အိန္ဒိယရဲ့ဝေးလံခေါင်ဖျား ရွာတွေမှ ခိုးဆိုးလုနှိုက်အတတ်သင်ကျောင်း

2.9.2024-yyl-4.jpg

အိန္ဒိယနိုင်ငံရဲ့ ဝေးလံခေါင်သီတဲ့ ရွာတွေမှာ ကလေးငယ်တွေကို ခိုးဆိုးလုနှိုက်အတတ်တွေ သင်ကြားပေးနေတဲ့ ဒုစရိုက်သင်တန်းတွေ ရှိနေတယ်လို့ ရဲအရာရှိတွေက ဆိုပါတယ်။ မဟာပရာဒက်ရှ်ပြည်နယ်မြို့တော် ဘိုပယ်မြို့မှ ကီလိုမီတာ ၁၂၀ ကွာဝေးတဲ့ ရွာသုံးရွာ (ကာဒီယာ၊ ဂေါ်ခါဒီ၊ ဟော်ခါဒီ)မှာ အသက် ၁၂ နှစ်အရွယ် ကလေးငယ်တွေကစပြီး လူငယ်လူရွယ်တွေကို ခါးပိုက်နှိုက်၊ အလစ်သုတ်၊ ဓားပြတိုက်၊ ဘဏ်အကောင့်ထဲမှ ပိုက်ဆံခိုးထုတ်တာ၊ ရဲတွေကို တိမ်းရှောင်သွားလာတာတွေ သင်ကြားနေကြပြီး မိဘတွေအနေနဲ့ သင်တန်းကြေးအဖြစ် ရူပီး ၂ သိန်းနဲ့ ၃ သိန်းကြား ပေးရတယ်လို့ ဆိုပါတယ်။

မိဘတွေအနေနဲ့ သင်တန်းကြေးပေးပြီးရင် ဂိုဏ်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံခွင့်ရပြီး သူတို့ရဲ့သားသမီးတွေကို ဒုစရိုက်သင်တန်းမှာ တစ်နှစ်ကြာ အပ်နှံခဲ့ရပါတယ်။ ဒုစရိုက်သင်တန်း ဆင်းရင်တော့ သူတို့သားသမီးတွေရဲ့ ဒုစရိုက်ကျူးလွန်မှုအပေါ်လိုက်ပြီး မိဘတွေအနေနဲ့ တစ်နှစ်ကို ရူပီး ၃ သိန်းကနေ ၅ သိန်းကြား ပြန်ရလေ့ရှိပါတယ်။

ဝေးလံခေါင်ဖျား ဒေသတွေမှာ ဒုစရိုက်မှုတွေ နက်ရှိုင်းစွာ အမြစ်တွယ်နေတာကို အိန္ဒိယရဲတပ်ဖွဲ့ဝင်တွေက သိထားပေမဲ့ ဒေသခံတွေက ဒုစရိုက်ဂိုဏ်းတွေကို ကာကွယ်ပေးထားတာကြောင့် ရှင်းလင်းဖယ်ရှားဖို့ မစွမ်းသာဘဲ ဖြစ်နေကြပါတယ်။ ရွာတွေထဲကို လူစိမ်းဝင်လာရင် ရွာသားတွေက သံသယမျက်လုံးနဲ့ ကြည့်တတ်ပြီး ရဲတပ်ဖွဲ့က ရွာသားတစ်ဦးဦးကို လာဖမ်းရင်တောင် ပြန်လည်တိုက်ခိုက်ကြလေ့ရှိပါတယ်။

ဒုစရိုက်သင်တန်းကို တက်ရောက်သူတွေဟာ ဆင်းရဲနွမ်းပါးတဲ့ မိသားစုကနေ မွေးဖွားလာသူတွေဖြစ်ပြီး မိဘတွေကိုယ်တိုင်က ဒီလုပ်ရပ်တွေကို အပြစ်မမြင်တဲ့သဘောထား ရှိကြတယ်လို့ ဆိုပါတယ်။ အဲဒီရွာသုံးရွာမှ ဒုစရိုက်သမား ၂၀၀၀ ကျော်က ဒုစရိုက်မှု ၈၀၀၀ ကျော် ကျူးလွန်ခဲ့ကြောင်း ရဲတပ်ဖွဲ့ မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

Ref: India’s Rural ‘Thief Schools’ Are Training the Criminals of Tomorrow
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top