နယူးယောက်မြို့က ပန်းချီပညာရှင် ဒီဗွန် ရိုဒရီဂူဇ်က သူ့ရဲ့ပန်းချီစွမ်းရည်နဲ့ မြေအောက်ရထားစီးနေတဲ့သူတွေရဲ့ပုံတူကို ဆွဲပြီးတော့ သူတို့ကို ပေးလေ့ရှိပါတယ်။ အဲဒါကြောင့်ပဲ သူက နာမည်ကြီးပါတယ်။ အခုတစ်ခေါက်မှာတော့ ဒီဗွန်က အမေရိကန်သမ္မတကြီး ဂျိုးဘိုင်ဒင်ကို သူ့ရဲ့ပုံတူပန်းချီနဲ့ အံ့အားသင့်စေခဲ့ပါတယ်။
အင်စတာဂရမ်မှာ ဒီဗွန်တင်ခဲ့တဲ့ ဗီဒီယိုမှာ “ခွင့်ပြုပါ သမ္မတကြီး…ကျွန်တော် သမ္မတကြီးရဲ့ပုံကို ဆွဲခဲ့တယ်”လို့ ပြောပြီး သမ္မတဘိုင်ဒင်ရဲ့လက်ထဲကို ပုံတူပေးလိုက်ပါတယ်။ သမ္မတကလည်း ပုံတူကို သေချာကြည့်ပြီးတော့ “ဓာတ်ပုံနဲ့တူလိုက်တာ…ကျွန်တော်နဲ့ တကယ်တူတာပဲ”လို့ တုံ့ပြန်ပြောကြားခဲ့တာကို တွေ့ရပါတယ်။

သမ္မတဘိုင်ဒင်က ဒီဗွန်ရဲ့ပန်းချီလက်ရာနဲ့အရည်အချင်းကြောင့် အံ့အားသင့်သွားတဲ့ပုံပါပဲ။ ဗီဒီယိုမှာ သမ္မတကြီး နောက်ထပ်ပြောထားတာက သူ့ရဲ့ဓာတ်ပုံတွေကို ဖန်တီးပေးဖို့ တစ်စုံတစ်ယောက်ကို ငှားရမ်းလိုပါတယ်တဲ့။ သမ္မတကြီးရဲ့စကားကို ဒီဗွန်က အခုလို ခွန်းတုံ့ပြန်ခဲ့ပါတယ်။ “ကျေးဇူးပြုပြီး ကျွန်တော်ကို ရွေးချယ်ပေးပါ။ ကျွန်တော် ဂုဏ်ယူမိမှာပါ”တဲ့။ သမ္မတဘိုင်ဒင်ကလည်း “ကျွန်တော်ရဲ့ရုံးက မင်းကို ခေါ်ရင်ခေါ်နိုင်ပါတယ်”လို့ ပြန်ပြောခဲ့ပါတယ်။

ဒီဗီဒီယိုနဲ့အတူ ဒီဗွန်က သမ္မတဂျိုးဘိုင်ဒင်ရဲ့ပုံတူ ရေးဆွဲခွင့်ရတာ တကယ်ကို ဂုဏ်ယူစရာကောင်းပြီး အိပ်မက်တစ်ခု အမှန်တကယ်ဖြစ်လာခဲ့တယ်” ဆိုတဲ့ စာသားကိုလည်း ရေးသားထားပါတယ်။ ဒီဗွန်က ဒီဗီဒီယိုကို မနေ့က တင်ခဲ့တာပါ။ သမ္မတနဲ့ သူ ဘယ်လိုတွေ့ပြီး ပုံတူ ဆွဲပေးဖြစ်ခဲ့လဲဆိုတာကိုတော့ မသိရပါဘူး။
ဒီဗွန်က မြေအောက်ရထားစီးနေတဲ့သူတွေရဲ့ပုံတူကို ဆွဲပြီး ပေးလေ့ရှိတဲ့အပြင် ဂျိမ်းစ်ဘွန်းမင်းသားကြီးအဖြစ် လူသိများတဲ့ ပီယာ့စ် ဘရော့စ်နန်နဲ့ The Rock အပါအဝင် နာမည်ကြီးဆယ်လီတွေရဲ့ပုံတူတွေကိုလည်း ရေးဆွဲဖြစ်ပါတယ်။
Ref: Ndtv “”It Looks Like A Photograph:” Joe Biden Is Mighty Impressed With Artist Who Drew His Portrait”
WL ( ရိုးရာလေး )