လုပ်ငန်းခွင်မှာ သတိထားပြီး ပေါင်းသင်း ဆက်ဆံသင့်တဲ့သူ (၅) မျိုး

work-life-balance-PCV77CW.jpg

တကယ်လို့ သင်က ကုမ္ပဏီတစ်ခုမှာ အလုပ် လုပ်ကိုင်နေသူ တစ်ယောက်ဆိုရင်တော့ နေ့စဉ် မနက်ကနေ ညနေမိုးချုပ်တဲ့အထိ ပျှမ်းမျှ (၈)နာရီလောက် အမိုးတစ်ခုအောက်ထဲမှာ တခြား လုပ်ဖော်ကိုင်ဖက်တွေနဲ့ အတူတူ အလုပ် လုပ်ရမှာပါ

လုပ်ငန်းခွင်တစ်ခုထဲမှာ လုပ်ကိုင်နေကြရပေမဲ့လည်း တစ်ယောက်နဲ့တစ်ယောက် ပြုမူနေထိုင်ပုံ၊ စိတ်နေစိတ်ထား၊ အပြောအဆိုတွေကတော့ တူညီကြမှာမဟုတ်ပါဘူး။ အလုပ် လုပ်တဲ့အခါ တာဝန် ဝတ္တရား ကျေပွန်ရုံပဲ ဆောင်ရွက်တာထက် မိသားစုစိတ်ဓာတ်နဲ့ လုပ်ကိုင်ဆောင်ရွက်မယ်ဆိုရင် အလုပ်ပိုပြီး တွင်ကျယ်စေနိင်တဲ့အပြင် သင့်ကိုလည်း လူချစ်လူခင် ပေါများစေနိုင်ပါတယ်။

အလုပ်ထဲမှာ အတူတူ လုပ်ကိုင်နေရတဲ့ သူငယ်ချင်း လုပ်ဖော်ကိုင်ဖက်ရဲ့ အပြုအမူကြောင့် သင့်ကိုလာပြီး ထိခိုက်တဲ့ အဖြစ်အပျက်တွေဆိုတာကလည်း လုပ်ငန်းခွင်တိုင်းမှာ ရှိကြမှာပါ။ ဒီတစ်ခါမှာတော့ စာရေးသူရဲ့အမြင်အရ လုပ်ငန်းခွင်ထဲမှာ သတိထားပြီး ပေါင်းသင်း ဆက်ဆံသင့်တဲ့သူ (၅) မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

အတင်းပြောတတ်တဲ့သူ

သူများအကြောင်း သင့်ကို လာပြောပြတဲ့သူကို သင်သတိထားပြီး ပေါင်းသင်း ဆက်ဆံပါ။ သင်နဲ့ ဆက်ဆံရေး မပြေလည်တော့တဲ့အခါ အခုလိုမျိုး သူများအကြောင်းကို အတင်းပြောသလိုပဲ သင့်ရဲ့အကြောင်းကိုလည်း အခြားလူတစ်ယောက်ကို သေချာပေါက် ပြောပြပါလိမ့်မယ်။ ဒီလိုမျိုး အမူအကျင့်ရှိတဲ့ လုပ်ဖော်ကိုင်ဖက်နဲ့ အလုပ် အတူတူလုပ်ကိုင်ရတဲ့အခါ အရမ်း ရင်းရင်းနှီးနှီး မနေဘဲ ပြောသင့်ပြောထိုက်တာကိုသာ ပြောဆို ဆက်ဆံသင့်ပါတယ်။

အချိန်မလေးစားသူ

လုပ်ငန်းခွင်တစ်ခုဆိုတာ တစ်ဦးတစ်ယောက်တည်း ရပ်တည်လို့ မရပါဘူး။ လုပ်ငန်းဆောင်တာ ကိစ္စများကို သူ့တာဝန်နဲ့သူ ခွဲဝေထားပြီး “ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ”ဆိုတဲ့ စကားပုံလိုပဲ တစ်ဦးနဲ့တစ်ဦး လုပ်ငန်းဆောင်တာတွေက ဆက်စပ်လျက်ရှိပါတယ်။ ဒါကြောင့် တစ်စုံတစ်ယောက်က လုပ်ငန်းကိစ္စတွေကို သတ်မှတ်ထားတဲ့ အချိန်အတောအတွင်း မပြီးစီးဘူးဆိုရင် အခြားသူများကိုပါ နှောင့်နှေးစေပါတယ်။ သင့်ရဲ့ လုပ်ဖော်ကိုင်ဖက်က အချိန်မတိကျသူ၊ အချိန်မလေးစားသူ တစ်ယောက်ဆိုရင် သင့်ရဲ့ လုပ်ငန်းဆောင်တာများ နှောင့်နှေးစေနိုင်တာကြောင့် အထူးဂရုစိုက်သင့်ပါတယ်။

အလုပ်နဲ့ကိုယ်ရေးကိုယ်တာ ရောထွေးသူ

အလုပ်ထဲမှာ ကိုယ်ရေးကိုယ်တာကိစ္စတွေ ပါဝင်ပတ်သက်လို့ မရပါဘူး။ မိသားစုပြဿနာ အစရှိတဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေ ခဏခဏ ရောထွေးလာမယ်ဆိုရင် အလုပ်ရှင်ကလည်း အမြင်မကြည် ဖြစ်လာနိုင်ပြီး သူ့ရဲ့ လုပ်ငန်းတာဝန်များက အခြား ဝန်ထမ်း တစ်ယောက်အပေါ်ကို ဝန်ပိလာစေနိင်ပါတယ်။ သင့်လုပ်ငန်းခွင်မှာ ဒီလိုမျိုး အလုပ်နဲ့ ကိုယ်ရေးကိုယ်တာ ရောထွေးသူ ရှိတယ်ဆိုရင် သတိထားပြီး ပေါင်းသင်း ဆက်ဆံသင့်ပါတယ်။ မဟုတ်ရင်တော့ သင့်ရဲ့ အားနာမှုကို အခွင့်ကောင်းယူပြီး သူ့ရဲ့ လုပ်ငန်းဆောင်တာတွေကို ကူညီပေးဖို့အတွက် အကူအညီတောင်းပါလိမ့်မယ်။

ဘုကန့်လန့် ပြောဆိုတတ်သူ

ဘယ်အရာမဆို စကားပြောရင် ဘုကန့်လန့်နဲ့ ပြောဆိုတတ်တဲ့သူကို သတိထားပြီး ဆက်ဆံသင့်ပါတယ်။ ဘုကန့်လန့် လုပ်တတ်တဲ့သူ အများစုက အတ္တကြီးမားတဲ့သူတွေ ဖြစ်ကြပြီး ကိစ္စတစ်ခုကို အမြင်မတူတဲ့အခါ ပြေလည်ရာ ပြေလည်ကြောင်း မပြောတတ်ဘဲ တစ်ဖက်လူရဲ့ အမြင်၊ အတွေးတွေကို မကောင်းတဲ့ အမြင်ကနေ ကြည့်ပြီး တစ်ဖက်သတ် ပြောဆိုတတ်ပါတယ်။ ဒီလိုမျိုး ဘုကန့်လန့် ပြောတတ်တဲ့သူနဲ့ နေ့စဉ် အလုပ် အတူတူ လုပ်နေရတယ်ဆိုရင်တော့ သည်းခံစိတ် အပြည့်အဝထားရှိဖို့ လိုအပ်ပါတယ်။

ဒေါသစိတ်ကို မထိန်းနိင်သူ

ပြဿနာ တစ်ခုကြုံတာနဲ့ အကျိုးအကြောင်းကို မစဉ်းစား မတွေးတောဘဲ အရင်ဦးဆုံး ဒေါသထွက် ပေါက်ကွဲနေတတ်တဲ့သူတွေကို သတိထားပြီး ပေါင်းသင်းဆက်ဆံပါ။ ဒေါသကြီးတဲ့ ဦးဒေါသ၊ ဒေါ်ဒေါသတို့က သင့်ရဲ့ အထက်လူကြီးတွေဆိုရင်တော့ သင့်အပေါ်ကို ဒေါသတွေ ပုံကျလာနိင်တဲ့အတွက် အခြေအနေ အချိန်အခါ စောင့်ကြည့်ပြီးမှသာ ပြောဆိုဆက်ဆံသင့်ပြီး လုပ်ဖော်ကိုင်ဖက် ကိုကိုဒေါသ၊ မမဒေါသ တို့ဆိုရင်တော့ ဒေါသကြောင့် ပြုလိုက်မိတဲ့ သူတို့ရဲ့အမှားတွေကို သင် နောက်ကနေလိုက်ပြီး ဖြေရှင်းပေးရပါလိမ့်မယ်။

အခုဖော်ပြထားတဲ့ အကြောင်းအရာကတော့ စာရေးသူတစ်ယောက်တည်းရဲ့ အမြင်ဆိုပေမဲ့လည်း စာဖတ်သူ တော်တော်များများရဲ့ စိတ်ခံစားချက်တွေနဲ့ တိုက်ဆိုင်မယ်လို့ မျှော်လင့်မိပါတယ်။ ဒီအကြောင်းအရာလေးနဲ့ပတ်သတ်ပြီး စာဖတ်သူတွေရဲ့ အမြင်တွေ ခံစားချက်လေးတွေကိုလည်း ဝေမျှခဲ့ပါဦး။

Paradise (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top