COVID-19 ရောဂါကိုကျော်လွှားပြီးနောက် အသားရေအရောင်ပြောင်းလဲသွားခဲ့တဲ့ ဝူဟန်ဆရာဝန် (၂) ဦး

22-4-2020-yyl-004.jpg

ဇန်နဝါရီလက Wuhan Central Hospital မှာ ဒေါက်တာ ရီဖန် နဲ့ ဒေါက်တာ ဟူ ဝေဖန်တို့ဟာ COVID-19 လူနာတွေကို ကုသပေးရင်းနဲ့ COVID-19 ကူးစက်ခံခဲ့ရပါတယ်။ သူတို့နှစ်ယောက်ကို ကုသပေးနေတဲ့ ဆရာဝန်တွေကတော့ သူတို့နှစ်ယောက်လုံးဟာ အရမ်းဆိုးရွားတဲ့အတွက် အသက်ကယ်စက်တွေကို အသုံးပြုခဲ့ရပါတယ်။ ဒါပေမဲ့ အသက်အန္တရာယ်ကနေ ကျော်လွှားနိုင်ခဲ့ပေမဲ့ သူတို့ရဲ့အသားရောင်က အနက်ရောင်အဖြစ် ပြောင်းသွားခဲ့တယ်လို့ ဆိုပါတယ်။ အသားရောင်ပြောင်းလဲမှုက ဗိုင်းရပ်စ်ဟာ ဆရာဝန်တွရဲ့အသည်းကို ပျက်စီးသွားစေတဲ့အတွက် ဟော်မုန်းပြောင်းလဲမှုကြောင့်ဖြစ်နိုင်တယ်လို့ တရုတ်သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။

ဒေါက်တာရီနဲ့ ဒေါက်တာဟူတို့ဟာ ဗိုင်းရပ်စ်အကြောင်း စတင်အသိပေးခဲ့တဲ့ လီဝမ်လျန်နဲ့ အလုပ်လုပ်ခဲ့တာဖြစ်ပါတယ်။ သူတို့နှစ်ယောက်လုံးက ဇန်နဝါရီ ၁၈ ရက်နေ့မှာ ရောဂါကို စတင်ကူးစက်ခံခဲ့ရပြီး အရင်ဆုံး Wuhan Pulmonary Hospital ကို တက်ရောက်ခဲ့ပါတယ်။ အဲဒီနောက်မှာ ဆေးရုံ (၂) ခုပြောင်းရွှေ့ခဲ့ရပါတယ်။ ဒေါက်တာရီကို ဆရာဝန်တွေက ECMO လို့ခေါ်တဲ့အသက်ကယ်စက်တပ်ကို (၃၉) ရက်ကြာအောင် တပ်ပေးပြီးတဲ့နောက်မှာ COVID-19 ကို ကျော်လွှားနိုင်ခဲ့ပါတယ်။ ECMO က သွေးထဲကို အောက်ဆီဂျင်တွေ ပို့လွှတ်ပေးခြင်းအားဖြင့် နှလုံးနဲ့အဆုတ်လုပ်ဆောင်ချက်တွေအစား လုပ်ဆောင်ပေးတဲ့ အသက်ကယ်စက်ဖြစ်ပါတယ်။

ဒေါက်တာဟူရဲ့အခြေအနေက ဆိုးရွားပြီး (၉၉) ရက်လောက် သူ့ကို အသက်ကယ်စက်တပ်ထားခဲ့ရတယ်လို့ သူ့ရဲ့ဆရာဝန်က ပြောပါတယ်။ ဆရာဝန်နှစ်ယောက်ရဲ့အသားရေက ကုသမှုအစမှာ ပေးခဲ့တဲ့ ဆေးအမျိုးအစားတစ်ခုကြောင့် အနက်ရောင်ပြောင်းသွားရပြီး ဆေးရဲ့ဘေးထွက်ဆိုးကျိုးတစ်ခုက အသားရောင်ကို အနက်ရောင်ဖြစ်စေတာလို့ ကုသပေးတဲ့ဒေါက်တာလီက ဆိုပါတယ်။ သူက ဆေးအမျိုးအစားကို ထုတ်မပြောခဲ့ပေမဲ့ သူတို့နှစ်ယောက်လုံးရဲ့အသားရောင်က သူတို့ရဲ့အသည်းတွေ အရင်လုံး ကောင်းကောင်းလုပ်ဆောင်နိုင်တဲ့အခါမှာ နဂိုအတိုင်းပြန်ဖြစ်ဖို့ မျှော်လင့်ရတယ်လို့ ပြောပါတယ်။

ဒေါက်တာရီက ကုတင်ပေါ်ကနေ ရွေ့လျားနိုင်ပေမဲ့ ကောင်းကောင်းလမ်းလျှောက်နိုင်ဖို့ ကြိုးစားနေရတုန်းပါပဲလို့ ပြောပါတယ်။ “ကျွန်တော် သတိပြန်လည်လာတဲ့အချိန်မှာ အထူးသဖြင့် ကျွန်တော့်ကျန်းမာရေး အခြေအနေကို သိခဲ့ရပြီးတဲ့နောက်မှာ ကျွန်တော် ကြောက်ရွံ့မိပါတယ်။ မကြာခဏ အိပ်မက်ဆိုးတွေမက်ပါတယ်”လို့ သူက ပြောပါတယ်။ ဒေါက်တာဟူကတော့ ECMO နဲ့ ကုသမှုကို ဖေဖော်ဝါရီ (၇) ရက်နေ့ကနေ မတ်လ (၂၂) ရက်နေ့အထိ ခံယူခဲ့ရပါတယ်။ ဒါပေမဲ့ ဧပြီ ၁၁ ရက်နေ့အထိ စကားမပြောနိုင်သေးပါဘူး။ သူကိုတော့ အထူးကြပ်မတ်ကုသပေးနေရတုန်းပါပဲ။ ဆရာဝန်နှစ်ယောက်လုံးက ရောဂါကြောင့် အထိတ်တလန့်ဖြစ်ပြီး စိတ်ဒဏ်ရာရတဲ့အတွက် သူတို့ကို စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကုသမှုတွေ ပေးနေပါတယ်လို့ ဒေါက်တာလီက ပြောခဲ့ပါသေးတယ်။

Ref: Wuhan doctors wake from fighting virus to find skin has changed colour

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top