အီလွန်မက်စ်ရဲ့ SpaceX ကို စိန်ခေါ်မယ့် အာကာသကုမ္ပဏီ တည်ထောင်နိုင်ခဲ့တဲ့ ၃၁ နှစ်သား

9-5-2022-yyl18.jpg

လွန်ခဲ့တဲ့ ၇ နှစ်မှာ မက်ခ်ကူဘန်ဆီ စမ်းပို့ခဲ့တဲ့ အီးမေးလ်က တင်အဲလစ်ရဲ့ဘဝကို အကြီးအကျယ် ပြောင်းလဲစေခဲ့ပါတယ်။ အဲဒီအချိန်မှာ တင်အဲလစ်က ဂျက်ဘီဇို့စ်ရဲ့ အာကာသကုမ္ပဏီ Blue Origin မှာ အင်ဂျင်နီယာအဖြစ် လုပ်နေတာပါ။ တင်အဲလစ်က လူနေခြုံကြား စိတ်နေဘုံဖျားလို့ ဆိုရမယ်။ သူများဝန်ထမ်းလုပ်နေပေမဲ့ သူ့ကိုယ်ပိုင်ကုမ္ပဏီ တည်ထောင်ဖို့ ရည်မှန်းထားပြီးသား။ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မက်စ်ရဲ့ SpaceX ကုမ္ပဏီကို ယှဉ်ပြိုင်နိုင်ဖို့ပေါ့။

မက်ကူဘန်ထံ စမ်းပို့တဲ့ အီးမေးလ်ထဲမှာ အာကာသက ဆွဲဆောင်မှုရှိကြောင်း၊ ဒုံးပျံတွေကို 3D Printing နည်းပညာနဲ့ ထုတ်လုပ်ဖို့ အိုင်ဒီယာရှိကြောင်း ရေးသားထားပြီး သူတို့နဲ့အတူ ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်ထားတာပါ။ မက်ကူဘန်ထံ အီးမေးလ်ပို့ပြီး မိနစ်ပိုင်းအကြာမှာပဲ ဒေါ်လာ ၅ သိန်း ရင်းနှီးမြှုပ်နှံမယ်ဆိုတဲ့ ကတိပြုချက် ရရှိခဲ့ပါတယ်။

၂၀၁၅ ခုနှစ်မှာ တင်အဲလစ်နဲ့ ဂျော်ဒန်နွန်တို့ဟာ လော့စ်အိန်ဂျလိစ်မြို့အခြေစိုက် Relativity Space ကုမ္ပဏီကို တည်ထောင်လိုက်တယ်။ အဲဒီအချိန်မှာ တင်အဲလစ်က ၂၄ နှစ်၊ ဂျော်ဒန်နွန်က ၂၂ နှစ်ပဲ ရှိသေးတယ်။ အရွယ်ငယ်ပေမဲ့ အစွမ်းအစ မငယ်တဲ့ သူတို့ဟာ BlackRock နဲ့ Tiger Global တို့လို ရင်းနှီးမြှုပ်နှံရေး ထိပ်တန်းကုမ္ပဏီကြီးတွေကိုပါ စည်းရုံးနိုင်ခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁.၃ ဘီလျံအထိ ရရှိခဲ့ပါတယ်။ ဒါကြောင့်လည်း သူတို့ကုမ္ပဏီတန်ဖိုးက ဒေါ်လာ ၄.၂ ဘီလျံအထိ ရှိလာခဲ့သလို သိပ်မကြာခင်မှာပဲ 3D Printing နည်းပညာနဲ့ ထုတ်လုပ်ထားတဲ့ ကမ္ဘာ့ပထမဆုံးဒုံးပျံကို အာကာသထဲ လွှတ်တင်တော့မှာပါ။

တင်အဲလစ်နဲ့ ဂျော်ဒန်နွန်က ကျောင်းနေဘက်သူငယ်ချင်းတွေ၊ တောင်ပိုင်းကယ်လီဖိုးနီးယားတက္ကသိုလ်ရဲ့ Rocket Propulsion Lab (အာကာသဆိုင်ရာ သုတေသနအဖွဲ့)မှာ သူတို့က အဖွဲ့ခေါင်းဆောင်တွေ၊ သူတို့ ၂ ယောက်လုံး Blue Origin မှာ အလုပ်သင်ဘဝနဲ့ အလုပ်လုပ်ခဲ့ဖူးတယ်။ တင်အဲလစ်က Blue Origin မှာပဲ ဆက်လုပ်ခဲ့ပြီး ဂျော်ဒန်နွန်က SpaceX ကုမ္ပဏီကို ရောက်သွားခဲ့တာပါ။

တကယ်တော့ တင်အဲလစ်ရဲ့ဘဝ အပြောင်းအလဲက ထူးဆန်းတယ်လို့ ဆိုရမယ်။ ကယ်လီဖိုးနီးယားတက္ကသိုလ်ကနေ ဘွဲ့ယူပြီး ဇာတ်ညွှန်းရေးသူအဖြစ် အသက်မွေးဝမ်းကျောင်းပြုဖို့ စဉ်းစားထားပေမဲ့ ပထမနှစ်မှာပဲ အာကာသ အကြောင်းအရာတွေကို အရမ်းစိတ်ဝင်စားသွားလို့ အာကာသအင်ဂျင်နီယာဘာသာရပ် ပြောင်းယူခဲ့သူပါ။ သူက Blue Origin မှာ အလုပ်သင်အဖြစ် ၃ နှစ်ဆက်တိုက် လာလုပ်ခဲ့ပြီး နောက်ပိုင်းမှာ အင်ဂျင်နီယာအဖြစ် အလုပ်ရခဲ့ပါတယ်။

Blue Origin ကုမ္ပဏီမှာ တင်အဲလစ်က ဒုံးပျံရဲ့ အစိတ်အပိုင်းတွေကို 3D Printing နည်းပညာနဲ့ ထုတ်လုပ်နိုင်အောင် စွမ်းဆောင်ပေးခဲ့သူပါ။ ဒါကြောင့်လည်း သူက ဧရာမ 3D printer ကြီးတွေ အသုံးပြုပြီး ဒုံးပျံတစ်ခုလုံးကို ဖန်တီးနိုင်ဖို့ အကြံရခဲ့တယ်။ ဒီလိုသာ ထုတ်လုပ်နိုင်မယ်ဆိုရင် ကုန်ကျစရိတ်လည်း သက်သာမယ်၊ SpaceX ကုမ္ပဏီ အမှုဆောင်ချုပ် အီလွန်မက်စ် မကြာခဏပြောသလို ဂြိုလ်ပေါင်းစုံလူ့အဖွဲ့အစည်း တည်ထောင်ဖို့လည်း လမ်းပွင့်သွားမယ်လို့ တင်အဲလစ်က ယူဆတယ်။

” အနာဂတ်ကာလမှာတော့ အင်္ဂါဂြိုလ်ပေါ်မှာ စက်ရုံထောင်မယ့် ကုမ္ပဏီမျိုး ပေါ်လာမယ်ဆိုတာ ကျွန်တော် ရိပ်စားမိတယ်။ အဲဒီစက်ရုံက ဒုံးပျံပေါ်တင်ပြီး တခြားဂြိုလ်ဆီ ပို့ဆောင်နိုင်လောက်အောင် သေးငယ်၊ ပေါ့ပါးရမယ်။ လူသား ပါဝင်လုပ်ဆောင်မှု သိပ်မရှိဘဲ ကုန်ပစ္စည်းအမျိုးမျိုး ထုတ်လုပ်နိုင်ရမယ်” လို့ တင်အဲလစ်က ပြောပါတယ်။
Relativity Space ရဲ့ ထုတ်လုပ်မှုပုံစံအရ အီလွန်မက်စ်ရဲ့ SpaceX ၊ ဂျက်ဘီဇို့စ်ရဲ့ Blue Origin ကုမ္ပဏီတွေနဲ့ယှဉ်ရင် ဒုံးပျံနဲ့ အင်ဂျင်တွေကို ၁၀ ဆ ပိုမြန်အောင် တည်ဆောက်နိုင်စွမ်းရှိပြီး အစိတ်အပိုင်း ထုတ်လုပ်ရမှု ပမာဏကလည်း အဆ ၁၀၀ လောက် နည်းတယ်လို့ ဆိုပါတယ်။

တင်အဲလစ်နဲ့ ဂျော်ဒန်နွန်တို့က သံထည်တွေ ထုတ်လုပ်နိုင်တဲ့ ကမ္ဘာ့အကြီးဆုံး 3D printer ကို တည်ဆောက်ခဲ့တယ်။ Stargate လို့ အမည်ရတဲ့ 3D printer က ၂၄ ပေမြင့်တယ်။ ၁၁၅ ပေမြင့်တဲ့ Terran 1 ဒုံးပျံကို Stargate 3D printer နဲ့ ထုတ်လုပ်ခဲ့တာပါ။ 3D printer နဲ့ ထုတ်လုပ်တဲ့ ကမ္ဘာ့ပထမဆုံးဒုံးပျံ Terran 1 ကို ၂၀၂၂ ခုနှစ်နှောင်းပိုင်းကျရင် Cape Canaveral အာကာသစခန်းကနေ လွှတ်တင်သွားမှာပါ။

အာကာသနဲ့ ဒုံးပျံတွေအကြောင်း လေ့လာသင်ယူနေရရင် သူ ပျော်တယ်၊ အရမ်းစူးစမ်းတတ်တဲ့ စိတ်အခံကြောင့် စေ့စေ့ငုငု လေ့လာဖြစ်တယ်၊ အဲဒီလို လေ့လာခဲ့လို့ Relativity Space ကုမ္ပဏီကို တည်ထောင်နိုင်ခဲ့တာပါလို့ တင်အဲလစ်က ဆိုပါတယ်။

Ref: CNBC “How an ex-Blue Origin intern got a $500,000 check from Mark Cuban to build a major SpaceX rival”

Team ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top