဘယ်လိုမြင်ပါ သလဲ။

CS: ပထမဆုံးအနေနဲ့ပြောချင်တာက DJ. အတွက် ကျွန်တော်အများကြီးဂုဏ်ယူမိတယ်။
ကိုယ်ခံပညာရှင်တစ်ဦးအနေနဲ့ရော လူတစ်ယောက်အနေနဲ့ပါ သူ့ကို ကျွန်တော် သဘောကျတယ်။ ဒါတင်မကသေးပါဘူး၊ လူ့အသိုင်းအဝန်းအနေနဲ့လည်း အကောင်းဆုံးလူအဖြစ်နဲ့လည်း သူကိုကျွန်တော် နှစ်ခြိုက်သဘောကျပါတယ်။ သူက မိသားစုကို တန်ဖိုးထားတွယ်တာသူပါ။ ကိုယ်ခံပညာရှင်တစ်ဦးမှာရှိရမယ့် တန်ဖိုးတွေအကုန်သူ့မှာရှိတယ်။ ဒါ့အပြင် ကရုဏာ၊ စည်းကမ်း၊ သတ္တိ၊ လေးစားမှု၊ ဂုဏ်သိက္ခာ၊ မာန်မာနနည်းပါးမှုနဲ့ ရိုးသားဖြောင့်မတ်မှုတွေကို ပိုင်ဆိုင်ထားပါတယ်။ သိပ်ကိုခက်ခဲတဲ့ပထမအချီကို သူရင်ဆိုင်ခဲ့ရတာဖြစ်တယ်။

ပထမအချီမှာ သူရှုံးနိမ့်သွားမယ်လို့ ကျွန်တော်ထင်မြင်ခဲ့မိတာအမှန်ပဲ။ ခက်ခဲကြမ်းတမ်းမှုကို သူရင်ဆိုင်ခဲ့တယ်။ ဒါဟာ နည်းနည်းပါးပါး စိတ်လှုပ်ရှားမှုဖြစ်နေတာကြောင့်လို့ ကျွန်တော်ထင်တယ်။ DJ က စစ်မှန်တဲ့ ကမ္ဘာ့ချန်ပီယံတစ်ဦးပါ။ ကျွန်တော့်အမြင်မှာ သူဟာ စစ်မှန်တဲ့ ကမ္ဘာ့ချန်ပီယံတစ်ယောက်ဖြစ်ပြီး ဘယ်လိုအခြေအနေမျိုးမှာမဆို အနိုင်ရအောင် ကစားနိုင်စွမ်းရှိသူတယောက်ပါပဲ။

DJ အတွက် ပထမဆုံးအကြိမ် ပြည်ပမှာရင်ဆိုင်ယှဉ်ပြိုင်ရတာဖြစ်ခဲ့ဖြစ်သလို ကမ္ဘာပေါ်က အကြီးမားဆုံးကိုယ်ခံပညာစင်မြင့်ပေါ်မှာ ယှဉ်ပြိုင်ခဲ့တာဖြစ်တယ်ဆိုတာ သိပ်ထင်ရှားခဲ့ပါတယ်။ DJ အတွက် ပထမဆုံးအကြိမ်ဆိုတာတွေ သိပ်များနေခဲ့တယ်မဟုတ်လား။ ပထမအချီမှာ စိတ်လှုပ်ရှားမှုကြောင့် အခက်ကြုံခဲ့ပေမယ့် အဲဒီနောက်ပိုင်းမှာ သူက အဖွင့်တိုက်စစ်ကိုရှာတွေ့ခဲ့ပြီး သူ့ပြိုင်ဘက်ကျုးလွန်တဲ့ အမှားအယွင်းတွေကို ကောင်းကောင်းကြီး အသုံးချနိုင်ခဲ့ပါတယ်။

ONE: သူက ONE ဖလိုင်းဝိတ် ကမ္ဘာ့ဂရင်းပရီမှာ အကြိုဗိုလ်ပွဲစဉ်အဖြစ် Tatsumitsu Wada နဲ့ ရင်ဆိုင်မယ်၊ အခြားတစ်ဘက်မှာလည်း Kairat Akhmetov က Danny Kingad နဲ့ ယှဉ်ပြိုင်မယ်။ ပြိုင်ပွဲမှာ DJ က ဗိုလ်စွဲဖို့ လူကြိုက်များနေတုန်းပဲလို့ ခင်ဗျား ယူဆပါသလား။

CS: ဟုတ်ကဲ့၊ DJ က လူကြိုက်အများဆုံးပဲလို့ ကျွန်တော်နှစ်နှစ်ကာကာယုံကြည်ပါတယ်။ ဒါပေမဲ့ DJ နောက်ထပ်ယှဉ်ပြိုင်ရမယ့် နှစ်ပွဲက အလွန့်အလွန်ကို ခက်ခဲမယ်ဆိုတာကိုလည်း ကျွန်တော် ကောင်းကောင်းကြီး သိရှိယုံကြည်မိတယ်။ ဒါကြောင့် ပန်းခင်းတဲ့လမ်းမဟုတ်တာ အသေအချာပါပဲ။ လက်ရှိ အချိန်မှာ မထင်မှတ်တဲ့ပေါက်ကောင်အဖြစ် လူကြိုက်များနိုင်တာ Danny Kingad ဖြစ်မယ်လို့ ထင်မိပါတယ်။

ONE: Danny က မထင်မှတ်ဘဲ အောင်ပွဲခံမယ့်သူဖြစ်နိုင်တယ်လို့ ဘာကြောင့်ယူဆတာပါလဲ။

CS: သူက သိပ်ကိုတော်တဲ့ကစားသမားတစ်ဦးပါ။ အင်အားပြင်ထန်းလွန်းပြီး ပေါက်ကွဲနိုင်တဲ့စွမ်းအားရှိသလို အလဲထိုးစွမ်ရည်လည်း ကြီးကြီးမားမားပိုင်ဆိုင်ထားသူပါပဲ။ ဒါကို ဂျပန်ပွဲစဉ်မှာ သူအများကြီး သက်သေထူနိုင်ခဲ့တယ်။ သူ့ရဲ့ မြေပြင်နည်းစနစ်တွေ၊ လှဲသိပ်တဲ့နည်းပညာတွေ၊ အလှည့်အပြောင်းကစားကွက်တွေနဲ့ သူ့ရဲ့သက်လုံ၊ အဆုံးအစမဲ့လို့ မြင်နေရတဲ့သက်လုံစွမ်းအားပေါ့။ ပြိုင်ဘက်တိုင်းကို အခက်ကြုံစေတဲ့ ကစားသမားမျိုးပါ၊ နောက်တစ်ချက်ပြောရရင် သူက လူငယ်ပဲရှိသေးတယ်။ အခုမှ အသက် (၂၃) နှစ်ပဲ ရှိပါသေးတယ်။

ONE: နောက်ဆုံးအနေနဲ့ ကျွန်တော်တို့ ကြည့်ရှုသူအရေအတွက်ကိုပြောမယ်ဆိုရင် ဒါနဲ့ပတ်သက်ပြီး အခုနှစ် ရဲ့လက်ကျန်ကာလတွေမှာ ဘယ်လိုပန်းတိုင်ထားရှိသလဲဆိုတာ သိချင်ပါတယ်။

CS: ONE ပြိုင်ပွဲကြည့်ရှုသူအရေအတွက်ကို အခုနှစ်မှာ သန်း (၅၀) ကျော်စေချင်ပါတယ်။ ကုမ္ပဏီရဲ့သမိုင်းမှာ အကြိမ် (၁၀၀) မြောက်ပွဲဖြစ်တဲ့ အောက်တိုဘာလအတွင်း တိုကျိုမြို့မှာ ကျင်းပမယ့်ပွဲက တကယ့်ကြီးမားလှတဲ့ပွဲကြီးဖြစ်မယ်လို့ ကျွန်တော် တကယ့်ကိုယုံကြည်ခဲ့ပါတယ်။ ကျွန်တော်တို့ သန်း (၅၀) ကျော် ဖြစ်ရမယ်လို့ ယုံကြည်မှုအပြည့်ထားရှိပါတယ်။

အဲဒီပွဲမတိုင်မီမှာကိုပဲ စံချိန်ချိုးနိုင်မယ့် အခွင့်အလမ်းရှိပါတယ်။ လတိုင်း၊ ရက်သတ္တပတ်တိုင်းမှာ ကြည့်ရှုသူဦးရေက တိုးပွားနေပါတယ်။ ရှင်းနေတဲ့အချက်ကတော့ ကျွန်တော်တို့ရဲ့တိုးတက်မှုက လစဉ်လတိုင်း၊ အပတ်စဉ်အပတ်တိုင်း ရှိနေပါတယ်။ ကောင်းမွန်တဲ့အရာတွေ အများကြီးဖြစ်ပျက်နေပါတယ်။

Ref: ONE Championship
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top