ရှေးနှစ်ထောင်ပေါင်းများစွာက သုံးခဲ့ကြတဲ့ လျှပ်စစ်မီး

32503752_1796764320367511_6679323570104958976_n.jpg

ဘက်ထရီတွေကို လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာကတည်းက အသုံးပြုလာခဲ့တယ်ဆိုတဲ့အကြောင်းကို ကျွန်တော် “ရှေးလူတို့ရဲ့ ဘက်ထရီ” ခေါင်းစဉ်နဲ့ ရေးသားခဲ့ပြီးပါပြီ။ ကတိပေးခဲ့တဲ့အတိုင်း ဒီတစ်ခေါက်မှာတော့ သူတို့တွေဟာ ဘက်ထရီတင်မကဘဲ လျှပ်စစ်မီးကိုပါ သုံးစွဲခဲ့တယ်ဆိုတဲ့အကြောင်းကို ဖော်ပြပေးပါ့မယ်။

ဟုတ်ပါတယ်။ ဘက်ထရီတွေတင်မက လျှပ်စစ်မီးကိုပါ ရှေးလူတွေ သုံးခဲ့ကြတယ်လို့ သမိုင်းအထောက်အထားတွေ များစွာရှိခဲ့ပါတယ်။ နေရာကတော့ ထုံးစံအတိုင်း ဘယ်လို ထူးဆန်းတဲ့အရာပဲဖြစ်ဖြစ် ရှေ့ဆုံးက တွေ့နေကျ အီဂျစ် ပိရမစ်တွေဆီမှာပါ။ အီဂျစ်တွေရဲ့ ရှေးဟောင်းနယ်မြေတွေကို လေ့လာနေတဲ့ ရှေးဟောင်းသုတေသန ပညာရှင်တွေက ပိရမစ်တွေရဲ့ ထူးခြားချက်တစ်ခုကို သတိပြုမိခဲ့ပါတယ်။ ဒီထူးခြားချက်ကတော့ ….

အလင်းရောင် လုံးဝမရှိတဲ့ မြေအောက် ဂူသင်္ချိုင်းတွေ၊ ပိရမစ်နံရံတွေမှာလည်း ရောင်စုံခြယ်ထားတဲ့ နံရံ ဆေးရေးပန်းချီတွေ ရှိနေပါတယ်။ မေးစရာက “ဘာအလင်းရောင်မှ မရှိတဲ့နေရာမှာ ဘယ်မျက်လုံးကို သုံးပြီး ဒါတွေကို ဆွဲခဲ့ကြတာတဲ့လဲ?” အင်းလေ.. သူတို့က အမှောင်ထဲ မြင်ရအောင် ကြောင်လည်း မဟုတ်၊ စူပါမင်းလည်းမဟုတ် -_-

သမားရိုးကျ တွေးကြည့်ရင်တော့ ဖယောင်းတိုင် သုံးမယ်။ ဆီမီးသုံးမယ်… ဒါပေမဲ့.. ဖယောင်းတိုင်တွေ၊ ဆီမီးတွေဆိုတာက အောက်စီဂျင်နဲ့ လောင်ကျွမ်းတာပါ။ ဒီလို မြေအောက်သင်္ချိုင်းတို့၊ ပိရမစ်တို့မှာက အောက်စီဂျင်တွေက အတော်ပေါကိုး.. ဆိုတော့ ဒါတွေသုံးရင် ဆွဲတဲ့သူတွေ၊ ဖန်တီးတဲ့သူတွေကို အသက်ရှူကြပ်စေမှာ သေချာပေါက်ပါပဲ။ ပြီးတော့ ဒါတွေသုံးခဲ့တယ်ဆိုရင် ဂူနံရံတွေမှာ ကြပ်ခိုးတွေ ရှိနေရမှာ ကျိန်းသေပါ။ ဒါပေမဲ့ ဒီပိရမစ်တွေ၊ ဂူတွေကတော့ ကြပ်ခိုးကင်းစင် ပြုံးပျော်ရွှင်ပါပဲ။ တစ်စိုးတစ်စိလေးတောင် ကြပ်ခိုးမတွေ့ရပါဘူး။ ဒါဖြင့် ဒီလို ရှို့တဲ့အရာတွေ မဟုတ်ဘူးပေါ့…

ဒါဖြင့် မှန်နဲ့များ ထိုးပြီး (အလင်းပြန်စေပြီး) ဆွဲလေသလား? ဒီလိုဆိုရအောင်ကလည်း ရှေးအီဂျစ်လူမျိုးတွေ သုံးစွဲခဲ့တဲ့မှန်ဟာ ကျွန်တော်တို့ တရုတ်သိုင်းကားတွေထဲမှာ မြင်ဖူးနေကျ မှန်တွေလို ပြောင်လက်နေအောင် တိုက်ထားတဲ့ ကြေးပြားတွေကို သုံးစွဲခဲ့ကြတာပါ။ ဒီကြေးပြားတွေက မှန်တွေလို အလင်းပြန်နိုင်စွမ်း ကောင်းပါ့မလား? စမ်းကြည့်စရာမလိုပါဘူး။ တွေးကြည့်တာနဲ့ သိပါတယ်။ အလင်းပြန်ရင်တောင် ဝါးတားတား မှိန်တိန်တိန်သာ ပြန်မှာပါ။ ဒီအလင်းရောင်နဲ့တော့ ဘယ်လိုမှ လက်ရာမြောက်အောင် အနုစိတ် ရေးဆွဲထုဆစ်နိုင်မှာ မဟုတ်ပါဘူး။

ဒီပဟေဠိရဲ့ အဖြေကို အဝေးကြီးမှာ လိုက်ရှာစရာမလိုဘဲ အီဂျစ်ဒေသရဲ့ ဘုရားကျောင်းတစ်ခုထဲမှာ တွေ့ခဲ့ကြပါတယ်။ လပ်ဇော (Luxor) မြို့ရဲ့မြောက်ဘက်က ဒန်ဒယ်ရာ (Dendera) လို့ခေါ်တဲ့ ဘုရားကျောင်း နံရံမှာတော့ ရှေးဟောင်းအီဂျစ်လူမျိုးတွေ ထွင်းထုခဲ့တဲ့ ထူးထူးဆန်းဆန်းပုံတွေ ရှိနေပါတယ်။ နဂိုကတော့ ဘုရားကျောင်းကလည်း ဘုရားကျောင်း ဖြစ်နေတဲ့အခါမှာ ဒီပုံတွေကို အထူးတလည် မတွေးနေဘဲ အိုစီးရစ်စ် (Osiris) နဲ့ ပတ်သက်တဲ့ အီဂျစ်ဒဏ္ဍာရီလို့ပဲ ယူဆခဲ့ကြပါတယ်။

ပုံမှာ အထစ်လေးခုရှိတဲ့ တိုင်ရှိပါတယ်။ ဒီအထစ်လေးထစ်ဟာ အိုစီးရစ်စ်နတ်ဘုရားရဲ့ တည်ငြိမ်မှု၊ အားမာန်တွေကို ဖော်ပြထားတဲ့ သင်္ကေတ Djed လို့ ဆိုပါတယ်။ ပြွန်အောက်က ကြာပန်းနဲ့ မြွေတစ်ကောင်ပုံကတော့ နိုင်းမြစ် ရေလျှံခြင်းနဲ့ မျိုးပွားခြင်းကို ဖော်ညွှန်းတယ်လို့ ယူဆခဲ့ကြတာပါ။ ဘာသာရေးဆိုင်ရာ ပုံအပြင် ဘယ်သူမှ ထူးထွေပြီး မမြင်ကြပါဘူး။

အဲ.. သွားမြင်တာကတော့ နော်ဝေလူမျိုး လျှပ်စစ်အင်ဂျင်နီယာ တစ်ယောက်ပါ။ သူကတော့ ဘာသာရေးဆိုင်ရာပုံလို့ မယူဆဘူးရယ်.. (ကျွန်တော်တို့လိုနေမှာပေါ့.. သိကြားမင်းကိုတောင် ဂြိုဟ်သား ဖြစ်မလားမသိဘူး လုပ်နေတာလေ 😛 ) သူက ဒါကို မီးအိမ်လို့ ယူဆပါသတဲ့။ ယူဆနိုင်စရာအကြောင်းကလည်း မီးလုံးနဲ့တူတဲ့ ပုံသဏ္ဍာန်ဟာ ကောင်းကင်နတ်ဘုရားမ Nut ရဲ့ ဝမ်းကြာတိုက်ကို ကိုယ်စားပြုတယ်လို့လည်း ဆိုသေးတာကိုး.. အဓိပ္ပာယ်ကတော့ ညဘက်တွေမှာပါ အလင်းဆောင်တယ်လို့ ရပါတယ်။ ဆိုတော့ သူတွေးသလို မီးလုံးလည်း ဖြစ်နိုင်တာပါပဲ။

ဒီတော့ မီးလုံးနဲ့ ပတ်သက်ရာ ပတ်သက်ကြောင်း တွေးတဲ့အခါမှာ စောစောက နတ်ဘုရားရဲ့ သင်္ကေတ Djed ဟာ လျှပ်စစ်ငုတ် သို့မဟုတ် လျှပ်ကာ ဖြစ်ပြီး ပြွန်ကတော့ မီးလုံးပါ။ ကြာပန်းကတော့ မီးလုံးခေါင်းဖြစ်ပြီး မြွေပုံစံကတော့ မီးစာလို့ ယူဆလိုက်ကြပါတယ်။

ဒီလိုတွေးတာလည်း သူတစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ အဲရစ်ဗွန်ဒန်နီကန် (Erich Von Daniken) လို့ခေါ်တဲ့ ရှေးဟောင်းသုတေသန ပညာရှင်ကတော့ အတွေးတွေထဲ နစ်မနေခဲ့ပါဘူး။ သူယူဆတဲ့အတိုင်း ဘက်ထရီတွေ၊ မီးလုံးတွေနဲ့ဆက်ပြီး စူးစမ်းခဲ့တဲ့အခါမှာ တကယ်ပဲ အလုပ်ဖြစ်ခဲ့ပါတယ်။ သူထုတ်ဝေခဲ့တဲ့ The Eyes of the Sphnix (စဖင့်ရဲ့ မျက်လုံးများ) စာအုပ်ထဲမှာတော့ မြွေပုံကတော့ မီးလုံးထဲက မီးစာပါ။ မျောက်ပုံသဏ္ဍာန်ရှိပြီး ဓားနှစ်လက်ကို ကိုင်ထားတာကတော့ လျှပ်စစ်ကိရိယာတွေရဲ့ အန္တရာယ်ကို ဖော်ပြထားတဲ့ သင်္ကေတ ဖြစ်နိုင်ပါတယ်။ သေချာတာတော့ ဒါဟာ လျှပ်စစ်မီးလုံးပုံပါပဲ” လို့ ဖော်ပြခဲ့ပါတယ်။ သူ့ရဲ့ စမ်းသပ်မှုတွေကိုလည်း ပုံမှာ ကြည့်ရှုနိုင်ပါတယ်။

ခေတ်မီပစ္စည်းတွေနဲ့ စမ်းလို့မို့ မီးလင်းတာ သူတို့ခေတ်တုန်းက လင်းချင်မှ လင်းမှာပေါ့လို့လည်း ဆိုလာနိုင်စရာတွေအတွက်လည်း ဘဂ္ဂဒက် ဘက်ထရီတွေကိုသုံးပြီး (အဲဒီခေတ်တုန်းက ဘဂ္ဂဒက် ဘက်ထရီပဲ ရှိသေးတယ်လို့ ယူဆထားတာလည်း ပါပါတယ်) နံရံပေါ်က ပုံတွေအတိုင်း ပုံစံတူ တည်ဆောက်လို့ သက်သေပြထားတာလည်း ရှိပါတယ်။ တကယ်လည်း မီးလင်းခဲ့တာကိုး။ ဒီပုံတူ သက်သေပြထားတဲ့ လျှပ်စစ်မီးသီးကို ဆွစ်ဇာလန်နိုင်ငံ Mystery Park မှာ သွားရောက် ကြည့်ရှုနိုင်ပါတယ်။

ဒီလိုဆို လျှပ်စစ်မီးဟာ ကျွန်တော်တို့လက်ထက်မှာမှ သုံးခဲ့တာမဟုတ်ဘဲ ရှေးအီဂျစ်တွေ စသုံးခဲ့တယ်လို့ ယုံကြည်လောက်ဖွယ်ရာ သက်သေတွေ ရခဲ့ပါပြီ။ ကျွန်တော်ပြောခဲ့သလို နည်းပညာက လုံးဝမတိုးတက်တဲ့နေရာကနေ တဖြည်းဖြည်းတိုးတက်လာပြီး ဒီလိုအခြေအနေမျိုး ရောက်လာတယ်လို့ ဆိုခဲ့ရင် ကျွန်တော်တို့တောင် အက်ဒီဆင်ထွင်မှ မြင်ခဲ့ရတဲ့ လျှပ်စစ်မီးကို ဟိုးနှစ်ထောင်ပေါင်းများစွာက လူတွေက ဘယ်လို အသုံးပြုခဲ့ကြတာလဲ? ဘယ်က နည်းပညာတွေများ ရခဲ့သလဲ? ဒီယဉ်ကျေးမှု၊ ဒီနည်းပညာတွေက နှောင်းပိုင်းကာလတွေမှာ ဘယ်ရောက်သွားခဲ့တာလဲ? အဖြေမရနိုင်သေးတဲ့ မေးခွန်းပေါင်းများစွာက ကျွန်တော်တို့ကို စောင့်နေပါတယ်။ ခင်ဗျားတို့ရော ဘယ်လို ထင်မိပါလဲ?

ကိုးကား – မဖြေရှင်းနိုင်သော ကမ္ဘာကျော် ပဟေဠိများ၊ WikiPedia “Dendera Light Bulb” , Ancient Aliens “Egyptian Light Bulb” , The Living Moon “Ancient Electricity”

Angelic Demon (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top