ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစား စတင် ကစားမည့် သူများအတွက် ဖိုးသော်၏ နည်းလမ်း ၄ ခု

Phoe-Thaw-at-ONE-CENTURY-YK-6873-1200x799.jpg

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် နှစ်အနည်းငယ်မှ စတင်ကာ ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားသည် လူငယ်များ အကြား ရေပန်းစားလာ ခဲ့သည်။ ONE Championship ပြိုင်ပွဲများကို မြန်မာနိုင်ငံတွင် လာရောက် ကျင်းပခဲ့ပြီး “မြန်မာ စပါးအုံး” အောင်လအန်ဆန် ကဲ့သို့ ကမ္ဘာ့ ချန်ပီယံမျိုး ပေါ်ထွက်ခဲ့ခြင်းက ယင်းအားကစား အပေါ် စိတ်ဝင်စားမှု မြင့်တက်စေ ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ယခုမှ စတင်၍ ကိုယ်ခံ ပညာ သိုင်းပေါင်းစုံ အားကစားကို ကစားမည့် သူများအတွက် ONE ဖယ်သာဝိတ်တန်း မြန်မာ တံခွန်စိုက် ချန်ပီယံ “ဘူရှီဒို” ဖိုးသော် က လုပ်ဆောင်သင့်သည့် နည်းလမ်း အချို့ကို အောက်ပါအတိုင်း အကြံဉာဏ် ပေးခဲ့သည်။

(၁) ရောက်လိုသည့် ပန်းတိုင်ကို ဆုံးဖြတ်ပါ

ကိုယ်ခံပညာ သိုင်းပေါင်းစုံ ကစားသမားကို စတင် ကစားမည့် သူများအတွက် ပထမဆုံး လုပ်ဆောင်သင့်သည့် နည်းလမ်းမှာ မိမိ ဖြစ်ချင်သည့် ဆန္ဒ၊ ရောက်လိုသည့် ပန်းတိုင်ကို အရင်ဆုံး ဆုံးဖြတ်ရမည်ဟု ဖိုးသော်က ယူဆသည်။ ကိုယ်ခံပညာကို ကျန်းမာရေး အတွက် သက်သက် လိုက်စားလိုသူနှင့် ပရော်ဖက်ရှင်နယ် ကစားသမား ဖြစ်လိုသူတို့၏ ပန်းတိုင်မှာ မတူညီ သောကြောင့် သွားရမည့် လမ်းကြောင်းသည်လည်း တူညီနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ပထမဆုံး အရေးအကြီးဆုံး အချက်မှာ ရောက်လိုသည့် ပန်းတိုင်ကို ဆုံးဖြတ်ခြင်း ဖြစ်သည်ဟု ဖိုးသော်က ဆိုခဲ့သည်။

“နံပါတ်တစ် ကတော့ ပန်းတိုင်ကို သတ်မှတ်ဖို့ပေါ့။ ကိုယ်သွားချင်တဲ့ လမ်းကြောင်း၊ ကိုယ်ဖြစ်ချင်တဲ့ အိပ်မက် တစ်ခုကို ဆုံးဖြတ်တာပေါ့။ ပြီးရင် အစီအစဉ် ချပေါ့။ ချပြီးရင်တော့ မပျက်မကွက် စဉ်ဆက်မပြတ် လုပ်ဖို့ လိုတာပေါ့။ လုပ်တယ်ဆိုတဲ့ နေရာမှာ ကိုယ်ထားချင်တဲ့ လမ်းကြောင်းနဲ့ သက်ဆိုင်တဲ့ စီမံချက်ပေါ့။ အဲဒီအပေါ်မှာ ရွေးချယ်စရာတွေ ရှိတယ်။ ရွေးချယ်စရာ တွေကို အခြေခံက စပြီးတော့ လေ့လာပြီး သင်ယူရမယ်”ဟု ဖိုးသော်က ပြောပြခဲ့သည်။

(၂) သွားလိုသည့် လမ်းကြောင်းကို ရွေးချယ်ပါ

ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားသည့် ကိုယ်ခံပညာရပ် များစွာကို ပေါင်းစပ်ထားသည့် ကစားနည်း ဖြစ်သဖြင့် ကစားသမား တစ်ဦးနှင့် တစ်ဦး ကျွမ်းကျင် တတ်မြောက်သည့် ကိုယ်ခံပညာ ချင်းလည်း တူညီမည် မဟုတ်ပေ။ အဓိက အားဖြင့် မတ်တပ်ရပ် တိုက်ခိုက်မှုနှင့် မြေပြင် အချုပ်အသိမ်း တိုက်ခိုက်မှုကို ပေါင်းစပ် ယှဉ်ပြိုင် ရသောကြောင့် ၎င်းတို့နှင့် ပတ်သက်သည့် ကိုယ်ခံပညာရပ် အနည်းဆုံး တစ်မျိုးစီ တတ်မြောက် ထားသင့်သည်။ ထို့ကြောင့် ယခုမှ စတင်၍ ကိုယ်ခံပညာ သိုင်းပေါင်းစုံ ကစားမည့် သူများသည် မည်သည့် ကိုယ်ခံပညာကို အသုံးပြု ကစားမည် ဆိုသည်အား ရွေးချယ်ရမည်ဟု ဖိုးသော်က အကြံပေးသည်။
“ဒီနိုင်ငံ အနေအထားနဲ့ ဆိုရင်တော့ မတ်တပ်ရပ် တိုက်ခိုက်တာက လေ့လာရတာ ပိုပြီးတော့ ပြည့်စုံတယ်။ မြေပြင် တိုက်ခိုက်မှု အပိုင်း ကတော့ နည်းတယ်။ လုံးဝ မရှိတာတော့ မဟုတ်ဘူး။ မတ်တပ်ရပ် တိုက်ခိုက်မှု တစ်ခုကို ရွေးချယ်၊ ကရာတေး ဖြစ်ဖြစ်၊ တိုက်ကွမ်ဒို ဖြစ်ဖြစ် တစ်ခုခုပေါ့၊ လက်ဝှေ့ဖြစ်ဖြစ်၊ မွေထိုင်းဖြစ်ဖြစ် အဲဒါလေးတွေ ရွေးပြီးတော့ အဆင့်တစ်ခုကို ရောက်လာတဲ့ အချိန်မှာ မြေပြင် တိုက်ခိုက်မှုကို သွားရမှာပေါ့။ အမှန်တော့ တွဲဆော့ ရမှာပါ။ ပုံမှန် ဆော့ရင်းဆော့ရင်းနဲ့ ကိုယ်ခံပညာ အပေါ်မှာ ပိုပြီး သဘောပေါက် လာမယ်။ အကျွမ်းတဝင် ရှိလာမယ် ဆိုရင် တဖြည်းဖြည်း အဆင့်တင် သွားရမှာပေါ့”ဟု ဖိုးသော်က ရှင်းပြခဲ့သည်။

(၃) စဉ်ဆက်မပြတ် တစိုက်မတ်မတ် လေ့ကျင့်ပါ

ရောက်လိုသည့် ပန်းတိုင်နှင့် သွားလိုသည့် နည်းလမ်းကို ရွေးချယ်ပြီးသည့် နောက်တွင်တော့ ကိုယ်ခံပညာ သိုင်းပေါင်းစုံ ကစားသမား ဖြစ်လိုသူများသည် စဉ်ဆက်မပြတ် တစိုက်မတ်မတ် လေ့ကျင့်ရမည် ဖြစ်သည်။ ကစားသမား တစ်ယောက် အတွက် အသက် ငယ်ရွယ်ခြင်းက အားသာချက် တစ်ခု ဖြစ်သော်လည်း မည်သည့် အသက်အရွယ်ပင် ဖြစ်စေ ကြိုးစားလိုစိတ် ရှိလျှင် ထိုက်သင့်သည့် အောင်မြင်မှု ရနိုင်သည်ဟု ဖိုးသော်က ဆိုခဲ့သည်။ ၎င်းကိုယ်တိုင်လည်း အသက် ၃ဝ ကျော်မှ ကိုယ်ခံပညာ လောကထဲ ဝင်လာသူ ဖြစ်သည့်တိုင် ONE Championship ၏ ဖယ်သာဝိတ်တန်းတွင် အလဲထိုး နိုင်ပွဲ အများဆုံး ကစားသမား အဖြစ် ရပ်တည်နေသူ ဖြစ်သည်။

“ကျွန်တော်တို့က ချက်ချင်း လုပ်ချင်လို့ မရဘူး။ အခွင့်အရေး တစ်ခု အတွက် အဆင်သင့် ဖြစ်နေဖို့ လိုတယ်။ နောင်လာမယ့် ၂ နှစ် ၃ နှစ် အတွက် သေချာလေး အစီအစဉ် ချပြီး လုပ်ရမှာပေါ့။ သင်တန်းတွေ မရှိလို့တို့၊ ပိုက်ဆံ မရှိလို့တို့ အကြောင်းကြောင်းကြောင့် ဆင်ခြေတွေ များနေမယ် ဆိုရင် ဘယ်တော့မှ ကိုယ့်အစီအစဉ်ကို အကောင်အထည် ဖော်ဖြစ်မှာ မဟုတ်ဘူး။ အဓိက ကတော့ ကိုယ့်ရဲ့ ဘဝကို စီမံခန့်ခွဲရမှာ။ အချိန်ကို ခန့်ခွဲရမယ်။ ငွေကို ခန့်ခွဲရမယ်။ အစုံပေါ့။ ကိုယ်ဖြစ်ချင်တဲ့ ဝါသနာ အတွက်ပေါ့။ အချိန် ရသလောက် ဖဲ့ထုတ်ပြီး မပျက်မကွက် တစိုက်မတ်မတ် လုပ်ရမယ်”ဟု ဖိုးသော်က တိုက်တွန်းခဲ့သည်။

(၄) အခွင့်အရေး အတွက် အဆင်သင့် ဖြစ်နေပါစေ

ကိုယ်ခံပညာ သိုင်းပေါင်းစုံကို ပရော်ဖက်ရှင်နယ် အဆင့် ကစားလိုသူများသည် မိမိတို့အတွက် အခွင့်အရေး ရလာမည့် အချိန်ကို လေ့ကျင့် ပြင်ဆင်ပြီး စောင့်နေသင့်သည်ဟု ဖိုးသော်က ဆိုသည်။ မြန်မာနိုင်ငံ အနေအထားနှင့် ပရော်ဖက်ရှင်နယ် ပွဲများ မြန်မြန် ဆန်ဆန် ကစားခွင့်ရရန် မလွယ်သော်လည်း မိမိကိုယ်ကို ပရော်ဖက်ရှင်နယ် တစ်ယောက် အနေအထား ဖြစ်အောင် လေ့ကျင့်ထား မှသာ အခွင့်အရေး ပေါ်သည်နှင့် အဆင်သင့် ဖြစ်နေမည် ဖြစ်ကြောင်း ဖိုးသော်က ပြောပြခဲ့သည်။
“အကျိုးရှိစေမယ့်ဟာတွေ လေ့လာပြီး ပြင်ဆင်ထားမယ် ဆိုရင် အခွင့်အရေး တစ်ခု ပေါ်လာတဲ့ အချိန်မှာ အဆင်သင့် ဖြစ်နေမှာပဲ။ အခွင့်အရေးကို မြင်ပြီးမှ စကြိုးစားမယ် ဆိုရင် အချိန်လင့် နေမှာ။ ကျွန်တော်ဆိုလည်း အရင်တုန်း ကတည်းက ကိုယ်လေ့ကျင့်စရာ ရှိတာ လေ့ကျင့် လာရင်းနဲ့ ONE Championship ပွဲကို တိုက်တိုက်ဆိုင်ဆိုင် ဝင်ထိုးဖြစ်တာ။ ONE Championship အတွက် ဆိုပြီး လေ့ကျင်ခဲ့တာ မဟုတ်ဘူး။ လူငယ်တွေ အနေနဲ့ ကိုယ်ဖြစ်ချင်တဲ့ အိပ်မက် တစ်ခုကို ဆင်ခြေမပေးဘဲ တစိုက်မတ်မတ် လုပ်မယ် ဆိုရင် ဖြစ်လာပါ လိမ့်မယ်”ဟု ဖိုးသော်က လမ်းညွှန်ခဲ့သည်။

ONE: A New Tomorrow ပြိုင်ပွဲကို လာမည့် ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Impact Arena တွင် မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲ၌ ကျင်းပပြုလုပ်မည်ဖြစ်သည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top